Tuesday, 18 March 2014

မောင်နှင့်သူ၏ရှားစောင်းလက်ပတ်ပင်




“မီရေ...ဒီမှာခဏထပြီးလာကြည့်ပါဦး ကိုယ့်အပင်ကို ဘာကောင်လာယက်သွားလဲ မသိဘူး မြေကြီးတွေလဲ ပွလန်ကျဲလို့”

အိမ်ရှေ့ဝရံတာမှ တကျော်ကျော်အော်နေသော မောင့်အသံကြောင့် ကျွန်မမျက်လုံးပွတ်ပြီး ခေါင်းရင်းက နှိုးစက်နာရီလေးကို လက်နှင့်စမ်းယူကြည့်လိုက်တော့ မနက် ခြောက်နာရီထိုးပြီး ငါးမိနစ်စွန်းရုံရှိသေး...။ တနင်္ဂနွေမနက်မှာ ဘာအတွက်များ မောင်ကစောစောစီးစီးထပြီး ဝရံတာရောက်နေရသတုန်း...။ မှန်တင်ခုံပေါ်က ခေါင်းစည်းကြိုးလေးယူပြီး ဆံပင်ကိုခပ်မြင့်မြင့်စုချည်လိုက်၏...။ 

အိမ်ရှေ့ဧည့်ခန်းရောက်တော့ အလင်းရောင်ခြည်က ဝိုးတိုးဝါးတား မြူတွေထူထပ်စွာ အုပ်စိုင်းနေကြသည်။   မောင်တစ်ယောက်တော့ သူ့အပင်အိုးလေးနားမှာ ကုံးကုံးကွကွနဲ့..။

“ဘာဖြစ်တာလဲ မနက်စောစောစီးစီး အသံတွေထွက်နေတယ် ဒီမှာ သူများကအိပ်မက်လို့ကောင်းတုန်း”

“ဒီမှာလေ... ကိုယ့်ရှားစောင်းပင်အိုးထဲ ဘာအကောင်လာယက်သွားလဲမသိ မြေကြီးတွေလဲ ပွကျဲပြီးကျနေတယ်...”

မောင်ပြောတော့ သူ့အပင်အိုးထဲကိုကြည့်လိုက်မိသည်...။ အပင်ကိုတော့ ဘာမှမလုပ်ဘဲ မြေကြီးကိုလက်နှင့်လျက်ထားဟန်တူသည်...။ အပင်ခြေရင်းကမြေကြီးမှာ ကျင်းသေးသေးလေးတောင် ဖြစ်လို့နေသည်။

“ကြောင်ဖြစ်မယ်နဲ့တူတယ်... အင်းး ဒီတိုက်မှာ ကြောင်မွေးတဲ့သူလဲမရှိပါဘူး တခါမှမတွေ့ဖူးဘူး ငှက်များဖြစ်မလားဟင် ... ဒါဆိုရင်တော့ မောင် စီတီအဟောင်းတချပ်ရှာပြီး ကြိုးချည်ဒီအပင်နား တွဲလောင်းချိတ်ထားလိုက်”

မောင်က သူ့အပင်ကိုမြေကြီးပြန်ဖို့ရင်း ကျွန်မကိုတစ်ချက်လှည့်ကြည့်လိုက်သည်..။

“အမယ် မီက ဒါတွေဘယ်က ဘယ်လိုသိနေရတာတုန်း အပင်စိုက်တာဖြင့် ဝါသနာတောင် မပါဘဲနဲ့...”

ကျွန်မက လက်ကလေးပိုက်ပြီး တံခါးဘောင်လေးကိုမှီလျက်က မောင့်ကို ဆရာကြီးလေသံနှင့်ပြန်ဖြေလိုက်လေသည်..။

“အော်... ဒီလိုပါပဲ.. စာတွေဖတ်ထားတော့ ကြားဖူးနားဝကရှိနေတယ်လေ...စမ်းကြည့်ပါ.. တကယ်ထူးခြား မထူးခြားသိရအောင်ပေါ့ ”

မောင်သူ့အပင်ကလေးနဲ့ အလုပ်ရှုပ်နေတုန်း ကျွန်မကတော့ ဝရံတာလက်တန်းပေါ်လက်တင်ရင်း မနက်စောစောလေကို အားပါးတရရှူနေလိုက်သည်...။

“ မီ ပြီးရင် ပြန်ဝင်အိပ်မနေနဲ့ဦးနော်... ကိုယ်နို့ဖျော်ထားပေးတယ်... ပဲပြုတ်ထမင်းလုပ်ထားတယ် ကြက်ဥကြော်နဲ့..”

ပိတ်ရက်ဆို မောင်က အဲဒီလို စိတ်ရှည်လက်ရှည် ကျွန်မကို ပြုစုတတ်သေးသည်..။ 

“ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ် ချစ်သောမောင်... သြော်...နေထွက်ရင် မောင့် Cactus အပင်လေးတွေကို နေပြရဦးမယ်နော်...”

ပြီးခဲ့သည့်တစ်ပတ် မြေပဒေသာကျွန်းမှ မောင်ထပ်ဝယ်လာခဲ့သော လက်တဖဝါးကိုင်စာ အရောင်စုံ ကန္တာရဆူးပင်ကလေး..။ တပတ်ကိုရေတခါလောင်း ငါးရက်တခါနေပြရမည်ဟု ဆိုင်ကမှာလိုက်သည်ကို မောင်မမေ့အောင် ကျွန်မက သတိပေးအချိန်ဇယားကလေးလုပ်ပေးထားသည်...။

ရုက္ခဗေဒဘာသာနှင့်ကျောင်းပြီးသူမို့ အပင်စိုက်ဝါသနာပါတာမဆန်းပေမယ့် ကျွန်မတို့လို တိုက်ခန်းကျဉ်းနှင့် နေသူများ ပန်းပင်ပန်းအိုးများထားစရာနေရာမှာ လသာဆောင်မှလွဲ၍ အခြားမရှိတော့..။ ဒါကြောင့်မောင်က သိပ်မနုမယုယဘဲ စိုက်ရလွယ်ကူသည့် အပင်များကိုသာရွေးချယ်ဝယ်ခဲ့ ဟန်တူပါသည်...။ ကျွန်မက အပင်စိုက်တာ ဝါသနာမပါပေမယ့် မောင့်အတွက်အပင်စိုက်ဖို့ ကိရိယာတန်ဆာပလာများ ကိုတော့ ဈေးဝယ်ထွက်တိုင်းတွေ့ရင် ဝယ်ဝယ်လာပေးပါသည်..။ ကျွန်မက မောင့်ရဲ့ ပါရမီဖြည့်ဖက်မဟုတ်လား...။

တစ်ညမှာ ထမင်းစားကြပြီး တီဗီရှေ့ရောက်နေချိန်... မောင်က သူ့ရှာစောင်းပင်မှ တဖတ်ခွာယူကာ အခွံစိမ်းတွေဓါးနှင့်လှီးပစ် အတွင်းပိုင်းမှ ဂျယ်လီကဲ့သို့ကြည်လင်းအေးမြသော အတုံးကလေးများနှင့် မျက်နှာလာပွတ်ပေးပါသည်...။ အသားရေကောင်းသည် ဟူ၏ ။ တဖန် ဆံပင်ဦးရေအေးမြအောင်လို့ ခေါင်းမလျှော်ခင် ဦးရေကိုပွတ်ပြန်၏...။ အစာအိမ်အတွက် သွေးတွင်းအဆီကျဖို့အတွက် သကြားနဲနဲနဲ့ဖျော်သောက်ရတာနဲ့ မောင်တစ်ယောက် သူ့ရှားစောင်းလေးအသုံးဝင်ပုံကို တမျိုးပြီးတမျိုး မရိုးနိုင်စွာလုပ်ပါတော့သည်...။

မောင်က ဘုရားပန်းကပ်ဖို့ အိမ်အလှပန်းအိုးထိုးဖို့ တခါတလေအလုပ်သွားလျှင် ကျွန်မခေါင်းမှာပန်ဖို့ အလှပန်းကလေးတွေစိုက်ချင်တာပါတဲ့...။ ဒါပေမယ့်လည်း နေရာမရှိတာရယ် အပင်တွေကို ပျိုးထောင်ဂရုစိုက်ဖို့ အချိန်မရတာရယ်နဲ့ အဲစိတ်ကူးကို အကောင်ထည်မဖော်တော့တာ...။ ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ အပင်လေးတွေကို ချစ်တတ်သော မောင့်လိုလူမျိုးနှင့်လက်တွဲဖော်ဖြစ်ရလို့ ဝမ်းသာပီတိ ဂွမ်းဆီထိပါ၏...။


မိုးငွေ့

8 comments:

mstint said...

တစ်ခန်းရပ်ဝတ္တုလေး ဖတ်သွားတယ် မိုးငွေ့ရေ။
ရှားစောင်းလက်ပတ်ပင်က ဆေးဖက်ဝင်တာမို့ တီတင့်အိမ်မှာလဲ အိုးပေါင်းများစွာစိုက်ထားတယ် :)
အိမ်ကလူတွေက ဂျယ်လီလွှာလေးကို မျက်နှာမှာကပ်ကြပြီး သားတို့အဖေကြီးကတော့ ဂျယ်လီလွှာလေးကို ပျားရည်နဲ့ ခလောက်မွှေပြီး သောက်လေ့ရှိတယ်။

မေတ္တာဖြင့်
တီတင့်

ဖက်တီးလေး said...

လျှာနဲ့လျက်... ခြေနဲ့ယက်...

Cameron said...

စားလုံးပေါင်းပြင်ပေးတဲ့အတွက်ကျေးဇူးပါ

ဆွေလေးမွန် said...

ကြည်ကြည်နူးနူးဖတ်သွားပါ၏။

Unknown said...
This comment has been removed by the author.
အမ်တီအန် said...

ပို့စ်လေးနဲ့စွဲဆောင်ပြီး ရှားစောင်းလက်ပတ်ပင် အသုံးဝင်ပုံလေး ရေးသွားတယ်ပေါ့...။ အစ်မလည်း ကြိုက်တယ်။ အအေးခံပြီး လိမ်းကြည့်နော်။ ပိုကောင်းတယ်။

ညီလင်းသစ် said...

ဒီဝတ္ထုလေးရဲ့ ဦးတည်ရာကို ရှာရင်းရှာရင်းနဲ့ပဲ တပြုံးပြုံးနဲ့ ဖတ်သွားလိုက်မိတယ်...၊ ရှားစောင်းလက်ပတ် အသုံးဝင်ပုံ၊ ချစ်ခင် ကြင်နာသော စုံတွဲကလေး၊ တိုက်ခန်းနေ လူတန်းစားတို့ ဘဝ၊ အပင်နှင့်ငှက်များ၏ သဘောသဘာဝနှင့် သဟဇာတ... etc. etc....းD

Iora said...

ကိုညီလင်းသစ်လိုပဲဦးတည်ရာကိုရှာရင်းရှာရင်း..
ရှားစောင်းလက်ပတ် အသုံးဝင်ပုံ၊ ချစ်ခင် ကြင်နာသော စုံတွဲကလေး၊ တိုက်ခန်းနေ လူတန်းစားတို့ ဘဝ၊ အပင်နှင့်ငှက်များ၏ သဘောသဘာဝနှင့် သဟဇာတ..
စသည်..စသည်များ...ခံစားရင်း

အိုင်အိုရာ