Thursday, 18 September 2025
မရတော့ဘူး.....
Monday, 15 September 2025
မိုးငွေ့....
ခါတိုင်း ကျနော်ပို့စ်တစ်ခုတင်တိုင်း အဆုံးသတ်မှာ မိုးငွေ့ဆိုပြီး ရေးလေ့ရှိတယ်.... ဒီဖက်နှစ်မှာ သတိထားမိကြလားမသိ ကျနော်ပို့စ်တင်ရင် အောက်မှာ မိုးငွေ့ ဆိုတာမရေးတော့ဘူး....။ ဘလော့ခေါင်းစည်းကအစ "မိုးငွေ့နှင့်အတူ"မဟုတ်တော့ဘဲ "Silent is the power" ဆိုပြီး ပြောင်းထားတယ်....။ အခု လွန်ခဲ့တဲ့ လေးငါးလလောက်က ပို့စ်အဟောင်းတွေကို ပြန်ဖတ်ရင်း အော် ငါ မိုးငွေ့ဆိုတာကိုအောက်မှာမရေးဖြစ်တော့တာကြာပြီပဲလို့ သတိပြန်ထားမိတယ်...။ ဒီလိုနဲ့ ကျနော် မိုးငွေ့ဆိုတဲ့ နာမည်ကိုတောင် မေ့နေပြီလို့ဆိုတာက ကျနော့်ကို "ဟေ့ မိုးငွေ့" "ဒေါ်မိုးငွေ့" "မိုးငွေ့" "မိုးငွေ့" "မိုးငွေ့" "မိုးငွေ့".... ဆိုပြီး ခေါ်ခေါ်တတ်တဲ့ သူတစ်ယောက်ကို မေ့ချင်လို့ပါ.....။ အခု အဲအကြောင်းအရင်းကို ပြန်သတိရတော့လဲ သူ့ကို သတိရလိုက်တာနဲ့တူတူပဲဖြစ်သွားရော....။
ဆိုတော့ မိုးငွေ့ဆိုတဲ့ နာမည်ကို ခနမေ့ထားရုံသက်သက်ပါပဲ ကျနော် အဲနာမည်ရဲ့ဖြစ်တည်မှုအစကို ဘယ်တုန်းကမှမမေ့ဖူးသလို ကြုံကြိုက်တိုင်းလဲပြောဖြစ်ပါတယ်...။ မဟုတ်ရင် ကျနော် စာရေးတဲ့ ကလောင်နာမည်သပ်သပ်ရွေးနေရဦးမှာ....။ အခုတော့ ဘလော့နာမည်လေးက အလိုလိုနေရင်း ကျနော့်နာမည်လေးဖြစ်သွား....။ အရင် ဘလော့ခေတ် စည်ကားခဲ့စဉ်တုန်းကတော့ ဘလော့ဂါတွေက ကျနော့်ကို မိုးငွေ့ မမိုး မမိုးကြီး မိုးကြီး မမငွေ့ ငွတ်ငွတ် ငွေ့ငွေ့ နဲ့ စုံအောင်ခေါ်တတ်ကြတာ...။ အဲလိုပျော်စရာအချိန်တွေ ပြန်မရနိုင်တော့ဘူး သတိရပါတယ် ဘလော့မောင်နှမတွေအားလုံးကို....။
Thursday, 11 September 2025
လွမ်းနေရုံသက်သက်.....
ဒီသီချင်းကို ကျနော် TikTok မှာတွေ့တာ.... အဲသီချင်းလေးနဲ့ဆော့ကြတာ နားထောင်ကောင်းလိုက်တာ လွမ်းစရာကောင်းတဲ့ သီချင်းလေးပေါ့...။ အဆိုရှင်က C Drone တဲ့ တခါမှမကြားဖူးဘူး သူ့အသံက ကိုကြီးငဲတို့လို tone မျိုး ....။ သီချင်းအဆိုကောင်းတယ် you tube မှာ သွားရှာတော့ အရှေ့မှာ ဟဲလေးနဲ့ရင့်အောင်တို့ ဖြိုးပြည့်စုံတို့ ဆိုထားခဲ့ဖူးတဲ့ ပေါက်ပြီးသားသီချင်းတစ်ပုဒ်ဖြစ်တဲ့ "အချစ်ဦး"ကို ဆိုပုံလေးနဲနဲပြောင်းပြီး ပြန်ဆိုထားတာလေးလည်းကောင်းတယ်...။ အဲတစ်ပုဒ်ပါ ကျနော်အောက်မှာတင်ပေးထားပါတယ်...။
ကျနော် ပုဂံသွားခဲ့တုန်းက ရုပ်ရှင်မင်းသားဒေါင်း ဇာတ်ဝင်ခန်းတစ်ခန်းသွားရိုက်ခဲ့ဖူးတဲ့ ဧရာဝတီ မြစ်ကမ်းနဘေးက ရွှေကွန်ချာဘုရားမှာ ကျနော် C Drone ရဲ့ လွမ်းနေရုံသက်သက်သီချင်းလေးနဲ့ တစ်တော့ဆော့ထားသေးတယ်...။ ကျနော်က အဲသီချင်းသိလို့ထည့်လိုက်တာမဟုတ်ဘူး ကျနော့်ဗီဒီယိုနဲ့လိုက်ဖက်တဲ့ သီချင်းကို တစ်တော့ကရွေးပေးတော့ အဲသီချင်းလေးသဘောကျပြီးသုံးလိုက်တာ...။
Monday, 8 September 2025
Bagan Old City.....သို့အလည်တစ်ခေါက်
Monday, 1 September 2025
အထီးကျန်.....
ကျနော်မှတ်မိသလောက်တော့ "အထီးကျန်"က မိုးမိုး ဆိုတာထားတဲ့သီချင်းလည်းရှိတယ်...။ မိုးမိုးဆိုထားတဲ့ မူရင်းသီချင်းလေးကို Chorus အပိုဒ်ယူပြီး ပြန်ဆိုတာလည်း ကျနော်သေချာမသိဘူးဗျ...။ ထားပါတော့ စိုင်းစိုင်းရဲ့ 2019 မှာလုပ်သွားတဲ့ ရှိုးမှာတော့ သူပြောတာ သူ့ဘဝမှာတကယ်အမှတ်တရပါပဲ သီချင်းအကြောင်းအရာကို တွေးပြီး ရေးတာရော တီးတာရော 24နာရီအတွင်းပြီးသွားတဲ့ သီချင်းတစ်ပုဒ်လို့ပြောဖူးတယ်...။ စိုင်းစိုင်းထည့်ထားတဲ့ စာသားတွေက တကယ်လန်ထွက်အမိုက်စားစကားလုံးကြီးတွေပဲ အဲဒါလေးတော့ ဘစိုင်းကိုတကယ်လေးစားတယ် စကားလုံးတွေက တစ်ပုဒ်နဲ့တစ်ပုဒ်ထပ်မသွားဘူး...။ သီချင်းတိုင်း စကားလုံးတွေကို ပန်းလေးတွေလိုပဲ လှလှပပလေးတွေ လေးလေးနက်နက်လေးတွေနဲ့ ကြွယ်ဝစေတယ်...။
ခုဒီပို့စ်မှာ ကျနော် အဓိကနားထောင်စေချင်တာက ပြီးခဲ့တဲ့ မေလက ကိုမျိုးကျော့လုပ်သွားတဲ့ မေ 31 Live Show မှာ ကိုမျိုးကျော့ စိုင်းစိုင်းခမ်းလှိုင်နဲ့ ကောင်းမြတ်တို့ ပြန်ဆိုထားတာလေးပါ....။ စိုင်းစိုင်းရဲ့ Rap စာသားတွေကို ကောင်းမြတ်လေးက ဖီးလ်ပြီးဆိုထားတာလေး ဒီအပိုဒ်ကို ငါဆိုချင်တာကွာ ဆိုတဲ့ ပုံစံမျိုး သိတယ်မလား...။
🎵 အလွမ်းတွေနဲ့အဆွေးတွေနဲ့ ငါဘယ်လိုရင်ဆိုင်ရမလဲ 🎵
🎵 မင်းမရှိဘဲ ဒီလူ့ဘဝထဲငါမနေတတ်ဘူး ချစ်သူရယ် 🎵
🎵 နာကျည်းတတ်တဲ့ စိတ်နစ်ခုကို ငါရချင်တယ် 🎵
🎵 ခွင့်မလွှတ်တဲ့ စိတ်တစ်ခုကိုငါရချင်တယ် 🎵
Thursday, 28 August 2025
အဝေးကြီးပဲ.....
ကိုမျိုးကျော့ရဲ့ "အဝေးကြီးပဲ" သီချင်းက Rap & Roll (Virus-3) အခွေထဲကတစ်ပုဒ်...။ 1994 က တိတ်ခွေခေတ်ပဲရှိသေးတော့ အခွေလို့ပဲသုံးလိုက်တယ် အယ်လ်ဘမ်တွေဘာတွေပြောလို့မရသေးဘူး...။ အဲတုန်းက အဲသီချင်းလေးနားထောင်ပြီး စိတ်ကူးယဉ်လို့ကောင်းတဲ့အရွယ်ပေါ့....။ ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်ဖို့ စောင့်နေတဲ့အချိန် သင်တန်းတွေ လျှောက်တက်နေရတဲ့အချိန် အပူအပင်ကင်းမဲ့နေတဲ့အချိန်တွေပေါ့...။
ကြိုက်တယ် အဲသီချင်းလဲ ကျနော်က ကိုယ်ကြိုက်တဲ့သီချင်းဆို မျက်စိမှိတ်နားထောင်ရင်း စိတ်ကူးထဲ အဲသီချင်းနဲ့ လိုက်ဖက်မယ့် MV လေးကို အမြဲစိတ်ကူးမြင်ယောင်လေ့ရှိတယ်...။ တကယ်တမ်း ဒီသီချင်းကို MV အတွက် အဲဖက်ခေတ်က ဘာမှမရိုက်ထားကြပေမယ့် နောက်ပိုင်းပရိတ်သတ်တွေပဲ သူတို့ဘာသာ စာသားထည့် အရုပ်ထည့်ပြီးတင်ကြတာရယ် ကိုမျိုးကျော့ live show တွေမှာဆိုတာတွေရယ်ပဲတင်ထားကြတာ မူရင်းကတော့ Audio only ပဲတွေ့တယ်...။
Monday, 25 August 2025
ဆက်သွယ်မှု ဧရိယာပြင်ပ.....
Thursday, 21 August 2025
ဆွေး.....
ဒီသီချင်းလေးကို ခုမှ သုံးယောက်ဆိုထားမှန်းသိသလို အရင်က ရွှေထူးဆိုတဲ့ Rapping အပိုင်းလေးကိုပဲ tiktok မှာနားထောင်ဖူးတာ...။ ရွှေထူး ရွှေမှုန်ရတီ ငွေမှုန်ရတီ တို့ ဆိုထားတဲ့ ဆွေး...အဲသီချင်းလေးထွက်တာ နှစ်နှစ်လောက်ရှိပြီ....။ ရွှေမှုန်ရတီရဲ့အသံလေးကိုပိုကြိုက်တယ်... ပြည့်စုံတဲ့မိန်းကလေးဆန်ဆန် နူးနူးညံ့ညံ့အသံလေးတစ်ခု...။ အခု တစ်တော့မှာက ရွှေမှုန်ဆိုတဲ့အပိုင်းကို ဆော့ကြတာများတယ်...။
ဆွေး 🎶🎶
Monday, 18 August 2025
Dear Angel.....(23)
ချစ်သော အိန်ဂျယ်.....,
LTNS....
ကိုယ်အရင်တုန်းက တစ်ခါပြောပြဖူးတာ မှတ်မိသေးလား? အဲဒီလူတစ်ယောက်သေသွားရင် သူ့အသုဘကိုတောင် သွားမပို့ဘူးလို့ ပြောဖူးခဲ့တာလေ အဲတုန်းက ဒေါသစိတ်တွေက အကုသိုလ်စိတ်တွေဆိုတာ ကိုယ်နောက်ပိုင်းအဘိဓမ္မာလေ့လာတော့မှ အသေးစိပ်သိလာရတယ်...။ အဲဒီလိုစိတ်မျိုးကိုကြုံရတဲ့အခါ အမြဲတမ်းစိတ်ရော လူရော လွတ်လပ်ပေါ့ပါးအောင်နေလာတော့ လူတစ်ယောက်ဟာ သူ့ရဲ့ အတွင်းစိတ်ကို ချက်ချင်းထိန်းချုပ်နိုင်ဖို့အတွက် အင်မတန်ခဲယင်းပါလားလို့ သိလာရတယ်....။
တကယ်လက်တွေ့မှာ အဲဒီလူအနိစ္စရောက်တော့ ကိုယ်ကိုယ်တိုင် ဆေးရုံတက်တာကအစ နာရေးကိစ္စ ရက်လည် လလည်ကအစ လိုက်ပါကူညီဆောင်ရွက်ပေးခဲ့ရတယ်....။ အပြန်အလှန် စိတ်နဲ့ နှုတ်နဲ့ ပြစ်မှားခဲ့တာရှိရင်ခွင့်လွှတ်ပါတယ် ဘာမှအပြစ်မယူပါဘူးလို့လည်း ဘုရားရှိခိုးလို့ ခင်ပွန်းကြီးဆယ်ပါးကန်တော့တိုင်းဆုတောင်းဖြစ်တယ်...။ ကိုယ်သိလိုက်တဲ့ အသိတစ်ခုက ကံငါးပါးလုံခြုံနေတဲ့လူတစ်ယောက်ကို အမှတ်မထင်ဘဲဖြစ်ဖြစ် ရည်ရွယ်ချက်ရှိလို့ပဲဖြစ်ဖြစ် စော်ကားပြောဆိုခဲ့ရင် ခံရတဲ့ကာယကံရှင်က ဘာမှမသိလိုက်ပေမယ့်သူ့ရဲ့ အစောင့်အရှောက်ကငြိမ်မနေဘူးဆိုတာပဲ..။
ကိုယ်မှတ်မိနေသေးတယ် အာဏာမသိမ်းခင် တစ်လအလိုက လူတစ်ယောက်အဲလိုပဲ ကိုးဗစ်လိုလိုဘာလိုလိုနဲ့ အသက်ဆုံးသွားခဲ့တယ်...။ အဲဒီလူမဆုံးခင် နှစ်လအလိုက ကိုယ်နဲ့ရုံးမှာဆုံတယ်...။ သူကကိုယ့်ဘော့စ်ရဲ့အစ်ကိုအရင်းခေါက်ခေါက်....။ ကိုယ့်ကိုတွေ့တော့ "နင်ပိန်သွားလိုက်တာ"လို့စပြောတယ်...။ အဲဒီတစ်ခုလည်းပြောချင်တယ် ဗမာလူမျိုးတွေ လူတွေ့ရင် ပိန်တာ ဝတာကစပြီး ဘလိမ်းတဲ့စကားမဟုတ်ရင် တခြားဘာမှမပြောတတ်ကြတော့ဘူးလား....။ ဉပမာ ဒီနေ့ရာသီဥတုကောင်းတယ်နော် မတွေ့တာကြာလို့ နင်ကြည့်ကောင်းလာတယ် အလုပ်အကိုင်ဘယ်လိုလဲ စတဲ့ Positive thinking လေးဘာလေးမပြောတတ်မမေးတတ်ကြတော့ဘူးလား...။ ထားပါတော့ အဲဒါနဲ့ ကိုယ်လဲ "ဟုတ်တယ်ဦးလေးရေ သမီးကပြီးခဲ့တဲ့ ဝါတွင်း သက်သတ်လွတ်စားလို့ ဝိတ်နဲနဲကျသွားတာ"လို့ပြန်ဖြေတော့ ဘိုးတော်က ဘာပြန်ပြောတဲ့ထင်တုန်း...? "နင်က သက်သတ်လွတ်စားပြီး မဟုတ်တာလုပ်နေတယ်"တဲ့ ကိုယ်အဲစကားကြားတော့ ဒေါသထောင်းခနဲထွက်သွားခဲ့တယ် ဒါပေမယ့် ကိုယ့်ဒေါသတွေ အပြင်ထွက်မလာကြပါဘူး.... စိတ်ထဲကချက်ချင်းတုန့်ပြန်လိုက်မိတာက " ငါဟာ အခါတိုင်းအချိန်တွေထက် ကံငါးပါးကို ခါးဝတ်ပုဆိုးလိုမြဲအောင်နေနေတဲ့သူ ငါ့လိပ်ပြာငါအလုံဆုံးပဲ ငါ့ကိုဒီလိုမဟုတ်တမ်းလာစွပ်စွဲနေတာ ဒီအဖိုးကြီးကိုးဗစ်နဲ့မကြုံပါစေနဲ့" ဆိုပြီးတော့လေ ....။ အဲလိုနဲ့ နောက်နှစ်လကြာတော့ အဲဒီဦးလေးကြီး ကိုးဗစ်လိုလို သွေးတိုးလိုလို ဘာလိုလိုနဲ့ ICU ထဲမှာပဲ မျောပြီး အသက်ပြန်ပါမလာတော့ဘူး....။ ကိုယ်အဲအဖြစ်ကိုသိလိုက်တော့ ကိုယ့်ကိုယ်ကိုလန့်သွားခဲ့တယ်...။ ကိုးဗစ်ကာလနှောင်းပိုင်းဆိုပေမယ့် သူ့အသုဘကိုလဲ လိုက်မပို့ဘူး သူသေတာ ငါ့ပယောဂကင်းရဲ့လားလို့တွေးနေမိတယ်...။ ကိုယ်ကိုယ်တိုင် ဘာမှသွားလုပ်တာမဟုတ်ပေမယ့် အဲတုန်းကပြောခံလိုက်ရတဲ့ ဒေါသစိတ်ကြောင့် ဖြစ်သွားခဲ့တာလား သူ့ကံနဲ့သူ အချိန်တန်လို့ဖြစ်သွားတာလားဆိုတာ ဘုရားမှတပါးမသိနိုင်တော့ပြီ...။ အဲနောက်ပိုင်းမှ သီလမြဲတဲ့သူမှာ အစောင့်အရှောက်ရှိတယ်ဆိုတာကိုသိလာရင်း ကိုယ့်ဒေါသစိတ်လေးကို ထိန်းတတ်ရမယ်ဆိုတာလေး သတိချပ်မိတယ်...။
ခုရက်ပိုင်း ထစ်ခနဲဆို မကောင်းစိတ်တွေဝင်ဝင်နေတာ သတိထားမိတယ်....။ တစ်ခုခု ဒေါသစိတ်ဖြစ်မိတာနဲ့ အဲဒီလူကို မကောင်းတာဖြစ်ပါစေလို့ စိတ်ထဲကျိန်ကျိန်နေမိတယ်....။ အဲဒီစိတ်ကို အခုလောလောဆယ် ကြိုးစားထိန်းချုပ်နေရတယ်...။ Pisces တွေဟာ လက်ထဲတုန့်ပြန်စရာမလိုဘဲ စိတ်ကိုပဲ ညှင်းစဲပြီးသတ်လိုက်လို့ရတာရယ် တော်ရုံနဲ့တော့ အဲစိတ်ကထွက်မလာပါဘူး တော်ရုံနဲ့နော်...ဒါပေမယ့်သူတို့ကို ခနခန အနိုင်ကျင့်စော်ကားမယ်ဆိုရင် ငါးနှစ်ကောင်ဟာ သူတို့ဖွက်ထားတဲ့ ဆူးတောင်တွေအကုန်ထုတ်ပြီး ဆော်ပြီပဲ...။ အန္တရာယ်အများဆုံး ရာသီခွင်ထဲမှာပါတဲ့ သူတို့ရဲ့ အမှောင်ဖက်ခြမ်းတွေအလုပ်လုပ်ရင် သူများထက်ပိုကြောက်စရာကောင်းတယ်ဆိုတာ ကိုယ်တိုင်ကိုယ်ကျသိလာရတော့တယ်..။
အိန်ဂျယ်ရေ ဒီတစ်ခါ လာပြောပြတာကတော့ ပျော်စရာလည်းမဟုတ်ဘူး ဝမ်းနည်းစရာလည်းမပါဘူး... ကိုယ့်ရဲ့ စိတ်အခြေအနေသက်သက်ကိုပဲလာပြောတာ.....။
ဒီမိုးတွင်း ရာသီတုပ်ကွေးတွေ အရမ်းဖြစ်ကြတယ်
ကျန်းမာရေးဂရုစိုက်ပါ....
BYE!!!!
Still flying....
Still loving.....
Sunday, 17 August 2025
အထွေထွေဓမ္မမှတ်စုများ.....(၃၂)
နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ
နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ
ပူဇော်သမျှကိုခံယူတော်မူထိုက်သော အလုံးစုံသောတရားတို့ကို မဖောက်မပြန်
ကိုယ်တော်တိုင်သိတော်မူသော မြတ်စွာဘုရား ရှိခိုးကန်းတော့ပါ၏ဘုရား
꧁ ༺ ရောဂါ ဝေဒနာ | နေ့စဉ် ကိုယ့်စိတ်ကိုယ်စစ် စာမေးပွဲ variant 2 ༻ ꧂
* ☐ သဘာဝဖြစ်စဉ်အတိုင်း အိုနာသေကို ဦးတည်သွားနေတဲ့ ဒီရုပ်ခန္ဓာ ဖြစ်စဉ်ကြီးအပေါ်မှာ တွယ်တာမှု (ဥပါဒါန်) တွေ ရှိနေသေးလား။
* ☐(ရုပ်ဇာတိ) ရုပ်ဟာ ဖောက်ပြန်ပျက်စီးတတ်တဲ့ သဘော ဖြစ်လို့ ဖောက်ပြန်ပျက်စီးနေတာကို "ငါ့ရုပ်" လို့ အတ္တစွဲနဲ့ မကြည့်ဘဲ၊ "ရုပ်" သဘောသက်သက်လို့ ဉာဏ်နဲ့ ပိုင်းခြားနိုင်ပြီလား။ (ရုပ် ဖောက်ပြန်မှုတွေကို ခြောက်ပေခေါင်းထဲ ထည့်လိုက်)။
* ☐ သေရင်လည်းထားခဲ့ရမယ့် ရုပ်ကို အခုကတည်းက စိတ်နဲ့ ခွာပြီး အရင်စွန့်ထားလိုက်နိုင်ပြီလား။
* ☐ ခန္ဓာကိုယ်မှာ ဖြစ်ပေါ်နေတဲ့ ဝေဒနာတွေ၊ ရောဂါတွေအပေါ်မှာ အစွဲကင်း နိုင်ပြီလား။ ရောဂါဝေဒနာဟာ ရုပ်ခန္ဓာရဲ့ ဖောက်ပြန်မှု (အာရုံ) ကြောင့် စိတ်မှာ ဖြစ်ပေါ်လာတဲ့ ခံစားမှု (ဝေဒနာ) သာ ဖြစ်တယ်။ ပူလောင်မှု၊ ဆင်းရဲမှု အစစ်ဟာ ထိုဝေဒနာအပေါ် "ငါ နာတယ်"၊ "မခံနိုင်ဘူး" လို့ "အယူမှား" ပြီး တွယ်တာ/ပယ်ရှားလိုတဲ့ စိတ်ကြောင့် ဖြစ်တာလို့ ဉာဏ်မှာ ထင်ရှားပြီလား။ (မီးဟာလောင်တဲ့နေရာဟာ ဒီရုပ်ခန္ဓာကိုယ်ကြီးလား၊ စိတ်ခန္ဓာမှာလား။)
* ☐ ရောဂါ ဝေဒနာတွေ ဆိုးဝါးလာတဲ့အခါ ဝေဒနာကို အာရုံမစိုက်ဘဲ၊ ဝေဒနာကို မလိုချင်တဲ့စိတ်၊ မခံနိုင်တဲ့စိတ်၊ မဖြစ်ချင်တဲ့စိတ်၊ ရပ်ချင်တဲ့ စိတ် (ဒေါသ/တဏှာ) ပေါ်လာတာကို သတိထားမိပြီး၊ ဒီစိတ်တွေ ကိုယ်တိုင်ဟာလည်း "အာရုံအရိပ်သဖွယ်" သက်သက်ဖြစ်ပြီး "အတည်ယူစရာမရှိ" လို့ ရှုမှတ်ကာ လက်ခံပေးနိုင်ပြီလား။
* ☐ ကြောက်တဲ့စိတ်၊ ဆုပ်ကိုင်ထားတဲ့စိတ် (ဥပါဒါန်) ကြောင့် ရုပ်ပိုင်းဆိုင်ရာ တင်းကြပ်မှု ပိုဆိုးစေတတ်တာကို ဉာဏ်မှာ ထင်ရှားပြီလား။ ထိုကြောက်စိတ်၊ စွဲလမ်းစိတ်ကို "အာရုံအရိပ်သဖွယ်" အဖြစ် "အတည်မယူဘဲ" လွှတ်ချနိုင်ပြီလား။ အသက်ရှူကြပ်လာရင် ရှူချင်လွန်းတဲ့စိတ်ကို လျော့ထားပေးနိုင်ပြီလား။
* ☐ ရှင်သန်ချင်လွန်းတဲ့စိတ် (ဘဝတဏှာ) ကို လျော့ထားပေးနိုင်ပြီလား။ ဤစိတ်ကိုလည်း "အတည်မယူဘဲ" ရှုမှတ်နိုင်ပြီလား။
* ☐ သေရမှာကို ကြောက်တဲ့စိတ် (မောဟ/ဒေါသ) အစား၊ သေခြင်းတရားကို အနိစ္စ၊ အနတ္တ သဘောအဖြစ် ဉာဏ်နဲ့ လက်ခံပြီး စွန့်လွှတ်တဲ့စိတ်နဲ့ ရင်ဆိုင်နိုင်ပြီလား။
ဒီ စာမေးပွဲ ဟာ ရောဂါဝေဒနာနဲ့ သေခြင်းတရားကို ရင်ဆိုင်ရာမှာ မိမိရဲ့ တရားအားထုတ်မှု အခြေအနေကို ဆန်းစစ်ဖို့ အထောက်အကူ ပြုပါလိမ့်မယ်။ အရေးကြီးဆုံးကတော့ ရုပ်နာမ်ရဲ့ သဘာဝကို မှန်ကန်စွာ သိမြင်ပြီး၊ အစွဲကင်းစွာ နေထိုင်နိုင်ဖို့ ဖြစ်ပါတယ်။
ဝိမုတ္တိဉာဏ် ရရှိပါစေ ၊ ယောဂီ။
၂၀၂၅-၀၆-၀၈
Thursday, 14 August 2025
ရင်ဘတ်ကလူ.....
အမြဲတမ်း ရင်ဘတ်ထဲ
သိမ်းထားတဲ့ လူတစ်ယောက်တော့ရှိကြတယ်
အဲဒီလူဟာ ဟိုးအဝေးကြီးမှာ ဖြစ်နိုင်သလို
အနီးအနားမှာလည်း ဖြစ်ချင်ဖြစ်နေလိမ့်မယ်
မခေါ်ရလည်းဖြစ်တယ်
မတွေ့ရလည်းရတယ်
ပတ်သက်မှုဆိုတာထက်
ရင်ဘတ်ထဲကခံစားမှုတစ်ခုပါ
ချစ်တာမချစ်တာက ကျယ်ပြန့်တာမို့
မြတ်နိုးတယ်ပဲဆိုကြပါစို့
တကူးတကန့်ကြီး
နှုတ်မဆက်ဖြစ်ဘူး
တခါတရံလဲလနဲ့ချီပြီးစကားမပြောဖြစ်ဘူး
ပြောဖြစ်ရင်လဲခနလောက်ပဲ
သူနှစ်သက်တဲ့အရာတွေတွေ့ရင်
(အထူးသဖြင့် မိုးရွာနေရင်)
တကယ့်အခက်အခဲတွေနဲ့ကြုံရင်
သတိရလိုက်တယ်
ဒီလိုပဲရိုးရှင်းပါတယ်
အမြဲထုတ်မပြောဖြစ်တဲ့
ရင်ဘတ်ထဲကသိမ်းထားတဲ့
ကျနော်တို့ရဲ့တစ်စုံတစ်ယောက်ပေါ့
သေရာပါသိမ်းထားရမယ့် လူတစ်ယောက်ပေါ့😔
#crd
Tuesday, 12 August 2025
မြန်မာပြည်ကြီးနည်းအတူ အကျွန်ုပ်လည်းဖျားနာနေသည်.....
ရုပ်ပိုင်းဆိုင်ရာဖျားနာခြင်း
ခရီးကပြန်ရောက်ကတည်းက ပင်ပန်းပြီးနေမကောင်းဖြစ် ရုံးခွင့်တစ်ရက်ယူပြီးနားလိုက်ရတယ်...။ ပင်ပန်းတာရယ် ရာသီတုပ်ကွေးရယ်ဆုံသွားတာ....။ အိမ်မှာ ဇိမ်ခံနေသလောက် ခရီးထွက်လိုက်တာ ဟိုရောက်တော့မနားရဘဲ နှစ်ရက်ဆက်တိုက်အိမ်ရှင်းပစ္စည်းသယ်နေတာနဲ့ လူကထိသွားတာထင်တာပဲ ပြီးတော့ သောက်နေကျ immune တက်တဲ့ဆေးတွေတစ်မျိုးမှယူမသွားဖြစ်ဘူး အဲမှာ ဗိုင်းရစ်ကဝင်တော့တာပဲ...။
တကယ်က ပြင်ဦးလွင်မှာ ကိစ္စတစ်ခုအတွက် လက်မှတ်သွားထိုးရင်း ခရီးမထွက်တာကြာလို့ တစ်ပတ်လောက်နေမယ်ဆိုပြီး လေယာဉ်လက်မှတ်တောင်အသွားအပြန်ကြိုဖြတ်ထားတာ...။ အေးဆေးလဲနားရမယ်ထင်လိုက်တာ....။ သူဌေးတွေပါတော့ သူတို့နောက်လိုက်ရတာနဲ့ မနားရ...။ ကိုယ့်ဘာသာကိုယ်တစ်ယောက်ထဲဆို အလုပ်ကိစ္စပြီးတာနဲ့ ပြင်ဦးလွင်ထက် မန္တလေးမှာဆင်းပြီး စားချင်တာတနေကုန်လျှောက်စားမယ်တေးထားတာပဲ...။ မောင်ဘကြိုင်နဲ့တောင်တွေ့ကြမယ်ပြောထားသေးတာ နောက်တော့အလုပ်ရှိတာနဲ့ ရန်ကုန်အားချင်းပြန်လာရတာ...။ ဒီနေ့မှ နေပြန်ကောင်းလို့ အလုပ်ပြန်တက်....။
ပြီးတော့ ကျနော်က အေးတဲ့ရာသီမကြိုက်တဲ့သူ ပြင်ဦးလွင်မှာသိပ်တော့မအေးပါဘူး အနွေးထည်ပါးပါးတောင် ခနလေးပဲဝတ်ရတာ...။ မိုးအုံ့အုံ့ ခြောက်ကပ်ကပ်နဲ့ မန်းလဲအတူတူပဲ သူကရန်ကုန်မှာမိုးအုံ့တာနဲ့မတူဘူး...။ ရန်ကုန်မှာက စိုစိုပြေပြေလေးရှိသေးတယ်....။ ကျနော်တောင်ပေါ်ဒေသမှာမွေးပေမယ့် ရန်ကုန်ရာသီဥတုကိုပဲကြိုက်တယ် ကမ်းခြေဒေသကိုပဲနှစ်သက်တယ် ပင်လယ်ကမ်းစပ်မှာနေရတာကိုပဲ မွေ့လျော်တယ်...Pisces ငါးလေးမို့ထင်တယ်...။
ဒီတစ်ခါဖြစ်ကြတဲ့ တုတ်ကွေးက တော်တော်ခံရခက်တယ် တစ်ကိုယ်လုံးညောင်းပြီးနာကျင်ကိုက်ခဲ ခေါင်းပါကိုက်တာ မျက်လုံးတွေထဲက အပူတွေထွက်....။ ဆေးရုံဆေးခန်းတွေဆိုသည်မှာလည်း လူတွေကြိတ်ကြိတ်တိုးနေတာ အော် ငါတို့တိုင်းပြည်ကြီးအကုန်ဖျားနာနေကြတာပါလား...။ အရူးခုံပေါ်တက်ထိုင်လိုက်တာနဲ့ အဖက်ဖက်ဒေါင့်ပေါင်းစုံက ထိခိုက်နစ်နာမှုတွေ တစ်တိုင်းပြည်လုံးမီးခိုးကြွက်လျှောက် လိုက်တာ လိုက်တာဆိုတာ...။
ကျနော်ကတော့ ထုံးစံအတိုင်း Antibiotic တွေသောက်ရတယ် ဗိုက်တာမင်စီတွေသောက်ရတယ် ကျန်တဲ့နေ့စဉ်သောက်နေကျ ဗိုက်တာမင်ဒီနဲ့ ငါးကြီးဆီတွေကတော့မပါမဖြစ်ပေါ့....။ လက်ဖက်ခြောက်သံပုရာသီးခတ်အရည်ပူပူလေးသောက်တယ် ကြက်ဥစားတယ်...။ ဒီလောက်ပါဘဲ အခုတော့ လန်းနေပါပြီ... 😍
အားလုံးကျန်းမာရေးဂရုစိုက်ကြပါ.....❤
စိတ်ပိုင်းဆိုင်ရာဖျားနာခြင်း
တစ်ခုသတိထားမိတာ ခရီးကပြန်လာကတည်းက ကျနော့် dark side လွှမ်းမိုးမှုကိုခံနေရတယ်...။ Pisces တွေရဲ့ dark side တွေကို သွားရှာဖတ်တော့မှ ငါးကလေးနှစ်ကောင်က ရာသီခွင်တွေအားလုံးထဲမှာ very dangerous တွေဆိုတာသိရတယ်....။ ကျနော်အဲစိတ်တွေကို ပြန်ပေါ်မလာအောင် ထိန်းရတော့မယ်....။ မမြင်နိုင်တဲ့ ကျနော့်ရဲ့ စိတ်ပါဝါတွေက Energy အရမ်းကောင်းတဲ့အချိန်တွေဆို စိတ်ထဲကဖြစ်ချင်တဲ့အရာက လက်တွေ့မှာတကယ်ဖြစ်ဖြစ်နေတာသိရတော့ ကိုယ့်ကိုယ်ကိုကြောက်လာသလို ငါ့စိတ်စွမ်းအင်ကတကယ်အားကောင်းတာပဲလို့လဲ တစ်ဖက်ကသွေးနားထင်ရောက်နေတာ..။ ဒါကြောင့် အာဏာပါဝါလက်ထဲရှိတာနဲ့ လူတွေ စိတ်ပြောင်းတတ်ကြတာကိုး...။ ကျနော်အခုဖြစ်နေတာက အကုသိုလ်စိတ်တွေ မကောင်းမှန်းသိလိုက်တာနဲ့ ကျနော်ကိုယ့်စိတ်ကိုယ်တားတယ် ငါဒီလိုဖြစ်နေတာ မကောင်းဘူးဆိုတာသိတယ် လွတ်ထွက်သွားတဲ့ချိန်ဆိုပြန်လုပ်မိပြန်တယ် လွန်ဆွဲနေတာ အဲဒါပြီးခဲ့တဲ့ နှစ်ရက်လောက်က အဲလိုဖြစ်နေတာ...။
ကျနော်မွေးကတည်းက အခုလောက်ထိမျိုး တစ်ခါမှမကောင်းတဲ့စိတ်မဖြစ်ဖူးဘူး...။ အခုက လူတစ်ယောက်ရဲ့အသက်သေစေတဲ့အထိ ကျနော်က စိတ်နဲ့မှန်းပြီးသတ်နေတာမျိုး...။ အမုန်းတရားက ကြောက်စရာတော့ကောင်းတယ်...။ အိန်ဂျယ်နံပါတ်(12) ကျနော့်ကို ပညာပြနေတာလို့သိနေတယ်...။ တော်ပြီ ကျနော်ပျော်ပျော်ပဲနေချင်တယ် ကျနော့်စိတ်ကိုလာကလိမယ့်အနှောက်အယှက်ပေးမယ်ထင်တဲ့ အရာတွေကို တတ်နိုင်သလောက်ရှောင်တော့မယ်...။ ကျနော့်ကြောင့် ဘယ်သူ့ကိုမှ မထိခိုက်စေချင်ဘူး....။