Friday, 21 March 2014

ပြိုလဲကြေကွဲ ကိုယ်လွမ်းနေပါတယ်.....



 



နက်ပြာရောင်ကောင်းကင်မှာ မီးပုန်းလေးတစ်လုံးချိတ်ဆွဲထားတဲ့သဏ္ဍာန်နဲ့ တပေါင်းလပြည့်ကျော်ရဲ့ လရောင်ဝါဝါ…. သူနဲ့သိပ်မနီးမဝေးလေးမှာ လင်းလက်နေတဲ့ကြယ်ကလေးတစ်လုံး… နှစ်လုံး… ဟုတ်တယ် ကောင်းကင်ပြင်ကြီးတစ်ခုလုံးမှာ လဝါဝါရယ် ငွေကြယ်လေးနှစ်လုံးရယ်ပဲ ထင်သာလင်းပနေကြတယ်…။ နွေဦးလေက ခြောက်သီးခြောက်ကပ်တိုက်ခတ်လာတော့ ကိုယ့်ဆံနွယ်တွေလွှင့်ပျံကုန်ကြတယ်…။ မင်းကို ဆွတ်ဆွတ်ပျံ့ပျံ့လေးလွမ်းအောင်များ ပံ့ပိုးတိုက်တွန်းပေးနေကြသလား…။ ကိုယ်ဖုန်းကောက်ကိုင်ပြီး မင်းဆီကို မက်ဆေ့ပို့ဖို့ လက်ခံသူနေရာမှာ မင်းနာမည်ကိုရိုက်ထည့်ပြီး မင်းဖုန်းနံပါတ်ကိုရှာလိုက်တယ် မင်းနာမည်လေးပေါ်လာချိန်မှာ done ကိုနှိပ်ဖို့ ကိုယ့်လက်တွေတွန့်ဆုတ်နေကြတယ်…။ နောက်ဆုံးကိုယ်ဖိချလိုက်တယ်…. done တော့ မဟုတ်ဘူး… cancel ကိုပါ…။ တကယ်တော့လည်း ပတ်ဝန်းကျင်ကို ဆွဲထည့်စရာမလိုပါဘူး… မင်းကိုလွမ်းတဲ့ ဓါတ်ခံက နဂိုကတည်းကိုက နှလုံးသားရဲ့ တောင့်တနေရာမှာ ကိန်းအောင်းနေပြီးသားမဟုတ်လား..။ ဒါကို ကိုယ်မေ့ထားလို့ လစ်လျူရှုထားလို့ ခဏပဲရချင်ရမယ်လေ….။ အိန်ဂျယ်ရယ်….ကိုယ်လေ အခုမင်းနဲ့သေမလောက်အောင် ဖုန်းစကားပြောချင်နေတယ်..။ ကိုယ့်လက်ထဲမှာ ဖုန်း၊ မင်းနာမည်လေးကို ခလုတ်ကလေး တစ်ချက်နှိပ်လိုက်ရုံနဲ့ မင်းအသံကို ကိုယ်ကြားရမယ်….။ ခုမင်း ဘာဖုန်းကိုင်နေလဲ အရင်လိုပဲ Black Berry ကိုင်တုန်းလား ဒါဆို ကိုယ်မင်းဆီကို မြန်မာဖောင့်နဲ့ပို့ရင် အရင်လိုပဲမင်းဘယ်မြင်ရမလဲနော်…။ ဒါမှမဟုတ် မင်းတခြားဖုန်းပြောင်းကိုင်နေပြီလား….။ ဒါပေမယ့်ကွယ်….. ကိုယ့်မိတ်ဆွေတစ်ယောက်ပြောသလိုပဲ… နှလုံးသားအရေးထဲကို ဦးနှောက်ပါလာရင် အဲကိစ္စဟာ အကောင်ထည်ဖော်ဖို့ ရုပ်လုံးကြွဖို့က သိပ်ကိုခက်ခဲသွားပြီဆိုတာ သိပ်မှန်တာပဲ….။ နှလုံးသားကိစ္စကို  နှလုံးသားကပဲဆုံးဖြတ်ပါစေပေါ့လို့… ကိုယ့်ဦးနှောက်တွေက အမြဲတစေတားဆီးပိတ်ပင်ထားကြတယ်……။ နှလုံးသားကနာကျင်ခံခက်စွာနဲ့ မျက်ဝန်းနှစ်ဖက်ဆီကနေ မျက်ရည်တွေအဖြစ် သွန်ချလိုက်သလို နာကျင်စူးနစ်တဲ့ဝေဒနာတွေက လည်ချောင်းတလျှောက် ခါးသက်စွာစီး ဆင်းသွားကြတယ်…။

လွမ်းတယ်…အိန်ဂျယ်ရယ်….

ကိုယ့်မှာ ဒီလိုပဲ တီးတိုးညည်းဆိုပိုင်ခွင့်ရှိတယ် အိန်ဂျယ်….။

မင်းသိလား… ကိုယ်နောက်ဆုံးတစ်ခေါက် ကမ်းခြေကိုရောက်ခဲ့တုန်းက မင်းကို ကိုယ်ဘယ်လောက် သေမလောက် သတိရနေခဲ့သလဲလို့ လွမ်းဆွတ်နေခဲ့သလဲလို့…။ ကိုယ့်ရဲ့ကမ်းခြေခရီးတွေမှာ ခုတစ်ခေါက်က ကိုယ့်ကို ပျော်ရွှင်မှုမပေးနိုင်ဆုံးပဲ….။ တိုက်တိုက်ဆိုင်ဆိုင် ကိုယ်နေတဲ့အခန်းဘေးမှာ မင်းတို့လိုပဲ ဂီတာတီးပြီးသီချင်းတွေဆိုတဲ့ လူငယ်တစ်သိုက်ရှိနေတယ်…။ မင်းစဉ်းစားကြည့်ပါ ကိုယ်နေရာကနေမင်းတွေးကြည့်ပေးပါ… ကိုယ်ဘယ်လောက်ထိမင်းကို လွမ်းလိုက်မလဲလို့…။ ကိုယ်လေ… ညဖက် သောင်ပြင်ဖက်ကိုလမ်းလျှောက်ကြည့်တယ်…။ ညကမှောင်မိုက်တိတ်ဆိတ်လွန်းလို့ မင်းတို့တုန်းကလို မီးပုံပွဲလုပ်မယ့်သူလဲမရှိဘူး….။ ဟိုးး နေရာလေးမှာပေါ့ မင်းနဲ့သူငယ်ချင်းတွေ မီးပုံပွဲလုပ်ပြီး သီချင်းတွေဆိုကြတာလေ….။ အဲဒီတုန်းက မင်းကို ကိုယ်ခပ်ဝေးဝေးက ငေးမောပြီးပဲ ကြည့်ခဲ့ရတယ်…။ မီးပုံပွဲမလုပ်ခင် ကိုယ့်အခန်းရှေ့ကနေ မီးပုံပွဲအတွက် စားစရာတွေသယ်ပြီး ဖြတ်သွားတိုင်း မင်းက ကိုယ်သိပ်ကိုစွဲလန်းမြတ်နိုးလွန်းတဲ့ အပြုံးဖြူဖြူလေးတွေ ခြွေချတတ်တယ်…။

မင်းအပြုံးတွေနဲ့ဝေးနေခဲ့ရတာ ဘယ်လောက်ကြာပြီလဲ အိန်ဂျယ်….။
မင်းမျက်ဝန်းတွေဆီက တောက်ပတဲ့ကြယ်ပွင့်ကလေးတွေကို မမြင်ရတာလဲဘယ်လောက်ကြာပြီလဲ… ။ ဂျစ်ကန်ကန် ဘုကျကျ မင်းနှုတ်ဖျားဆီက စကားလုံးတွေလဲ မကြားရတာဘယ်လောက်ကြာပြီလဲ…။

ကိုယ့်ကိုယ်ကိုပြန်အကျဉ်းချထားရတာ ဘယ်လောက်ပင်ပန်းလဲ မင်းသိမှာမဟုတ်ပါဘူး….။

ကိုယ်အတွက် ထွက်ပေါက်ဆိုလို့…. မင်းတိတ်တဆိတ်လာပြီး ဖတ်ခွင့်ရှိတဲ့ ဟောဒီနေရာလေး တစ်နေရာပဲ ရှိတာပါ…။

ဘယ်တော့မှလဲ ခြေရာတွေထားသွားမှာမဟုတ်တဲ့မင်းဆီက ကျေးဇူးပြုပြီး မှတ်ချက်လေးပေးခဲ့ပါလားလို့ တောင်းဆိုဖို့ အသင့်ရဲတဲ့ ကိုယ်ကသာ ရူးနှမ်းသူတစ်ယောက်ပါ…။


မိုးငွေ့

1 comment:

အမ်တီအန် said...

အိန်ဂျယ်စီးရီးတွေက ဖတ်ရင်းကနေ
မိုးငွေ့ဆိုလိုက်တာနဲ့ အိန်ဂျယ်လို့ တွဲမြင်နေမိတဲ့အထိ။ ပြင်ပကမ္ဘာမှာ အိန်ဂျယ်တကယ် ရှိမရှိဆိုတာထက်၊ မိုးငွေ့ရဲ့ ပို့စ်တွေထဲက အိန်ဂျယ်ပျောက်သွားမှာကိုတောင် စိုးရိမ်လာမိတဲ့အထိ အိန်ဂျယ်နဲ့ စာဖတ်သူတွေ နီးကပ်လာခဲ့...။

ခင်မင်သော-
ုမြသွေးနီ