Friday, 3 April 2020

အဝါရောင် နွေအဟောင်းများသို့.....




ဇာတိရဲ့ ကဗျာလေးလိုပေါ့
ချစ်ရပါသော မျက်ဝန်းညိုလေးရေ
ကျွန်တော်တို့ တစ်နေရာတည်း အကျယ်ကြီးဝေးတယ်....

ဒီတစ်နွေမကုန်ခင်တော့
ကျွန်တော်အဝေးကြီးကို ထွက်သွားတော့မယ်
ကျွန်တော်တို့ ရင်းနှီးဖူးကြတယ်
ဒီလောက်ပါပဲ

ခင်ဗျားဟာ အခုရွာနေတဲ့ မိုးပြေးလေးပါပဲ
ပြီးတော့
ကျွန်တော်ကတော့ ခင်ဗျားမသွားဖြစ်တဲ့ ခရီးလေးပေါ့...။


`````````````````

အခု ကိုယ်သတိရနေတာ
အခု မင်းမဟုတ်ဘူးကွဲ့...
"အတိတ်က....မင်း"
ဟိုး...အတိတ်တွေထဲက မင်း


``````````````````

အချစ်ဆုံးဆိုတာဟာ
ကိုယ့်ဆီမှာ ဖြစ်ထွန်းပြီး ကိုယ်ရှိရာ အရပ်မှာ ရွာမချတဲ့
ကိုယ်ခဏခဏငေးကြည့်မိပါသော
အဖြူရောင်တိမ်တိုက်လေးသာ ဖြစ်ရတယ်....။


``````````````````

ကျွန်တော်က အစွဲအလမ်းကြီးတယ်
ပြီးရင် သတိလည်းကောင်းတယ်...
လျှောက်ခဲ့တဲ့ လမ်းတွေကို ပြန်လှည့်မကြည့်တတ်ပေမယ့်
ကျောပေးရက်နဲ့ကို ပြန်မြင်နေရတဲ့ မှတ်ဉာဏ်တွေရှိတယ်
တစ်ခါတစ်ခါကျ အကြောင်းမဲ့
အကျယ်ကြီး အော်ရယ်မိတယ်
တစ်ခါတစ်လေကျလည်း တိုးတိုးလေး ဝမ်းနည်းနေတတ်တယ်
တစ်ယောက်တည်းပေါ့....။
ကျွန်တော်ဟာ အဲဒီလို ထိလွယ်ရှလွယ် ရော်ရွက်ဝါလေးပါ
တစ်စုံတစ်ယောက်ကို အရမ်းသတိရမိတဲ့အခါတွေ ရှိပေမယ့်
တစ်ယောက်ယောက်ကို ပြန်လာစေချင်တာမျိုးရယ်တော့
မရှိတော့ဘူး....။
တကယ်တမ်းက ကျွန်တော်တစ်စုံတစ်ခုကိုပဲ ပြန်လိုချင်တာပါ
ထိုက်တန်တယ်ထင်ပြီး အိတ်သွန်ဖာမှောက် ပုံအောလိုက်တဲ့
ကျွန်တော့်ချစ်ခြင်း မေတ္တာပေါ့....။


`````````````````````

ယုံပါ
ကိုယ်ရေးဖြစ်တဲ့ သတိရခြင်းစာစုတွေဟာ
မင်းကို ရည်ရွယ်တာ ဖြစ်ကြောင်းပေါ့
လောကဓံက ထင်တာထက် ပိုရက်စက်ပါတယ်
မိုးတွေ မရွာပါဘဲ
ကျွန်တော့်ကို သူရှာမတွေ့ခဲ့ပါဘူး....။

ပြန်မလာချင်သူအဖို့
အမှတ်တရတွေဟာလည်း ဘယ်လိုမှ
အသုံးမဝင်နိုင်တော့ပါဘူး...။
သူက ကျွန်တော်နဲ့ဝေးရာကို ပြေးသွားတယ်
နောက်ပိုင်း
ကျွန်တော်လည်း သူနဲ့ဝေးရာ ပြေးခဲ့ရတာပါပဲ
မှားပါတယ်
အဝေးကြီးမှာ လွတ်မြောက်ခြင်းကို မတွေ့ခဲ့ပါဘူး
သူရယ်
ကျွန်တော်ရယ်
သတိရခြင်းတွေရယ်
နောင်တတရားရယ်။

စိတ်ဒဏ်ရာဟာ မီးတောင်တစ်ခုလိုပဲ
ဘယ်အချိန်ထပေါက်ကွဲမလဲဆိုတာမျိုး
ဘဝကလည်း အမြဲတမ်းချောက်ကမ်းပါးစွန်းမှာ
အိပ်မက်အသေတွေ ဖက်ပြီး
ခုန်ချပစ်ချင်စရာ..။


``````````````````

နှစ်ကာလတွေ အများကြီး
သတိရနေခဲ့ရတာ.....
တစ်ခါတစ်လေတော့လည်း ကြားချင်ပါတယ်
သတိရပါတယ်ဆိုပြီး
အဝေးကြီးက လွင့်လာတဲ့ အသံလေးကို....


```````````````

မှတ်မှတ်ရရ ပြောရရင်
ကျွန်တော်တို့ Couple shirt မဝတ်ဖူးဘူး
နှစ်ယောက်တွဲပြီး ဓါတ်ပုံမရိုက်ဖူးဘူး
ပြီးရင်
အချို့ အချို့ Relationship တွေမှာ ရှိလေ့ရှိတဲ့
အမှတ်တရမျိုး မရှိသလောက်ရှားပါတယ်
ဒါပေမယ့်လည်း
ကျွန်တော်တို့ အမှတ်တရတွေက ရင်ထဲမှာ ရှိနေဆဲပဲ
အဖြစ်အပျက်တွေ
ဘဝအချိုးအကွေ့တွေ
အချို့က အမည်းစက်တွေ အမှားတွေ

တစ်ချိန်မှာ ပြန်ထွက်သွားမှာကို သိသိနဲ့
သူ ကျွန်တော့်ဘဝထဲ ပြေးဝင်ခဲ့တယ်
တစ်ချိန်မှာ ပြန်လက်လွှတ်ရမှာ သိသိကြီးနဲ့
ကျွန်တော်လည်း ဖက်တွယ်ခဲ့မိတာပါပဲ
ပိုင်ဆိုင်ခဲ့ဖူးသလိုလိုနဲ့
ဘယ်တုန်းကမှ တစ်ယောက်ကို တစ်ယောက်
မပိုင်ဆိုင်ခဲ့ကြဘူး
ကြေကွဲဖွယ်အတိ။

အချစ်ကဆန်းပါတယ်
တစ်ရက်လောက် ပိုချစ်ရ ချစ်ရဆိုတဲ့ စိတ်မျိုးနဲ့
ကိုယ့်ဒဏ်ရာတွေ ကိုယ်ဖန်တီးခဲ့ရတာ ပျော်ပါတယ်...။


````````````````````

ကျွန်တော့် ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းဆိုတာ
ခင်ဗျားမျက်ဝန်းထဲက ရာသီဉတုပါပဲ...


````````````````````

စိတ်မကောင်းစရာပဲ
တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားတဲ့ကြားကနေ
နွေဉီးဟာ ကျွန်တော့်ဆီက ခုန်ထွက်သွားခဲ့....။


@@@@@@@@@@


မိုးတွေရွာတဲ့အခါ
နှင်းတွေကျတဲ့အခါ
ရွက်ဝါတွေ ကြွေတဲ့အခါ
တစ်ယောက်ယောက်ကို စူးစူးနစ်နစ်သတိရပစ်ဖို့ပေါ့....

ခင်ဗျားတို့လည်း အကျအရှုံးများတဲ့ ချစ်ခြင်းမေတ္တာနဲ့ လွဲပါစေပေါ့....။

#စပ်ခွန်ဇ
#ခင်ဗျားကို ကျွန်တော်ချစ်တယ်......


မိုးငွေ့


1 comment:

စံပယ္ခ်ိဳ said...

ရောက်ခဲ့ပြီ။