Thursday, 6 March 2014

တိမ်တွေလိုမျောနေမယ်…..




                 








                           







ဒဏ်ရာဟောင်းများပဲဒီည ဘယ်လိုမှပြေးလို့မလွတ်နိုင် ငိုချင်လျက်လက်တို့နေသလား အဝေးမှာ နင်ကြိုက်တဲ့သီချင်းသံ ကမ္ဘာကလည်းတိတ်ဆိတ်နေပြီ အမှောင်တွေပဲကြီးစိုးထားသည် တခါတရံမှာဂီတာသံလေးတစ်ခု ဟိုအဝေးကလွှင့်ပျံ …… ကြယ်တွေကြွေတာကြည့်နေမယ် တိမ်တွေလိုငါမျောနေတယ် ဘဝရဲ့ အစိတ်အပိုင်းများစွာဟာ တခုပြီးတခုပဲ့ထွက်ကုန်မလား ငါသေမလိုဘဲလွမ်းနေတာ……

ဒီနေ့လည်း ကျွန်တော်ဒီနေရာလေးကို ရောက်လာခဲ့ပြန်ပြီ….။ ဘယ်နှစ်ရက်ရှိသွားခဲ့ပြီလဲ ကျွန်တော်မရေထားတော့ဘူး…..။ တကယ်လို့ သူရောက်လာခဲ့မယ်ဆိုရင် ကျွန်တော်သူ့ကိုလာစောင့်နေတဲ့ ရက်ပေါင်းများစွာဆိုတာ မနေ့တနေ့ကလိုပဲ ချက်ချင်းတိုတောင်းသွားမှာပါ…။

ဒီနေ့ထူးထူးခြားခြား လေအေးတွေတိုက်ခတ်နေတယ်… အခါတိုင်း ကျွန်တော်လာထိုင်တော့ ရင်ထဲကအပူကြောင့်ဘဲ သတိမထားမိလေသလား….။ တချက်တချက် နှင်းဆီပန်းရနံ့သင်းပျံ့ပျံ့လေးကို ရလိုက်သေးတယ်…။ ကျွန်တော်ယောင်ပြီး နောက်ကိုလှည့်ကြည့်မိတယ်… သူ ကျွန်တော်နောက်ကိုများ ရောက်လာသလားလို့ပေ့ါ…။ ပြီးတော့ သူရှိနေတုန်းကလို ကောင်းကင်မှာ ငှက်ကလေးတွေပျံဝဲနေတာလည်း မတွေ့ရတာကြာပေါ့.။ စမ်းချောင်းကလေးကလည်း တိတ်တဆိတ်ကလေး စီးနေသလား အောက်မေ့ရလောက်အောင် ညင်သာတိုးတိတ်လွန်းပါတယ်…။ ကျွန်တော်ကတော့ သူ့လို ကမ်းပါးအောက် ခြေတွဲလဲချပြီးလဲမထိုင်ရဲပါဘူး…။ ကမ်းပါးအစပ်နဲ့ခပ်နီးနီးနားမှာ ထိုင်ပြီး မကြာခဏ စမ်းချောင်းလေးကို ငုံ့တော့ကြည့်မိပါတယ်…။

သူရောက်လာရင် အဆင်သင့် သောက်နိုင်ဖို့ ကော်ဖီခွက်လေးတွေဟာ အေးစက်သွားကြတာ ဘယ်နှစ်ခွက်များရှိနေပြီလဲ…။ သူရောက်မလာတဲ့နေ့ရက်တွေမှာ ကျွန်တော်နေ့တိုင်းလုပ်နေကျ သူသောက်ဖို့ ကော်ဖီခွက်ကလေးကို ဟိုးး ကမ်းပါးအောက်ထိဆင်းပြီး စမ်းချောင်းလေးထဲကို အသာယာချပြီး မျောလိုက်တာပဲ…..။ ရေထဲမြှုပ်ပြီး ပျောက်ကွယ်သွားတဲ့အထိ ကျွန်တော်စောင့်ကြည့်ပြီးမှပြန်ခဲ့စမြဲ…။

ဂီတာသံပါးလျလျလေး ဟိုးးး အဝေးကလွင့်လာကြတယ်….။

ဟိုတလောက သူကျွန်တော်နဲ့တွေ့တော့ ပြောခဲ့ဖူးတယ်… ကိုညီထွဋ်ရဲ့ အမ်လ်ဘမ်အသစ်ထဲက “ဒဏ်ရာဟောင်းများရဲ့ည” သီချင်းလေးသိပ်ကြိုက်တာပဲတဲ့…… ။ အဲသီချင်းထဲက ဂီတာကိုခပ်ပါးပါးလေးခတ်လိုက်တဲ့အသံ ဘာဂျာသံလေးတွေဟာ သိပ်ကိုလွမ်းဖို့ကောင်းတာပဲ….။ အခု ကျွန်တော့်အခြေနေနဲ့ဆို…ကွက်တိပေါ့…။ ဘာကြောင့်များ ဒီလိုချိန်ကျမှ သီချင်းလေးက တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်နားထဲ တိုးဝင်လာရသလဲ……။

သူဘယ်ရောက်နေသလဲ….။ ကျွန်တော့်ကို တိမ်စိုင်တွေကြားပုန်းပြီးများ ချောင်းကြည့်နေခဲ့သလား…။ လွမ်းဆွတ်မှုတွေနဲ့ ရူးနေသူတစ်ယောက်ကိုများ သူက ဇိမ်ပြေနပြေအဝေးတစ်နေရာက ကြည့်နေမလား….။

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ကတော့ သူ ကျွန်တော့်အနားမှာရှိနေတယ်လို့ ဒီနေ့မှာ ထူးထူးခြားခြား ခံစားမိနေတယ်…။

လုပ်နေကျအတိုင်း လက်ထဲက ကော်ဖီခွက်လေးကိုကိုင်ပြီး ကမ်းပါးအောက်ကို ကျွန်တော်ဆင်းသွားခဲ့တယ်…။ စမ်းချောင်းနဘေးရောက်တော့ ကော်ဖီခွက်ကလေးကို ရေစီးထဲ အသာချပြီးမျောလိုက်တယ်….။ ကျွန်တော် ခွက်လေးကို မျက်စိတဆုံးကြည့်နေမိတယ်…..။ ခွက်ကလေး တော်တော်အလှမ်းဝေးသွားချိန်မှာ ရေစီးထဲ ပန်းဖြူဖြူပွင့်ကလေးတွေ ဖွေးခနဲမျောလာကြတယ်….။ ကျွန်တော် ရင်ခုန်လှိုက်မောစွာ ပန်းကလေးလာရာကို လှည့်ကြည့်လိုက်တယ်…။ 




 
                      


အို…. သူ….။  ကျွန်တော့်ရဲ့ မနှင်းဆီ…။ အဖြူရောင်ချည်ဂါဝန်ခပ်ရှည်ရှည်လေးနဲ့ ကျွန်တော်နဲ့ ဆယ်ကိုက်လောက်အကွာ ကျောက်တုံးတခုပေါ်မှာထိုင်ရင်း ပန်းပွင့်ဖြူလေးတွေအပြည့်ပါတဲ့ ကြိမ်ခြင်းလေးကိုကိုင်ပြီး ပန်းကလေးတွေကိုမျောနေတာ…..။  အညိုဖျော့ရောင်သူ့ဆံပင်တွေက ကျောလည်လောက်ထိ နွယ်ခွေပြီးကျနေတာ… နားထင်နားမှာ အဖြူဆွတ်ဆွတ် နှင်းဆီတစ်ပွင့်…။ မြင်ကွင်းလေးဟာ သိပ်ကဗျာဆန်တာပဲ……။ ကျွန်တော့်ဘဝမှာ မြင်ဖူးခဲ့သမျှ အလှဆုံးပန်းချီကားချပ်ပါပဲ…။

ကျွန်တော်သူ့အနားကို လျှောက်မသွားသေးဘဲ သူပန်းကလေးတွေမျောနေတာကို ထိုင်ကြည့်နေမိတယ်…။ သူကတော့ သူနဲ့ခပ်လှမ်းလှမ်းမှာ ကျွန်တော်ရှိနေတယ်လို့တောင်များ သိနေရဲ့လားမသိ သူ့အာရုံတွေက ပန်းကလေးတွေဆီမှာ စမ်းချောင်းဆီမှာပဲ…..။ သူ့ကြိမ်ခြင်းလေးထဲက ပန်းတွေကုန်သွားတော့ ကျောက်တုံးပေါ်ကသူဆင်းပြီး ကျွန်တော့်ဆီကို ဦးတည်လျှောက်လာခဲ့တယ်….။ ကျွန်တော်က လှမ်းလာနေတဲ့ သူ့ကိုမနှုတ်ဆက်ဘဲ တခုခုညို့ခံထားရသလို သူ့ကိုပဲ မမှိတ်မတုန်ကြည့်နေမြဲ(ဆဲ)။

“ကော်ဖီခွက်ကလေးတွေ ၂၁ လုံးတောင်ရေထဲမျောပစ်လိုက်တာ နှမြောစရာကွယ်…” တဲ့….။

ကျွန်တော့်ဘာသာ ဘယ်နှစ်ခွက်မှန်းတောင်မသိတဲ့ ကော်ဖီခွက်တွေကို သူက တိတိကျကျသိနေတယ်ဆိုတာ ကျွန်တော့်ကို သူအဝေးတနေရာကစောင့်ကြည့်နေတယ်ဆိုတာ သေချာနေပြီ…။ ကျွန်တော်သူ့ကို တစ်ခုခု ပြန်ပြောဖို့ စကားလုံးတွေ အသည်းအသန်ရှာနေပေမယ့် နှှုတ်ကဆွံ့အနေခဲ့တယ်…။

“မနှင်းဆီ.. ခင်ဗျား သိပ်ကို ညို့ယူနိုင်စွမ်းအားပြင်းလွန်းတယ်….”  ဒီစကားလေးဟာ ကျွန်တော့်ရင်ထဲက တိတ်တိတ်ကလေးပဲပြောမိတာပါ…။ တကယ်တမ်း ကျွန်တော့်နှုတ်ခမ်းတွေဟာ အာစေးမိသလို ပွင့်ဟမလာကြ…။

“လာ သွားစို့ အပေါ်မှာ အတူထိုင်ပြီး စကားပြောကြမယ်လေ…” ဆိုပြီး သူက ကျွန်တော့်အကျီၤလက်ဖျားကို လာဆွဲတယ်…။ အဲဒီချိန် သူ့ခေါင်းပေါ်က နှင်းဆီဖြူလေး ရှောခနဲပြုတ်ကျသွားခဲ့တယ်…။ ကျွန်တော်ကောက်ယူပြီး တချက်နမ်းရှိုက်လိုက်မိတယ်…။ ပြီးတော့ သူ့ကိုလှမ်းပေးတော့ သူက တစ်ချက်ပြုံးပြီး သူ့ဆံနွယ်ကြားထိုးပန်လိုက်တယ်……။ သူ့အပြုံးတွေက လျှပ်စီးပန်းတွေလိုပဲ  အလင်းပွင့်သွားခဲ့တာ မျက်လုံးတွေတောင် ကျိန်းစပ်သွားရတယ်..။

သူရောက်လာလိမ့်မယ်လို့ ကျွန်တော်ခံစားလိုက်မိတာ…တကယ်လည်း သူရောက်လာခဲ့တယ်….။

ကျွန်တော်တို့နှစ်ယောက် အခါတိုင်းလိုပဲ  စကားမပြောကြသေးဘဲ  ဟိုးး အဝေးဆီက တိမ်တွေကို မျှော်ငေးရင်း နေကြတယ်…။ သူကတော့ လွတ်လပ်ပေါ့ပါးစွာပဲ ကမ်းပါးအောက်ကိုခြေတွဲလောင်းချထိုင် လက်နှစ်ဖက်ကို အနောက်ဖက်မြက်ခင်းပေါ်ထောက်လျက် အနေထားနဲ့…။ တခါတခါကျ ကျွန်တော်သူ့ကို သိပ်အားကျတာပဲ…။ သူ့ကိုကြည့်လိုက်ရင် အမြဲလွတ်လပ်ပေါ့ပါး ပျော်ရွှင်နေတတ်တယ်…။ ကျွန်တော်ကသာ အပူအပင်တွေပြည့်နှက်နေသူလို့ သူ့ကိုပြောပြတော့…။ “အော်ကွယ်……အပူကင်းတဲ့လူရယ်လို့ လောကမှာရှိလို့လား”တဲ့…..။ ဒါပေမယ့် သူကတော့ တကယ် ကလေးမကလေးတစ်ယောက်လို ဖြူစင်သွက်လက်ပျော်ရွှင်နေတာပဲ မြင်ရတယ်…။ ကျွန်တော်မကြာခဏ ဟစ်ကြွေးခဲ့ဖူးတဲ့ နေချင်စရာမကောင်းတဲ့ လောကကြီးဟာ သူနဲ့တွေ့ပြီး မမှန်ပါလားလို့ တဖြေးဖြေးသိလာရတယ်…..။ တကယ်ဆို လူတွေကကိုယ့်အပူကို လောကကို အပြစ်ပုံချ…. လောကကြီးကနေလို့ထိုင်လို့မကောင်းဘူးလို့ အထင်မြင်တွေလွဲမှားနေကြတာပါ…..။ လောကကြီးဟာ နေတတ်ရင်ကျေနပ်စရာဆိုတာ သူ့ကိုကြည့်ရင်း ကျွန်တော်နားလည်လာခဲ့တယ်……။

“ရှင်နဲ့မတွေ့တဲ့ ရက်ပိုင်းလေးမှာ မျက်နှာတွေချောင်သွားလိုက်တာ ကျန်းမာရေးဂရုစိုက်ဦး….” တဲ့…။ သူ့လေသံထဲမှာ ကျွန်တော့်ကို စိုးရမ်းပူပန်နေတာမျိုးမဟုတ်ဘဲ မိတ်ဆွေအရင်းချာ တစ်ယောက်ကို စေတနာနဲ့ သတိပေးသံပဲပေါက်ပါတယ်….။ ဒုက္ခပဲဗျာ …မနှင်းဆီ… ကျွန်တော် ခင်ဗျားဆီက ဘယ်လောက်ထိများ ဂရုတစိုက်ရှိမှှုကို တောင်းတနေခဲ့မိနေသလဲ…။



                      



“ကျွန်မ ဒီနေ့လာခဲ့တာ ရှင့်ကို လာနှုတ်ဆက်တာ…”  သူက မြက်ခင်းစိမ်းတွေကြားက အဝါရောင်ပန်းပွင့်သေးသေးလေးတစ်ပွင့်ကိုဆွဲနုတ်ပြီး လက်မနဲ့လက်ညိုးကြား လှည့်ကစားနေတယ်…။
သူက ကျွန်တော့်ကို လာနှုတ်ဆက်တာတဲ့ သူဘယ်သွားမှာမို့လို့လဲ…။ တကယ်ဆို ကျွန်တော်လည်း ဒီနေရာလေးကို ဒီနေ့နောက်ဆုံးလာခဲ့တာပါ… သူရောက်မလာခဲ့ရင်တောင် သူနဲ့အတူထိုင်စကားပြောဖူးတဲ့ နေရာလေးကို နောက်ဆုံးအနေနဲ့လာနှုတ်ဆက်တာပါပဲ…။ ခုတော့ သူက ဦးသွားခဲ့ပြီ…။

“ကျွန်မက ပတ်ဝန်းကျင်ကို ဂရုစိုက်တတ်တဲ့သူတစ်ယောက်မဟုတ်ပါဘူး… ဒါပေမယ့် ကျွန်မလက်တွေ့ဘဝကို သွားဖို့အချိန်တန်ပြီလို့ထင်လို့ ခုလိုဆုံးဖြတ်လိုက်တာပါ… ဒီနေရာလေးကိုဘယ်တော့မှ မလာတော့ဘူးလို့ ဆုံးဖြတ်တာမဟုတ်ပါဘူး… အချိန်ရတဲ့အခါ လူတွေကိုငြီးငွေ့လာတဲ့အခါ မွန်းကျပ်မှုတွေများလာတဲ့အခါ ဒီနေရာလေးကို ကျွန်မရောက်လာခဲ့ဦးမှာပါ… ရှင်လည်း ဒီလိုပဲဆုံးဖြတ်လိမ့်မယ်ထင်ပါတယ်…”

“ကျွန်တော်လဲ ဒီနေရာလေးကိုနှုတ်ဆက်ဖို့ရောက်လာတာပဲ ခင်ဗျားနဲ့ကျွန်တော် စိတ်ကူးချင်းတူသွားတာ…” လို့ပြန်ပြောလိုက်တဲ့ ကျွန်တော့်အသံတွေ အနည်းငယ်တုန်ယင်နေကြတာ သူမရိပ်မိလောက်ဘူးထင်ရဲ့…။

ဝါသနာတူချင်းမို့ ကျွန်တော်တို့အတွေးတွေပဲ ကူးစက်သွားကြသလား မနှင်းဆီ…။ ဟုတ်တယ် သူပြောသလိုပဲ ကျွန်တော်တို့ တစ်နေ့တစ်နေ့ဒီနေရာလေးကို အချိန်ကုန်ခံပြီး နေ့တိုင်း မလာသင့်တော့ဘူး….။ စိတ်ကူးယဉ်စရာတွေပြည့်သိပ်နေတဲ့ စိတ်ချမ်းသာစရာ ကောင်းတယ်လို့ ထင်ရပေမယ့် ကျွန်တော်တို့ လက်တွေ့ဘဝကိုဆက်လျှောက်ကြရဦးမယ် မဟုတ်လား…။

ကျွန်တော်သက်ပြင်းချပြီး သူ့ကိုလှည့်ကြည့်တော့ သူကျွန်တော့်နားမှာမရှိတော့ဘူး…..။ ဒီလောက်ပဲမြန်မြန်ဆန်ဆန် ကိုယ်ယောင်ဖျောက်ရသလား…။ သူထိုင်ခဲ့တဲ့ မြက်ခင်းပြင်ပေါ်မှာ သူ့ခေါင်းပေါ်က နှင်းဆီဖြူလေးကျကျန်ရစ်ခဲ့တယ်…။ ကျွန်တော် ကောက်ယူပြီး အိတ်ကပ်ထဲ ထည့်လိုက်တယ်….။

ကျွန်တော်တို့ ဘယ်လောက်ကြာမှ ဒီနေရာမှာ ထပ်ဆုံကြဦးမလဲ…. အဲဒီအတွေး ကျွန်တော့်ခေါင်းထဲ မကြာခဏဝင်မလာစေဖို့ ရက်ပေါင်းများစွာ ကျွန်တော်လေ့ကျင့်ရလိမ့်ဦးမယ်…..။



 





ဒဏ်ရာဟောင်းများပဲဒီည ဘယ်လိုမှပြေးလို့မလွတ်နိုင် ငိုချင်လျက်လက်တို့နေသလား အဝေးမှာ နင်ကြိုက်တဲ့သီချင်းသံ ကမ္ဘာကလည်းတိတ်ဆိတ်နေပြီ အမှောင်တွေပဲကြီးစိုးထားသည် တခါတရံမှာဂီတာသံလေးတစ်ခု ဟိုအဝေးကလွှင့်ပျံ …… ကြယ်တွေကြွေတာကြည့်နေမယ် တိမ်တွေလိုငါမျောနေတယ် ဘဝရဲ့ အစိတ်အပိုင်းများစွာဟာ တခုပြီးတခုပဲ့ထွက်ကုန်မလား ငါသေမလိုဘဲလွမ်းနေတာ……




 ဇော်ဝင်းထွဋ် - လူ အမ်ဘမ်မှ - အဆုံး



မိုးငှေ့ 


7 comments:

စံပယ်ချို said...

ကော်ဖီခွက်ကလေးတွေ ၂၁ လုံးတောင်နော်
........************.......
ဒုက္ခပဲဗျာ …မနှင်းဆီ… ကျွန်တော် ခင်ဗျားဆီက ဘယ်လောက်ထိများ ဂရုတစိုက်ရှိမှုကို တောင်းတနေခဲ့မိနေသလဲ......
ဖတ်ရင်း ရင်ခုန်မိသူပေါ့ကွယ်

မိုးသက် said...

မကြီးမိုးငွေ့ဆီက သီချင်းတော့ ကြိုက်သွားပြီ..။
အက်ဆေးကောင်းကောင်း မရေးတတ်ပေမယ့် မကြီးမိုးငွေ့ရေးသလို အနုအရွလှလှလေးတွေ ရေးတတ်ချင်တယ်.။

Aunty Tint said...

ခေါင်းစဉ်ကွဲ သောကတွေကြားက ခံစားမှုတွေဟာ လောကကြီးရဲ့ အပြစ်မဟုတ်ဘူးနော်...
ဝတ္ထုလေး ခံစားအားပေးသွားတယ် မိုးငွေ့ရေ..
ညထဲကဖတ်ပြီး ကွန်မန့်ပေးမယ်လုပ်တုန်း ကွန်ကျသွားလို့ ထပ်ပြီး ဖတ်ဖြစ်သွားတယ် .. :)

မေတ္တာဖြင့်
တီတင့်

Thu said...

ဟတ်ထိတယ်..မမ <3
အသူလဲ အဲ့လိုအက်ဆေးလှလှလေးရေးတတ်ချင်တာ
@Ahthu

Anonymous said...

သီချင်းတစ်ပုဒ်ကို အရင်းပြုပြီး ရေးထားတဲ့ ၀တ္ထုတိုလေး၊
သက်ဝင်အားကောင်းတယ် အမ :)

(ဒါပေမယ့် ၀စ်စာနှစ်လုံးပေါက်တွေကို တစ်လုံးတည်း ရေးရင် ပိုကောင်းမယ်နော်၊ ကိုယ့်အမြင်လေးကို ချပြသွားယုံပါ အမ၊ လူတိုင်းမှာ လွတ်လပ်ပိုင်ခွင့်ရှိတာကြောင့် အမ သဘောကျတဲ့အတိုင်း ရေးပါ) :)

အမ်တီအန် said...

ကော်ဖီပန်းကန်လှလှလေးတွေ ရောင်းဒယ်... ၀ယ်ဒယ်... (၂၁လုံးတောင်...များလိုက်တာ.. ညီမလေး) သြော်.. ခံစားဖွဲ့နွဲ့တတ်ပုံများ...

အမ်တီအန်
(မြသွေးနီ)

Phyu Lwin said...

ချစ်စရာပုံလေးတွေရယ် .. သီချင်းလေးရယ် နဲ့ လွမ်းစရာအက်ဆေးနုနုလေး <3