မိုးကတော့ သူ့ဝတ္တရားအတိုင်း အေးအေးဆေးဆေးကို ရွာနေလိုက်တာ မနက်ကတည်းကနေ ညနေထိပါပဲ…။ သည်းသည်းမဲမဲမဟုတ်ပေမယ့် ရွာနေတဲ့အချိန်ကြာတော့ ထုံးစံအတိုင်းလမ်းပေါ်မှာ ရေတွေလျှံတဲ့နေရာ လျှံပေါ့…။ တချို့နေရာတွေဆို ရေတောင်ကြီးတယ်တဲ့…။ အိမ်ရောက်ခါနီး လမ်းလေးထဲကို ချိုးကွေ့ ဝင်လိုက်ရင်ဆိုပဲ… ကိုယ့်လက်ထဲက ခြင်းတောင်းလေးကို ဆွဲယူလိုက်တာခံရတော့ ထစ်ခနဲဖြစ်သွားတဲ့စိတ်နဲ့ လှည့်ကြည့်လိုက်တာ…။
“မမကို ကျွန်တော်ဒီလမ်းကစောင့်နေတာ သုံးရက်ရှိပြီ ခုမှပဲတွေ့ရတော့တယ်”…
ကိုယ်မင်းကို ဘာပြောရမှန်းမသိ စက္ကန့်တော်တော်ကြာအောင် ပြန်ပြီး ငေးစိုက်ကြည့်နေမိတယ်….။
“ဘာ..ကြောင်ကြည့်နေတာလဲ …လာ ကျွန်တော်တို့အတူ ကော်ဖီသောက်ရအောင်..” ဆိုပြီး မင်းကထီးကိုင်ထားတဲ့လက်နဲ့ ခြင်းတောင်းကိုပါကိုင်ပြီး ကျန်လက်တစ်ဖက်နဲ့ကိုယ့်လက်ကို ဆွဲယူလိုက်တယ်…။ မင်းလက်တွေက မိုးရေတွေစိုရွှဲလို့…။
အို…. ကိုယ်အိပ်မက်မက်နေတာလား…။ တကယ်… အိပ်မက် မဟုတ်ပါဘူးနော်…။
ကော်ဖီဆိုင်ကလမ်းမကြီးဖက်မှာမို့လို့ ကိုယ်တို့ လမ်းလေးထဲကိုမဝင်တော့ဘဲ လာရာလမ်းဘက်ကို ပြန်လျှောက်လိုက်ကြတယ်…။
မင်းက ကိုယ်မိုးရေမစိုအောင် ထီးကို ကိုယ့်ဖက်ငဲ့ပြီးစောင်းပေးလို့ မင်းပခုံးတစ်ဖက် မိုးတွေစိုကုန်တယ်…။ မိုးထဲမှာ ကိုယ်ချစ်တဲ့မင်းကို လက်တွဲပြီး ထီးတစ်ခုထဲအောက်မှာ အတူလမ်းလျှောက်ရလိမ့်မယ်လို့ အိပ်မက်တောင်မမက်ဖူးခဲ့ဘူး ကိုယ်ဖြင့်ပျော်လိုက်တာ…။ မိုးထဲမှာလမ်းလျှောက်ရင်း ကိုယ်တို့ ဘာစကားမှ မပြောဖြစ်ကြဘူး…။ မင်း …ဘာတွေတွေးနေမလဲ ကိုယ်မသိပေမယ့်… ကိုယ်ကတော့ အိပ်မက်ယောင်နေသူ တစ်ယောက်လို ခုအဖြစ်အပျက်လေးဟာ အိပ်မက်မဟုတ်ပါစေနဲ့လို့ စိတ်ထဲကြိမ်ကြိမ် ရေရွတ် ကြိတ်ပြီး ဆုတောင်းနေတာ ကော်ဖီဆိုင်မရောက်မချင်းပါပဲ…။
တော်သေးတယ် ကော်ဖီဆိုင်လေးမှာ ခုံလွတ်တွေရှိနေသေးလို့…။ ကိုယ်တို့နေရာယူလိုက်တော့ မင်းက အမေရီကန်နိုအပူ နှစ်ခွက်နဲ့ ချိစ်ကိတ်မှာလိုက်တယ်…။ ခုချိန်ထိမယုံနိုင်ဖြစ်နေတဲ့ ကိုယ့်ကိုမင်းက သေချာစိုက်ကြည့်ပြီး ပြုံးရယ်နေတယ်…။ မင်းအပြုံးတွေက ခုချိန်ထိ ကိုယ့်ကို လတ်ဆတ်စေမြဲပဲ သိလား..။ မင်းပါးပြင်ပေါ်က ယှက်နွယ်နေကြတဲ့ ခရမ်းရောင်အစိမ်းရောင်သွေးကြောလေးတွေကို ကိုယ်လက်ညိုးနဲ့တို့ကြည့်လိုက်တယ်…။ မင်းအသားကို ထိလို့ရတယ်ဆိုတော့ ဒါအိပ်မက်မဟုတ်ဘူးပေါ့ ဟုတ်လား အိန်ဂျယ်…။ မင်းက ကိုယ့်လက်ကိုဆွဲယူဆုတ်ကိုင်လိုက်တယ်…။ စောစောက မိုးစိုနေပေမယ့် မင်းလက်ဖဝါးတွေက နွေးထွေးလိုက်တာ…။
“အိပ်မက်ဆိုရင် ကိုယ်တော့ ဘယ်တော့မှမနိုးထချင်တော့ဘူး…အိန်ဂျယ်… မင်းကိုယ့်အနားကနေ ထပ်ပြီး ပျောက်ကွယ်သွားမှာကို ကိုယ်သေမလောက်ကြောက်တယ်ဆိုတာ မင်းသိလား…”
ကိုယ့်အသံတွေ တိုးလျအက်ရှစွာထွက်လာခဲ့တယ်…။
“ကျွန်တော်တို့ မိုးမတိတ်မချင်း ဒီမှာထိုင်ကြမယ်…အေးဆေးစကားပြောကြမယ်နော်… မမနဲ့ မတွေ့ဖြစ်တာ ဘယ်လောက်တောင်ကြာနေပြီလဲ….”တဲ့ ။
ကိုယ့်ကို စိုက်ကြည့်နေတဲ့ မတိုမရှည်မျက်တောင်နက်နက်စိပ်စိပ်တွေနဲ့ဝန်းရံထားတဲ့ မင်းမျက်ဝန်းတွေက တဖျတ်ဖျတ်နဲ့ ရွှန်းလက်တောက်ပလို့….။ မင်းနှုတ်ခမ်းထူထူတွေက အခါတိုင်းလိုရွှန်းစိုနီရဲမနေဘဲ မှိန်ဖျော့နေကြတယ်…။ မိုးစိုလို့မင်းသိပ်အေးနေလား အိန်ဂျယ်…။ ဒါပေမယ့်လည်း မင်းနှုတ်ခမ်းတွေ နွေးထွေးသွားဖို့ ကိုယ်ကစပြီး လုပ်ပေးပိုင်ခွင့်မရှိပါဘူး…။
အငွေ့ထောင်းထောင်းထတဲ့ ကော်ဖီနှစ်ခွက် ကိုယ်တို့ရှေ့ကိုရောက်လာတယ်…။ မင်းက ကိုယ့်ကော်ဖီခွက်ထဲကို သကြားညိုနှစ်ခဲထည့်ပြီး နို့နဲ့ရောမွှေလိုက်တယ်…။ ကိုယ်ကြိုက်တတ်တဲ့ ခါးဆိမ့်အရသာကို မင်းမမေ့သေးဘူးပဲ…။ … ကော်ဖီငွေ့တွေက ကိုယ့်မြင်ကွင်းကို ဝိုးဝါးကွယ်လိုက်ကြတယ်…။ ဟင့်အင်း ခုချိန်မှာ မင်းကို ကိုယ်မျက်စေ့အောက်ကတောင် အပျောက်မခံနိုင်ပါဘူး…။
ကော်ဖီခွက်ကို ကိုင်ပြီးသောက်နေတဲ့မင်းကို ဘာလို့လဲမသိ ကောဖီငွေ့တွေက ခပ်ပါးပါး ကွယ်ရာကနေပြီး… တဖြေးဖြေးမှောင်မိုက်ပိန်းပိတ်လာကြတယ်…။ အိန်ဂျယ့်ကို ကိုယ်ယောင်မဖျောက်ပစ်လိုက်ပါနဲ့ … ကိုယ်တောင်းပန်ပါတယ်…။ ကိုယ့်အနားကနေ ထပ်ပြီး ပျောက်ကွယ်မသွားပါနဲ့…။
“အိန်ဂျယ်…အိန်ဂျယ်….အိန်ဂျယ်….” နှုတ်ကရွတ်ဆိုပြီး ကိုယ်လန့်နိုးလာတော့ အမှောင်တိုက်ထဲမှာ…။ ဘယ်ချိန်ရှိနေပြီလဲ… ဘာမှလဲမမြင်ရဘူး…။
အိပ်မက်ထဲမှာတောင် အိပ်မက်မဖြစ်ပါစေနဲ့လို့ အခါခါညည်းညူရွတ်ဆိုဆုတောင်းနေခဲ့ပေမယ့် ကိုယ်ဆုတောင်းမပြည့်ခဲ့ဘူး…..။ အပြင်မှာ မိုးတွေတစက်စက်နဲ့ရွာနေတုန်းပဲ….။ အိပ်မက်နဲ့မတူတဲ့ အိပ်မက်ထဲက တကယ့်အဖြစ်အပျက်လေးကို မပျောက်ကွယ်အောင် ကိုယ်ဘယ်လိုသိမ်းထားရပါ့မလဲ…။
ကိုယ်တို့နှစ်ယောက်ထဲဖတ်လို့ရတဲ့ ဒီနေရာလေးမှာပဲ မင်းအိပ်မက်ကို ကိုယ့်တစ်သက်တာအတွက် အမှတ်တရသိမ်းဆည်းမယ်…မင်းသဘောတူတယ်မဟုတ်လား…။
မိုးငွေ့