"ချစ်တယ်"💖ဆိုတာ အန်မတန်ရိုးစင်းတဲ့ ကမ္ဘာဦးကတည်းက
လူယောက်ျားတစ်ယောက်က လူမိန်းမတစ်ယောက်အပေါ် ရင်ထဲ နှလုံးသားထဲကနေ တိမ်းညွှတ်တဲ့ခံစားမှုကို
ဖော်ပြတဲ့ စကားလုံးအဖြစ် သုံးလာခဲ့ကြတာပါ.....။ ဒါပေမယ့် အဲဒီစကားလုံးတွေက
ကျွန်မနှုတ်ခမ်းကနေ ထွက်ကျလာဖို့ ဘာလို့ ဒီလောက်ခက်ခဲနေလဲဆိုတာ
ကိုယ့်ဘာသာတောင် စဉ်းစားမရခဲ့ဘူး....။
သီချင်းတစ်ပုဒ်ရှိတာပဲ 🎶အဖိုးကလည်းအဖွားကို အဖေကလည်းအမေ့ကို ကိုယ်ကလဲမင်းကို
"ချစ်တယ်" ပြောပါတယ်🎵...ဆိုတာလေ.....။ စန္ဒရားလှထွဋ်တို့ ဦးသုမောင်တို့
တခြားအဆိုတော်တွေလဲ ခေတ်အဆက်ဆက်ဆိုလာတဲ့ သီချင်းတစ်ပုဒ်လေ....။
လွန်ခဲ့တဲ့နှစ်များ ကျွန်မတို့ဆုံတွေ့စဉ်ခါတုန်းက သူ
အကြိမ်ကြိမ်မေးခဲ့တဲ့ မေးခွန်းကို ဖြေဖို့ ကိုယ့်ကိုယ်ကို
ယုံကြည်မှုမရှိခဲ့ဘူး....။ "ကိုယ့်ကို ချစ်လား...? " အဲလိုမေးတိုင်း
ကျွန်မဝေ့လည်ကြောင်ပတ်ဖြေရင်ဖြေ မဖြေရင် စကားလမ်းကြောင်း လွှဲလိုက်တာ များတယ်....။
ကျွန်မသာ သူ့နေရာဆိုလဲ စိတ်တိုမှာပဲ.... စောင့်ဆွဲလှုပ်ရမ်းပစ်ချင်စိတ်
ပေါက်မိမှာပါပဲ....။ အဲတုန်းက "I love you honey " "ခင်ဗျားကို...ချစ်တယ်"လို့ တစ်ခွန်းထဲ
နှုတ်ကထွက်ဖို့ ဘာတွေခက်ခဲနေတာလဲ....။ ဒါမှမဟုတ် အဲဒီတုန်းက
ကျွန်မတို့နှစ်ယောက်ကြားမှာ မမြင်နိုင်တဲ့ စည်းတွေ နံရံတွေခြားထားခဲ့လို့လား
.....။ အခုပြန်တွေ့ကြတော့ပြောင်းပြန် "ကိုယ့်ကို....ချစ်လား"လို့ သူမေးရင်
မကြားလိုက်ဘူး ပြန်မေးလို့ နှစ်ခါ သုံးခါလောက်ပြောတာနဲ့ သူက စိတ်မရှည်တော့သလို ဘာမှမဟုတ်တော့ဘူးဆိုပြီး ရှက်တတ်သေးတာ မေးဖို့ကို...။ အသက်အရွယ်က စကားပြောလာတာလဲ
ပါမှာပါ....။ သူက ကျွန်မ စတွေ့တုန်းကလို အသက်နှစ်ဆယ်ကျော်အရွယ်
ကောင်လေးမှမဟုတ်တော့ဘဲ....။
တစ်နေ့... ကျမ ကိုးရီးယားဆိုင်တစ်ခုမှာ နေ့လည်စာသွားစားရင်း လေအေးပေးစက်ဖွင့်ထားတဲ့အခန်းထဲက
နံရံဖြူဖြူမှာ လိပ်ပြာလေးတစ်ကောင်ကို အမှတ်မထင်တွေ့လိုက်တယ်....။ 🦋လိပ်ပြာတစ်ကောင်ကို ပန်းခြံ ပန်းပင်တွေမှာမဟုတ်ဘဲ
ခုလို အအေးခန်းထဲမှာ တွေ့ရမယ်လို့ထင်မထားဘူးလေ ပြီးတော့ ဘာအကြောင်းနဲ့သူက
ဒီနံရံမှာရှိနေတာလဲ တိုက်ဆိုင်မှုဆိုတာ တကယ်မရှိဘူးမဟုတ်လား....။
ကျွန်မဓါတ်ပုံသွားရိုက်တော့ သူက အတောင်ပံတွေကိုဖြန့်ပြတယ်....။ ကျွန်မတွေ့တုန်းက
သူက အတောင်တွေကိုစုထားတာ အညိုရောင်လေး ဖြန့်ကားလိုက်တော့မှ
လိမ္မော်ဝါရောင်လိပ်ပြာလေး....အိုး !!!!
"သတိရခြင်းတွေကို လိပ်ပြာတွေက သယ်ဆောင်လာပေးလိမ့်မယ် မင်းကိုယ့်ကို ယုံလို့ရတယ်သိလား"....တဲ့....။ "My soul just want to be closer to yours, butterflies will bring my soul to you. You can trust me" လို့သူပြောဖူးတာကို ပြန်အမှတ်ရမိသွားတယ်...." (လက်ရှိအချိန်မှာတော့ ကျမ လိပ်ပြာလေးတွေကို မတွေ့ဖြစ်တာကြာပြီ သူကျမကို သတိမရတော့လို့လား မေ့သွားပြီလားဆိုတာ ကျမ ဘာလို့သိချင်နေသေးသလဲ)
သူ့ဆီ အဲပုံလေးနဲ့အတူ...."ခင်ဗျားသတိရနေတာလား လိပ်ပြာလေး"
လို့မေးလ်ပို့ပေးလိုက်တော့ သူက "Sure " "သေချာတာပေါ့" ဆိုတဲ့
စာလေးပြန်ပို့လာတယ်....။
"Butterflies are nature’s Angel and you are my nature" သူ
ကဗျာတွေသိပ်မရေးဖြစ်တော့ပေမယ့် ကဗျာဆန်နေတုန်း....။ သဘာဝကို ချစ်မြတ်နိုးတဲ့ သူတစ်ယောက်က
ကျွန်မကို သဘာဝနဲ့နှိုင်းယှဉ်တင်စားလိုက်လို့ ချက်ချင်းတောင် လိပ်ပြာဖြစ်ချင်စိတ် ပေါက်မိ....။
"Just when the caterpillar thought her life was over, she
began to fly" တဲ့ "ဘောက်ဖတ်လေးဟာ သူမဘဝသက်တမ်းကုန်ဆုံးသွားပြီလို့
တွေးလိုက်တဲ့အချိန်မှာ စတင်ပျံသန်းဖို့လုပ်တော့တာပဲ" ကျွန်မ
အဲစာသားလေးရှာတွေ့ထားလို့ သူ့ဆီပို့လိုက်တယ်....။ အမြဲတမ်း လိပ်ပြာလေးတွေနဲ့
သူ့ကိုယ်သူကိုယ်စားပြုနေကျမို့ ဒီနေရာမှာ စာရေးသူက "She" လို့
သုံးထားတာကို သူဖတ်ပြီးတာနဲ့ ချက်ချင်း သတိထားမိပြီး ကျွန်မကိုလှမ်းမေးတယ် ...(ကျွန်မလဲ
ထိုနည်းတူပဲ သတိထားမိ)...။ "She" လို့သုံးထားတာကို မင်းဘယ်လိုမြင်လဲ
တဲ့....။ လောကသဘာဝရဲ့ အိန်ဂျယ်လေးတွေလို့ တင်စားခံထားရတဲ့ လိပ်ပြာတွေရဲ့
အလှတရားကြောင့် အမျိုးသမီးကိုယ်စားပြု "She" လို့သုံးထားတာ ဖြစ်မှာပါလို့ကျွန်မအမြင်ကိုပြောမိတယ်....။
ကျွန်မအဖြေကို သူစိတ်ကျေနပ်မှုရလို့ထင်တယ် ဘာမှပြန်မပြောတော့ဘူး...။ ဒါမှမဟုတ်
သူတစ်ခုခု စဉ်းစားနေတာလဲဖြစ်နိုင်တာပဲ...။
ကျွန်မလုပ်ချင်တဲ့ အလုပ်တွေထဲက တက်တူးထိုးမယ့်ကိစ္စ
သူ့သဘောထားကိုသိရပေမယ့် အနည်းဆုံး လိပ်ပြာပုံလေးတော့ ထိုးမယ်
ဆုံးဖြတ်ထားတယ်...။ သေရင်ပါသွားမယ့် သူနဲ့ပတ်သက်တဲ့
အမှတ်တရတစ်ခု.....(သူစိုက်မယ့်အပင်အတွက်မြေဩဇာဖြစ်ဖို့) သူကိုးကွယ်တဲ့
ကျွန်မရဲ့ခန္ဓာကိုယ်တစ်ခြမ်းမှာ သိမ်းထားချင်တယ်.....။
မိုးငွေ့