မိုးရာသီမှာ သောက်ဖြစ်တဲ့ ကော်ဖီပူတစ်ခွက်ဟာ မိုးသံကို နားထောင်ပြီး သောက်ရလို့လားမသိဘူး တကျိုက်မော့သောက်လိုက်တာနဲ့ ခေါင်းထဲကို ကြည်သွားတာပဲ…။ ကော်ဖီတွေပူလို့ မှုတ်သောက်ရတဲ့အခါတိုင်း မင်း ကိုယ့်ကို သတိမရဘူးလား…အိန်ဂျယ်…။ မင်းက ကွန်ပြူတာတစ်လုံးနဲ့ အလုပ်ရှုပ်နေတဲ့အချိန်မှာ ဘေးနားက ဖျော်လက်စ ကော်ဖီပူပူလေးကို မြန်မြန်သောက်လို့ရအောင် မင်းနဲ့စကားပြောရင်း ကော်ဖီလေးနွေးသွားအောင် တယုတယ ကိုယ်မှုတ်ပေးခဲ့ဖူးတာကိုလေ...။
ခုလို မိုးအေးအေးမှာ စောင်ခြုံကွေးထဲ ကြောက်လည်းကြောက်ပေမယ့် မင်း သရဲကားတွေကို ကြည့်ဖြစ်နေသေးလား…။ အဲခါမျိုးမှာ မင်းမကြောက်အောင် စကားလာလာပြောပေးတဲ့ ကိုယ့်ကို မင်းမလွမ်းဘူးလား အိန်ဂျယ်…။ အဲဒီတုန်းက မင်းကြည့်ပြီး ကိုယ့်ကိုဇာတ်လမ်းပြောပြခဲ့ဖူးတယ် အိန္ဒိယသရဲကားကို ရုံတင်တော့ သွားကြည့်ဖြစ်သေးတယ်…။ မင်းပြောပြထားခဲ့ဖူးလို့ ဇာတ်လမ်းလေးကို ကြိုသိပေမယ့်လည်း သဲထိတ်ရင်ဖိုနဲ့ကြည့်ခဲ့ရတုန်းက ရုပ်ရှင်ရုံအမှောင်ထဲမှာ မင်းကို လွမ်းမိသေးတယ်..။
ပြောရင်း ဆိုရင်း မိုးတွေသည်းလိုက်လာလိုက်တာ…။ ခုနေ မိုးရေထဲ ထီးမပါဘဲ လမ်းလျှောက်ရရင် သိပ်ကောင်းမှာပဲ…။ တစ်ကိုယ်လုံး စိုရွှဲသွားတဲ့ အေးစိမ့်စိမ့်အရသာမျိုး… တစ်စုံတစ်ယောက်များ ကြင်နာစွာ ထီးလာမိုးပေးမလားဆိုတဲ့ မျှော်လင့်ချက်နဲ့လေ….။ ကိုယ်စိတ်ကူးယဉ်လွန်သွားပြန်ပြီ အိန်ဂျယ်….။ ဒါကြောင့် ကိုယ့်ကို ကဗျာရေးပေးခဲ့ဖူးတဲ့ သူငယ်ချင်းတစ်ယောက်က ကိုယ့်ကိုတင်စားပြောဖူးခဲ့တယ်…။ ကိုယ်ဟာ ပလပ်စတစ်ပန်းတွေ ဝတ်မှုံကူးတာကို စောင့်ကြည့်နေတဲ့သူတဲ့…။ အဲသလောက်ထိ ကိုယ်ဟာ စိတ်ကူးကမ္ဘာထဲ မွေ့လျော်တတ်သူလေ…။
မိုးငွေ့
2 comments:
မိုးရာသီအလွမ်းတွေကို အိန်ဂျယ်သိပါစေ
မိုးရာသီမှာ တစ်သီကြီး ဆက်တိုက်လွမ်းပလိုက်တယ် မိုးငွေ့ရေ... စာကြွေးတွေလိုက်ဖတ်နေတာ ...
Post a Comment