မတတ်နိုင်ခဲ့ဘူး
မိုးတွေ မရွာဖို့ရယ်
သတိမရဖို့ရယ်
တစ်ယောက်တည်းဆိုတဲ့ အတွေးကနေ
ထွက်ပြေးဖို့ရယ်...။
`````````````
တစ်ခါလောက်တော့ ဝန်ခံကွယ်
တိုးတိုးတိတ်တိတ်ဖြစ်ဖြစ်ပေါ့
ကိုယ့်ကို တစ်ခါက သိပ်ချစ်ခဲ့ဖူးတယ်ဆိုတာမျိုး...။
`````````````````
အချိန်အခါမဟုတ် မင်းရှိတဲ့ မြို့လေးမှာ မိုးတွေ ရွာတဲ့အခါ
ကိုယ့်သတိရခြင်းတွေ ငွေ့ရည်လာဖွဲ့တယ်လို့ တွေးပါ...
``````````````````
မနက်ဖန်ဆိုတာတော့ သိပ်ဝေးလွန်းပါတယ်
မသေခင်လေးတော့ မင်းကို သတိရရမှာပဲ....
`````````````````
ကျွန်တော်ဟာ တိမ်တွေလိုပါပဲ
အချိန်တန်ရင် လွင့်ပါးပျောက်ကွယ်ပေးရမှာ
ခင်ဗျားကမ္ဘာလေး သာယာဖို့
ကြည်ကြည်လင်လင်ရှိဖို့....
`````````````````
ချစ်ခြင်းမေတ္တာဟာ
နေရာကွက်ကျားရွာတတ်တဲ့
မိုးပြေးလေးပဲ ဖြစ်မှာပါ...
ကျွန်တော်ကတော့
မိုးခေါင်ရေရှား ရပ်ဝန်းလေးပေါ့...။
`````````````````````
ခင်ဗျားကလွဲရင် ဘာမှသိပ်မက်မက်မောမော
ပြန်မလိုချင်တဲ့ ဘဝမျိုးမှာ ကျွန်တော်နေထိုင်ပါတယ်...။
````````````````````
ပင်လယ်ကြီး ခြားစရာမလိုပါဘူး
မိုင်တိုင်တွေလည်း ထောင်မချီပါဘူး
"လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ...."
အစရှိသဖြင့်ပေါ့...
Blacklist ထဲမှာတင် ဘဝအဆက်ဆက်ဝေး...။
`````````````````````
ကျွန်တော်ဟာ ဘယ်သူစိုက်လို့ပဲပွင့်ပွင့်
ရနံ့ကို ခင်ဗျားတစ်ယောက်သာ ရစေလိုသော
ပန်းတစ်ပွင့်ဖြစ်ချင်တယ်...။
``````````````````````
မိုးဉီးကျမှ ပိတောက်တွေ အလုအယက်ထပွင့်တယ်
ပျော်ပါတယ်
မင်းလည်း နောက်ကျမှ
ကိုယ့်ဆီ ပြန်ရောက်မလာဘူးလို့ ဘယ်သူပြောမလဲ
ဒါပေမဲ့
ပြန်လာဖို့ပဲ လိုတာပါ
ကိုယ်ဆိုတာ မင်းဘယ်တော့မှ
အိမ်ပြန်နောက်ကျမှာ မဟုတ်သော ဇာတိမြို့လေးပေါ့
ပြန်လာတိုင်း နွေးထွေးနေမှာပါပဲလေ....။
@@@@@@@@@@
မိုးတွေရွာတဲ့အခါ
နှင်းတွေကျတဲ့အခါ
ရွက်ဝါတွေ ကြွေတဲ့အခါ
တစ်ယောက်ယောက်ကို စူးစူးနစ်နစ်သတိရပစ်ဖို့ပေါ့....
ခင်ဗျားတို့လည်း အကျအရှုံးများတဲ့ ချစ်ခြင်းမေတ္တာနဲ့ လွဲပါစေပေါ့....။
#စပ်ခွန်ဇ
#ခင်ဗျားကို ကျွန်တော်ချစ်တယ်......
မိုးငွေ့
No comments:
Post a Comment