Monday, 30 March 2020

မွေးနေ့လက်ဆောင်.....

I love you all......



မွေးနေ့လက်ဆောင်လို့ ခေါင်းစဉ်တပ်ပြီး ကျွန်မစာဖတ်သူတွေကို တကယ်လက်တွေ့မွေးနေ့လက်ဆောင်မပေးနိုင်တာကို ခွင့်လွှတ်ပါ....။ ၁၇.၃.၂၀၂၀ က ကျွန်မအသက် (၄၅)ပြည့်တဲ့ မွေးနေ့...။ ကျွန်မက မွေးနေ့မှာ သူများဆီက လက်ဆောင်ရတာထက် ကိုယ်ကပဲ လက်ဆောင်ပြန်ပေးချင်တာ...။ ပေးကမ်းစွန့်ကျဲခြင်းစိတ်ဓါတ်လေး မွေးရာပါပါလာခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကို အရမ်းကျေနပ်အားရမိတယ်...။ မှတ်မိနေသေးတယ် ကျွန်မ သုံးလေးတန်းအရွယ်လောက်က အရမ်းနွမ်းပါးတဲ့ သူငယ်ချင်းတစ်ယောက်ကို မုန့်ဖိုးတွေခိုးခိုးပေး စားစရာတွေခိုးခိုးပေးတတ်တာ ...အဖွားအလစ်မှာလေ....။ အဲဒီကောင်မလေးခုမရှိတော့ဘူး ကြာပြီဆုံးသွားတာ...။ ခုချိန်ထိလည်း ရုံးက ကလေးတွေကို ကိုယ်မဝတ်ချင်တော့တဲ့ မတော်တော့တဲ့ ကောင်းမွန်သေးတဲ့အဝတ်အစား အသုံးအဆောင်တွေကိုဆို သိပ်မတွယ်တာတော့ဘဲ ပေးပစ်လိုက်တာများတယ်...။ ကျွန်မက အစားအစာဖြစ်ဖြစ် အသုံးဆောင်ပစ္စည်းပဲဖြစ်ဖြစ် မကောင်းရင်ဘယ်တော့မှသူများမပေးဘူး အမှိုက်ပုံးထဲပဲထည့်ပစ်တာ သူများကိုပေးတဲ့ပစ္စည်းဆို ကောင်းတာပဲပေးတယ် ...။ အိမ်မှာ ထမင်းကြမ်းပိုလို့မစားတော့ရင် ကြက်ဉနဲ့သေချာကြော်ပြီး ဗူးနဲ့ထည့်တစ်ယောက်ယောက်ကိုကျွေးလိုက်တယ်...။

ကျွန်မနှစ်စဉ်လုပ်ဖြစ်တာက မွေးလတစ်ခုပြီးသွားတိုင်း နောက်မွေးနေ့တစ်ခုမရောင်ခင် စုဗူးတစ်ခုထဲကို တစ်လငွေ ခုနှစ်သောင်းကျပ်တိတိထည့်စုပါတယ် တစ်နှစ်ဆို ရှစ်သိန်းလေးသောင်းရပါတယ် မွေးနေ့မတိုင်ခင် စုဗူးလေးဖောက်ပြီး အလှူဒါနတစ်ခုခုပြုခဲ့တာ လေးငါးခြောက်နှစ်လောက်ရှိပြီ ဟိုး...အရင်တုန်းကတော့ အဲလိုမစုပေမယ့် မွေးနေ့ကိုတော့ အလှူတစ်ခုခုပြုခဲ့မြဲပါ...။ မနှစ်ကစုငွေတွေ သက်ကြီးရွယ်အိုတွေကို တစ်ယောက်နှစ်သိန်းဆီလှူခဲ့တယ်... လေးယောက်စာတော့ရတယ်လေ...။ အဲထဲမှာ အမေကိုလည်းကန်တော့ခဲ့တယ်....။ အမေနဲ့ တခြားသက်ကြီးတစ်ယောက်ကိုလှူပြီး ပိုတဲ့ငွေကို ကျွန်မတို့ သိက္ခာထပ်ပေးတဲ့ ဉီးဇင်းကျောင်းမှာ အာရုံဆွမ်းကပ်ခဲ့ရတယ်...။ ပြီးတော့မနှစ်ကမွေးနေ့မှာ ကျွန်မ ဆေးတက္ကသိုလ်(၁)မှာ ခန္ဓာကိုယ်အလှူပြုခဲ့တယ်လို့ပို့စ်ရေးဖူးခဲ့ပါတယ်...။ ဒီနှစ်တော့ သီတဂူဆရာတော်ကြီးရဲ့ ရေအလှူမှာပါဝင်ချင်ပါတယ်...။ မြောက်ဒဂုံက ဆရာတော်ကြီးရဲ့ ဗုဒ္ဓတက္ကသိုလ်မှာ သွားလှူရမှ....လကုန်သွားလှူမယ်လို့ မှန်းထားပေမယ့် အခုအခြေနေအရဆိုရင် သွားမလှူဖြစ်ဖို့များတယ် အဲဒီအတွက် တခြား COVID 19 စောင့်ကြည့်တွေနဲ့ ဆေးရုံတွေကိုလှူဖို့ စိတ်ကူးတယ်...။

ငယ်ငယ်တုန်းက ကျွန်မတို့အိမ်မှာ မွေးနေ့လုပ်ရင် အဖွားကမကြိုက်ဘူး အဖွားတို့က ဗီယက်နမ်ဆိုတော့ ကွန်မြူနစ်တွေလေ ကွန်မြူနစ်ဆန်တာတော့ မဆန်းပါဘူး...။ တစ်သက်လုံးမှာ မွေးနေ့ကိတ်လှီးရတာ ငါးကြိမ်တောင်မပြည့်ခဲ့ဘူး...။ မနှစ်တုန်းက ကျွန်မကို မွေးနေ့ စပရိုက်တိုက်ဖူးခဲ့တယ် အချစ်ဆုံးတစ်ယောက်ကပေါ့...။ ကျေးဇူးတင်ပါတယ်...ဒါပေမယ့် ဒီနှစ်တော့ ထပ်မလုပ်ပေးတော့နဲ့လို့ တောင်းဆိုထားတယ် ကိုယ့်အသက်အရွယ်နဲ့ အဲလိုမလုပ်ချင်တော့ဘူး ကလေးအလုပ်လို့လဲထင်(မြင်)နေမိတယ်။ သူများတွေတော့ အသက် ၆၀၊ ၇၀ လုပ်နေကြတာပဲလို့ပြောလဲ ကိုယ်ကမှမကြိုက်တော့တာ စိတ်မပါရင် လေတောင်မချွန်ဘူးဆိုတဲ့ လူစားမျိူးလေ တခါတလေ ကျွန်မလည်း ကွန်မြူနစ်သွေးပါနေတာပါလားလို့ တွေးမိ....။

ခုလိုမွေးနေ့ရောက်တော့ ကိုယ်နဲ့မွေးနေ့တူ ကိုကြီးအောင်သာငယ်တို့ ညီမလေးခေါင်ခေါင်တို့ ညီမလေးတင်ထက်ဗိုတို့ ပေါက်စီတို့ကိုသတိရတယ်။ ကိုကြီးတို့ ညီမလေးတို့အားလုံးကိုလည်း စိတ်ကောင်းစေတနာနဲ့ပြည့်စုံတဲ့သူဖြစ်ပါစေ....။ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်....။

ps :  ဒီနှစ်စုဗူးဖေါက်တာ နှစ်လစာမထည့်ထားလို့ ၇သိန်းတိတိပဲရတယ်...။ အကုန်လှှူပစ်လိုက်တယ်... ရေအလှူ အသက်ရှူစက်အလှူ သက်ကြီးဆေးအလှူ ပြီးတော့ စာဖြေကိုယ်တော်တွေအတွက် ဆွမ်းကပ်တယ်...ဒီနှစ်မွေးနေ့အလှူကတော့ ဒါပါပဲ အားလုံး သာဓုခေါ်နိုင်အောင်လို့ပါ... :)

မိုးငွေ့

1 comment:

မီးမီးငယ္ said...

Happy Birthday Dear!!!
စိတ်၏ချမ်းသာခြင်း
ကိုယ်၏ကျမ်းမာခြင်းများစွာနဲ့
ပြည့်ဝနိုင်ပါစေ...
with love
MeeMee