နှုတ်ဆက်ပါတယ်လို့ ကိုယ်ကိုယ်တိုင်ပဲစပြောပြီး အဲဒီညက ကိုယ်ငိုခဲ့တယ်…။
ကိုယ့်အတွက်ဘယ်တော့မှ မီးမလင်းတော့တဲ့ အိမ်ဆီကို ကြယ်စင်အလင်းတွေနဲ့ ရှာဖွေ တံခါးခေါက်ကြည့်ဖို့ ဒီနေ့ထိကိုယ်ကြိုးစားနေမိတုန်းပဲ အိန်ဂျယ်…။
ရူးသွပ်မှုတစ်ခုဆိုရင် အဆုံးသတ်သင့်လောက်ပါပြီ…။
ဒါပေမယ့် သေရာပါ စွဲလန်းမှုတစ်ခုဆိုရင်တော့ အာမခံချက်မရှိဘူးထင်ပါရဲ့…။
မိုးတိမ်တွေပြိုဆင်းလာရင် ကိုယ့်အလွမ်းတွေ ပိုပိုသိပ်တည်းလာတယ်…။ သီချင်းသံစဉ်တွေကလည်း ခပ်တိုးတိုးလွင့်လာလိုက် ဝေးသွားလိုက်နဲ့….။
မိုးရာသီဟာ မင်းအမှတ်တရပေးသွားတာမဟုတ်ပေမယ့် ကိုယ့်အတွက် မင်းရဲ့ အမှတ်တရတွေကို အများကြီးဖန်ဆင်းပေးခဲ့တာပါ…။
လက်ဖက်ရည်ဆိုင်ထဲက မိုးရာသီအလွမ်းသီချင်းတွေဟာ ကိုယ့်ရှေ့က ပေါ့ဆိမ့်တစ်ခွက်ကို အေးစက်စေခဲ့တယ်….။
ဒီမနက် ခပ်ဖွဲဖွဲရွာနေတဲ့မိုးကြောင့် မြက်ခင်းစိမ်းတွေပေါ် မိုးရေစက်တွေခိုသီးနေကြတယ်…။ ကိုယ့်ပါးပြင်ပေါ်မှာလည်း မျက်ရည်စက်တွေ ခိုသီးနေပြီ…။ မိုးတိမ်တွေကတော့ ပင်လယ်ကြီးကိုလွမ်းလို့ငိုတယ်…။ ကိုယ်ကတော့ မင်းကိုလွမ်းလို့ငိုတယ်…။
မီးပူတိုက်ခါစ ရှပ်အကျီၤရနံ့ … ရေချိုးပြီးခါစ ဆပ်ပြာရနံ့တချို့ ကိုယ်ရလိုက်တဲ့အခါ … ကိုယ့်နားကို မင်းရောက်လာသလားလို့ လိုက်ရှာကြည့်နေတတ်တဲ့ ကိုယ့်ကို သူရူးတစ်ယောက်လို့ ထင်လိုက်ပါလေ…။
မီးကျီခဲတွေတောက်လောင်နေတဲ့ ကျင်းတစ်ခုထဲကနေ မင်းကြိုးစားတက်နေတယ်လို့ ကိုယ်အိပ်မက်မက်ခဲ့ဖူးတယ်…။ မင်းသိပ်ပူမှာပဲလို့ တွေးပြီး ကိုယ်ငိုတယ်…။ မင်းသိမှာမဟုတ်ဘဲနဲ့လည်း ကိုယ်က ငိုတာပဲ…။ အင်းလေ… ကိုယ်ခံစားသမျှကို မင်းသိစရာမှ မလိုပဲလေ …။
မင်းနဲ့ကိုယ်ဆိုတာ ဘဝချင်း ဝိညာဉ်ချင်းခြားမနေဘဲလဲ
မင်းကို မြင်ခွင့် ထိတွေ့ခွင့် မရခဲ့ပါဘူး…။
ဘယ်တော့မှလည်း ထိ...တွေ့...ခွင့်... ရ…တော့…မှာ….လည်း…မဟုတ်ဘူး….။
ကိုယ်မင်းကို သိပ်ချစ်တယ် အိန်ဂျယ်…။
မိုးငွေ့
2 comments:
မိုးရာသီအလွမ်းနဲ့အတူ မမိုးရဲ့အိန်ဂျယ်လေးကို
လွမ်းလွမ်းဆွေးဆွေး ဖတ်ခဲ့တယ်...
ချစ်ခင်လျက်
သဒ္ဓါ
အဲ့ဒီခံစားချက်ကအတော်ဆိုးတယ်နော်။မခံစားချင်ဘူး
ငိုချင်တယ် :'(
Post a Comment