Monday, 19 May 2014

ကြံခင်းထမင်းသုပ်+ကြက်ခြေထောက်စွပ်.....


ကြံခင်းထမင်းသုပ်လေးလုပ်စားဖြစ်တာက ၀က်သားလုံးကြော်လေးကိုစိတ်ဝင်စားလို့ လုပ်ဖြစ်သွားတာလဲ ပါတယ်...။ ကိုယ်က အသားလုံးကြော်ခရေဇီလေ....။ recipe က မချောစုဆီကယူထားတာ...။ feel မြန်မာစားသောက်ဆိုင်ရောက်ရင်လည်း မှာစားဖြစ်တယ်...။ ကြံခင်းထမင်းသုပ်အတွက် လိုအပ်တာတွေက ချက်ပြီးသား ထမင်း တရုတ်ပန်းကန်လုံးတစ်လုံး ကြက်သွန်ဖြူ ဆီချက် ပဲမှုန့် ငံပြာရည် အသားမှုန့်(ပုစွန်ခြောက်မှုန့်/ငါးကျည်းခြောက်သားနွှင်)နဲ့ ငရုတ်သီးကြော်တို့ဖြစ်တယ်...။ ငရုတ်သီးကြော်မွှေးမွှေးနဲ့ပဲမှုန့်အရသာကြောင့် ပိုကြိုက်တယ်...။ ကြံခင်းထမင်းသုပ်ရဲ့ အဓိကထူးခြားချက်က ငရုတ်သီးကြော်မို့လို့ ငရုတ်သီးခြောက်တောင့်ကို ကိုယ့်ဘာသာကြိတ်ပြီး ကြော်ထားတဲ့ လတ်ဆတ်သန့်ရှင်းတဲ့ ငရုတ်သီးကြော်ဆိုရင် ပိုကောင်းပါတယ်..။ တွဲစားမယ့် အသီးအရွက်တွေကတော့ ကိုယ့်စိတ်ကြိုက်အမယ်တွေ ထပ်ထည့်လို့ရသေးတယ်...။ ကိုယ်ကတော့ မရမ်းသီးစားစိမ်လေးနဲ့ တွဲစားရတာကိုပိုကြိုက်တယ် ထမင်းသုပ်က ဆိမ့်ပြီးစပ်တယ် မရမ်းသီးကချဉ်တော့ ပိုစားကောင်းတယ်...။ အဲဒါကို ကြက်ခြေထောက်စွပ် ချဉ်စပ်လေးနဲ့တွဲသောက်တော့ ဘာပြောကောင်းတော့မလဲ...။ မိုးငွေ့ရဲ့ ကြက်ခြေထောက်စွပ် လုပ်နည်းလေးတော့ အသေးစိပ်ပြောပြပါမယ်..။

  1. သန့်ပြီးသား ကြက်ခြေထောက် သုံးစုံ
  2. ဆီတစ်ဇွန်း
  3. သကြားနှစ်ဇွန်း
  4. နာနတ်ပွင့် နှစ်ပွင့်
  5. ငရုတ်ကောင်းစေ့ ငါးစေ့
  6. ကြက်သွန်ပင် တစ်ပင်
  7. စပါးလင်တစ်ပင်
  8. ကြက်သွန်ဖြူ နှစ်တက် ဓါးပြားရိုက်
  9. ကြက်သွန်နီနှစ်လုံး လေးစိပ်စိပ်
  10. ပဲငံပြာရည်အနောက် နှစ်ဇွန်း
  11. ဆား 
  12. ကြက်သားမှုန့်
  13. သံပုရာသီး+ငရုတ်သီးစိမ်း+နံနံပင်+ကြက်သွန်မြိတ်

ကြက်ခြေထောက်ပြုတ်မယ့်အိုးထဲမှာ ရေတစ်လီတာထည့်ပြီး ကြက်ခြေထောက်ကလွဲလို့ ကျန်တဲ့အစာပလာတွေအကုန်ထည့်ထားမယ်..။ စပါးလင်နဲ့ကြက်သွန်ပင်ကို ထုံးပြီးထည့်ထားပါ...။  ဒယ်ထဲ ဆီထည့်ပြီး သကြားကိုညိုရောင်သန်းလာတဲ့အထိစောင့်ပြီး ကြက်ခြေထောက်ကိုခြောက်အောင်လှော်ပါ..။ ရလာရင် စောစောက အစာပလာတွေထည့်ထားတဲ့ရေထဲထည့်ပြုတ်မယ်...။ ပထမ မိနစ်နှစ်ဆယ်လောက်ကို မီးများများနဲ့တည်မယ် ကျန်တဲ့နာရီဝက်ကို မီးမြေ့မြေ့နဲ့ဆက်တည်မယ်...။ ကြက်ခြေထောက်နူးပြီဆို ချဉ်ငံစပ်လေးထည့်ပြီး သောက်လို့ရပါပြီ...။ ခုလိုမိုးအေးချိန်မှာလုပ်စားရင်တော့ တော်တော်စားမြိန်မှာအသေချာပဲ...။

မိုးငွေ့

2 comments:

မဒမ်ကိုး said...

စားချင်တယ် မမ

စံပယ်ချို said...

ထမင်းသုပ်နည်းလေးယူသွားပါပြီ