Wednesday, 15 January 2014

ပန်းမဟုတ်သော ပန်းတစ်ပွင့်ရဲ့ရင်ဖွင့်သံ....






မြူနှင်းတွေစဲပြီ အိန်ဂျယ်……။

သည့်တိုင်…မင်းရောက်မလာခဲ့ပါဘူး……။ ကိုယ့်ဆီကို ဘယ်တော့မှပြန်ရောက်မလာတော့တဲ့ မင်းကို ဘာ့အတွက်ကြောင့်နဲ့ ကိုယ်မျှော်လင့်နေရသေးသလဲလို့ သူတို့တော့မေးကြတော့မှာပဲ…။ ကိုယ်ဘယ်လိုဖြေလိုက်ရမလဲ…..??

ဘာလိုလိုနဲ့ မင်းနဲ့ကိုယ်စဆုံခဲ့တာ သုံးနှစ်တင်းတင်းပြည့်တော့မယ် … ဒါပေမယ့် မင်းကိုယ့်အနားကနေ အပြီးပိုင်ခွဲခွာသွားခဲ့တာတော့ ဒီနေ့ဆိုဆယ့်လေးလတိတိရှိခဲ့ပြီ…။ ဘာကြောင့် (၁၄)ရက်နေ့ဆိုတဲ့ နေ့စွဲဟာ… ကိုယ့်အတွက် မင်းထားရစ်ခဲ့တဲ့ နေ့စွဲဖြစ်နေရတာလဲ….။ 

ကိုယ်ဟာ မင်းအတွက် ချစ်စရာမိန်းမတစ်ယောက်မဟုတ်ခဲ့ဘူး….. ကိုယ်ဟာ မင်းအတွက် ဆွဲဆောင်နိုင်တဲ့ မိန်းမတစ်ယောက်မဟုတ်ခဲ့ဘူး…. ကိုယ်ဟာ မင်းအတွက် ဘာမှအသုံးမကျတဲ့ မိန်းမပဲဖြစ်ခဲ့တယ်….။
မိန်းမ မဆန်တဲ့ကိုယ်…. မင်းချစ်လာအောင် မူနွဲ့မပြတတ်တဲ့ကိုယ်… အေးစက်စက်ထုံပေပေရှိလှတဲ့ကိုယ် အဲဒီကိုယ့်ရဲ့ ဘယ်တော့မှပြုပြင်လို့မရတဲ့ ရှိရင်းစွဲအမူအကျင့်တွေကြောင့် ကိုယ်ဟာ သိပ်ချစ်တဲ့မင်းရဲ့ ထားရစ်ခဲ့ခြင်းကိုခံခဲ့ရတာပါ……။ 

မင်းကတော့ ဒီဆောင်းတတွင်းလုံး ဘုရားကျောင်းရဲ့ဝေယျာဝိစ္စတွေကို ကူလုပ်ရင်း မင်းတို့ဘုရားသခင်ရဲ့အရိပ်အာဝါသအောက်မှာ ပျော်ရွှင်အေးချမ်းနေရောပေါ့….။ 

ဝမ်းသာပါတယ် အိန်ဂျယ်..။

ကိုယ့်စာတွေကို မင်းလာဖတ်သေးလား… ကိုယ်သိချင်လိုက်တာ….။

နာကျင်ခံစားမှုတွေကို ပိုက်ထွေးရင်း မိန်းမတစ်ယောက် ယနေ့ထိတိုင်ကြေကွဲလွမ်းဆွတ်နေဆဲ ဆိုတာ မင်းသိနိုင်ကောင်းပါရဲ့….။

နာကျင်မှုတွေဆိုတာ မင်းပေးခဲ့တဲ့လက်ဆောင်မဟုတ်ပါဘူး…။ ကိုယ်ကိုယ်တိုင် ပွင့်ရိုက်စက္ကူလှလှလေးနဲ့ အဲဒီနာကျင်မှုတွေကိုထုပ်ပိုး ဖဲကြိုးလှလှလေးနဲ့ချည်ခဲ့တာပါ….။

ယုဇနပန်းတွေဖွေးခနဲ ချုံလိုက်ပွင့်နေကြပြီ အိန်ဂျယ်….။
ကိုယ်ဟာ ပန်းမချစ်တတ်တဲ့ မိန်းမမဆန်တဲ့မိန်းမတစ်ယောက်ပါ….။ ဒါပေမယ့် အဲဒီပန်းပွင့်ဖြုူဖြူသေးသေးမွှေးမွှေးလေးတွေကိုမြင်တိုင်း မင်းကိုမြင်ယောင်မိတယ် နင့်နဲစွာသတိရမိတယ်…။



မိုးငွေ့

2 comments:

သဒ္ဓါလှိုင်း said...

မမိုးရဲ့ အိန်ဂျယ် ဖတ်တိုင်း
ရင်ထဲမှာ နင့်နင့်နဲနဲ ခံစားရတာ ဘာကြောင့်ပါလိမ့်.
မမိုးရဲ့ လှပတဲ့ခံစားမှု ရသ တွေကြောင့်ပဲပေါ့နော်.
ချစ်ခင်စွာ
သဒ္ဓါ

သိ င်ျဂါ ရ said...

ကမ္ဘာ ရဲ့ တစ်နေရာမှာ ...

အိန်ဂျယ် ကို စောင့်နေဆဲ မိန်းမတစ်ယောက် ရှိတယ်

ဆိုတာ ... အိန်ဂျယ် သိပါစေ ... :)