“ခင်ဗျားက ရည်စားအသစ်နဲ့ သိပ်ပျော်နေတာပေါ့ ဟုတ်လား” တဲ့...။
မောင်နဲ့ကိုယ် ဗိုလ်ချုပ်ဈေးမှာ ဈေးဝယ်ပြီး ဇော်ဂျီမှာ အအေးသောက်နေတဲ့အချိန် ဝင်လာတဲ့ ဖုန်းမက်ဆေ့ပါ...။
မောင့်ကိုအားလည်းနာ ကိုယ့်အတွက်နဲ့မောင်စိတ်ဆင်းရဲနေမှာစိုးလို့ မက်ဆေ့လေးကိုဖျက်ပစ်ပြီး သူ့ကိုမသိမသာရှာကြည့်လိုက်တယ်...။ မတွေ့ပါဘူး...။ အင်းလေ သူတစ်နေရာရာကနေ လှမ်းတွေ့လို့ ကိုယ့်ကို ကျစ်သွားတာဖြစ်မှာပါ...။
မောင်က သူ့ကင်မရာနဲ့ ဟိုပုံရိုက်ဒီပုံရိုက်ကလိနေလို့ ကိုယ့်အဖြစ်ကိုမသိလိုက်...။ မောင်မှာထားတဲ့ ထောပတ်သီးဖျော်ရည်ခွက်ကို လှမ်းယူပြီး မွှေပေးလိုက်တယ်..။ မောင်က ကိုယ့်ကိုကြည့်ပြီး ကင်မရာနဲ့ချိန်ပြီးရိုက်လိုက်တယ်...။
“ကိုယ်ဘယ်တော့ကျမှ မင်းရဲ့ မော်ဒယ်ဘဝကလွှတ်မြောက်မလဲ ပြောပါဦး...မောင်”
“မ.. ကျွန်တော့်ကိုလက်ထပ်လိုက်တဲ့နေ့ပေါ့..”တဲ့...။
မောင်နှုတ်က ထွက်ကျလာနေကျ အလွတ်ရနေတဲ့ ဝါကျတစ်ကြောင်းကို ကိုယ်ထပ်ကြားချင်လို့မေးလိုက်တာပါ....။ ဒါပေမယ့် ကိုယ်အဲဝါကျကိုတော့ သိပ်သဘောမတွေ့ပါဘူး...။ ကိုယ်နဲ့မောင်လက်ထပ်လိုက်တဲ့နေ့မှာ ကိုယ်က မောင့်ရဲ့ ရာသက်ပန်မော်ဒယ်အဖြစ် အဆင့်မတိုးဘဲ အလုပ်ကနှုတ်ထွက်ရပ်ဆိုင်းရသလိုဖြစ်မနေဘူးလား...။
ဒီတစ်ခါတော့ ကိုယ်ခါတိုင်းလို ပြုံးမနေတော့ဘဲ..။
“ဒီလိုဆိုရင်တော့ ကိုယ်မင်းနဲ့ဘယ်တော့မှလက်ထပ်ဖြစ်မှာမဟုတ်တော့ဘူး မောင်...”
တကယ်တော့ ကိုယ်မောင့်ကို“မောင်”လို့ခေါ်ရတာ သူ့နာမည်သုံးလုံးထဲက တစ်လုံးကိုအဖျားဆွတ်ခေါ်ခြင်းပါ..။
ကိုယ့်စကားကြောင့် မောင်က သူ့ကင်မရာကို ချက်ချင်းအောက်ချပြီး ကိုယ့်ကိုစိုက်ကြည့်လာတယ်..။
“မ...ဆီက အဲလိုငြင်းလိုက်မှာကို ကျွန်တော်အကြောက်ဆုံးပဲဆိုတာ မ..သိရက်သားနဲ့... မနောက်ပါနဲ့ဗျာ”
“ကိုယ်မနောက်ပါဘူး... ကိုယ်က မင်းရဲ့ ရာသက်ပန် မော်ဒယ်ဖြစ်ချင်တာလေ မင်းကိုယ့်ကိုလက်ထပ်ယူပြီးတာနဲ့ မင်းရဲ့မော်ဒယ်ဘဝကနေ ရပ်ဆိုင်းခံရမယ်ဆိုလို့ပေါ့ကွယ်”
“ဟာာ ဗျာ လန့်သွားတာပဲ... ကျွန်တော်က မ..တကယ်ပြောတာမှတ်လို့... ”
အဲဒီလို မောင်က ကိုယ့်စကားတွေကို ဘယ်တော့မှ တခါတည်းနဲ့သဘောမပေါက်တတ်ဘူး...။
“မောင်......”
သူက ထောပတ်သီးဖျော်ရည်ခွက်ကို ကိုင်ထားရင်း
“ဗျာ...”
“မနေ့က ကိုယ့်စာအုပ်တွေစဖြန့်လိုက်ပြီ...”
“အင်း ကျွန်တော်သိတယ်လေ...”
“သူ ကိုယ့်စာတွေဖတ်မိသွားရင် ကိုယ့်ကိုတော်တော်အမြင်ကတ်သွားမှာပဲနော် မောင်...”
မောင်က သက်ပြင်းတိုးတိုးလေးတစ်ခုချရင်း ကိုယ့်လက်ကိုဆုတ်ကိုင်လိုက်တယ်...။ ကိုယ်ဟာ အတ္တကြီးတဲ့ တစ်ကိုယ်ကောင်းသမားပါ မောင့်အချစ်တွေနဲ့တောင်ထိုက်တန်ရဲ့လားလို့ ကိုယ့်ကိုယ်ကို မရွံ့မရဲဖြစ်မိတယ်...။ မောင် ကိုယ့်ကို အပြစ်မတင်ဘူးလား ဒီလိုစကားမျိုး အထူးသဖြင့် ရည်းစားဟောင်းတစ်ယောက်ကို စိုးရိမ်သလိုလေသံမျိုးနဲ့ မောင့်ကို ကိုယ်မမေးသင့်ဘူးဆိုတာ သိပါတယ်..။ ကိုယ့်စကားကြောင့် မောင် စိတ်ထိခိုက်သွားမယ်မှန်းလည်း သိသိလျက်နဲ့လေ...။
“မ...ဘာမှစိတ်မကောင်းဖြစ်မနေပါနဲ့.... သူ့အပေါ်.. မ... သံယောဇဉ်တွေကျန်နေသေးတယ်ဆိုတာ ကျွန်တော်သိတာပဲ... သူ့အကြောင်းတွေ မ..စာတွေဆက်ရေးဖို့ ကျွန်တော်ခွင့်ပြုထားတာပဲ ..ဘာလို့ ကြောင့်ကြနေသလဲ...”
“ဟင့်အင်း... ကိုယ်ပူပန်နေတာ သူ့ကိုမဟုတ်ပါဘူး မင်းကိုပါ... ကိုယ့်အပေါ်ခွင့်လွတ်နားလည်တတ်လွန်းတဲ့ မင်းကို အားနာတာပါ...”
မောင်က ကိုယ့်လက်ကိုတစ်ချက်ဖျစ်ပြီး...“ မ...သာကျွန်တော့်ကိုလက်ထပ်ရင် ကျွန်တော့်အတွက်ဘာမှမလိုတော့ပါဘူး...” လို့ ခပ်တိုးတိုးကလေး ကိုယ်ကြားရုံပြောတယ်...။
“ မင်းကို ကိုယ်ချစ်တယ်... ကိုယ်တို့အမြန်ဆုံးလက်ထပ်ကြမယ်...အိုခေ..”
မောင့်ကို တည့်တည့်စိုက်ကြည့် မောင့်ဆံနွယ်ခွေတွေကို လက်ညိုးကလေးနဲ့ခွေရင်း ကိုယ်ပြောလိုက်တော့ မောင့်မျက်ဝန်းတွေထဲက ကြယ်ကလေးတွေတောက်ပကုန်တယ်...။
@@@@@
သည်နေ့ မောင်နဲ့ကိုယ် တရားရုံးမှာလက်မှတ်ရေးထိုးတဲ့နေ့....။ သီချင်းထဲကလို တိမ်ပြာပြာတနင်္ဂနွေနေ့လေးပေါ့...။ နံ့သာရောင်တိုက်ပုံလေးနဲ့ မောင်ကအရမ်းကိုကြည့်ကောင်းနေတယ်..။ ကိုယ်လည်းမောင်နဲ့အရောင်ဆင်တူ အပွင့်နုတ်နုတ်ဇာရင်ဖုံးနဲ့ အဖြူခံမှာအချိတ်ဆင်လေးပါတဲ့လုံချည်နဲ့...။
တစ်ကောင်ကြွက်ဘဝတူချင်းမို့ ကိုယ်တို့မှာ မိဘမောင်ဘွား ဆွေမျိုးညာတိတွေဘာတွေလည်းမပါပါဘူး...။
ပြီးတာနဲ့ ဘိုးဘွားရိပ်သာတစ်ခုမှာ ထမင်းသွားကျွေးကြတယ်...။ ညနေကျမှ သူငယ်ချင်းအသိမိတ်ဆွေတစ်ချို့ကို ဆိုင်တဆိုင်မှာ ဒင်နာကျွေးဖို့စီစဉ်ထားတယ်...။
မောင်က ကိုယ်သီချင်းတွေကြိုက်မှန်းသိလို့ Unplugged ပါတဲ့ဆိုင်ကလေးကိုရွေးချယ်ထားခဲ့တယ်...။ ပြီးတော့ကိုယ်တို့ယူထားတဲ့ ဝိုင်းက Unplugged ဝိုင်းနဲ့အနီးဆုံးမှာ....။
ဖိတ်ထားတဲ့ ဧည့်သည်တွေစုံတော့ တီးဝိုင်းလေးက တီးလုံးလေးတွေပဲတီးနေခဲ့တယ် အဆိုတွေမပါသေးဘူး..။ မှာထားတဲ့ ဟင်းပွဲတွေ ပထမဆုံးချချိန်မှာတော့ ...“တနင်္ဂနွေမှာမင်္ဂလာဆောင်မယ်” ဆိုတဲ့ သံစဉ်လေးကြောင့် Unplugged ဝိုင်းဆီ ကိုယ်လှည့်ကြည့်ဖြစ်သွားတယ်...။
“ဟင်!!! ဇော်......”
ကိုယ့်နှုတ်ကထွက်ကျလာတဲ့ နာမည်တစ်ခုကြောင့် မောင်ပါလှည့်ကြည့်လိုက်တယ်...။
“မောင်... သူကဘယ်လိုလုပ်ပြီးပါလာတာလဲ...”
“ကျွန်တော်ဘာမှမသိရပါလား... ဒီဆိုင်မှာ သူသီချင်းမဆိုပါဘူး ပြီးတော့ သူက ပရိုတစ်ယောက်လည်းမဟုတ်ဘဲနဲ့... ကျွန်တော်တို့ဒင်နာမှန်းသိလို့လဲ သက်သက်လာဆိုတာဖြစ်နိုင်တယ်..”
ဒီတခါတော့ မောင့်မှန်းချက်ကို ကိုယ်အပြည့်အဝထောက်ခံလိုက်တယ်...။ သူ ကိုယ်တို့ဒင်နာမှန်းသိလို့ကိုပဲ တမင်လာဆိုတာပါ သေချာပါတယ်...။
....တိမ်ပြာပြာနေ့တစ်နေ့ ဆန်းဒေးမှာကွယ်... မင်္ဂလာဆောင်ပွဲလေး ကျင်းပနေတယ်....
သူ့ရဲ့ သြရှရှ ချိုမြမြ နဲ့ စွဲငင်ငင်အသံကို ကိုယ်မကြားချင်ယောင်ဆောင်လို့မရဘူးဖြစ်နေတယ်...။ သူဒီလိုလုပ်ဖို့မကောင်းဘူးဆိုတာ နားမလည်ဘူးလား..။ သူ့ရည်ရွယ်ချက်ကဘာလဲ... ကိုယ့်ကိုသက်သက်အရှက်ခွဲချင်တာလား ကိုယ့်သံယောဇဉ်အမျှင်ကိုလာဆက်တာလား ဘာလဲကွယ်...။ ကိုယ့်မှာ ဧည့်သည်တွေကို ဧည့်ခံတဲ့ဖက်မနည်းအာရုံစုထားနေရတယ်...။ မောင့်ကိုလည်း အားနာလှပြီ...။
ထမင်းစားဝိုင်းမှာ မောင်က စားပွဲအောက်ကနေ ကိုယ့်လက်ကို အသာလေးလာဆုတ်ကိုင်ထားတယ်..။
အို...မောင့်လက်တွေဒီလောက်နွေးနေပုံထောက်တော့ ကိုယ့်လက်ဖျားတွေအေးစက်နေမလားပဲ....။
“မ... တကယ်လို့ သူလာနှုတ်ဆက်ရင် မ..ပြန်ရန်မတွေ့နဲ့နော်... သူ့ကိုကြည့်ရတာ ကျွန်တော်တို့ကို နှောက်ယှက်ချင်လို့မဟုတ်လောက်ပါဘူး...”
ကျေးဇူးတင်လိုက်တာ မောင်ရယ်... ကိုယ့်အပေါ် မင်းဒီလောက် နားလည်ပေးနိုင်ချစ်ပေးနိုင်တာ ကိုယ့်လောက် ကံကောင်းမယ့်သူမရှိတော့ပါဘူး... မင်းအချစ်နဲ့ထပ်တူကိုယ့်ရဲ့အချစ်တွေကိုလဲ မင်းခံစားနိုင်ပါစေ...။
မောင်ပြောတဲ့အတိုင်းပဲ သီချင်းလေးဆုံးသွားတော့ ကိုယ်တို့ဝိုင်းကို သူတန်းတန်းမတ်မတ်ပဲရောက်လာပါတယ်...။
“ကွန်ကရက်ကျူရေးရှင်း ကိုမောင်....”
သူက မောင့်ကိုလက်ကမ်းပေးတော့ မောင်ကပြန်ပြီးလက်ဆွဲနှုတ်ဆက်ပါတယ်...။
“ကျေးဇူးတင်ပါတယ်.. ကိုဇော်ဇော်လတ် ကျွန်တော်တို့နဲ့တစ်ဝိုင်တည်းဝင်လိုက်ပါလား...လာပါ”
မောင်က သူ့ဘေးနားကနေရာလွတ်မှာ အတင်း သူ့ကိုနေရာပေးနေတယ်..။
“နေပါစေဗျာ.... ခင်ဗျားသတိုးသမီးကြည့်ရတာ ကျွန်တော့်ကို ထိုင်စေချင်ပုံမရဘူး.. သိပ်ချစ်ကြတဲ့ ခင်ဗျားတို့စုံတွဲအတွက် ကျွန်တော်က သီးချင်းလေးလက်ဖွဲ့ချင်လို့လာခဲ့တာပါ... ဒီတီးဝိုင်းက ကျွန်တော့်သူငယ်ချင်းဝိုင်းလေ...”
“မဟုတ်တာပဲ ကျွန်တော်တို့နဲ့တခါတည်းစားလိုက်ပါဗျာ...”
မောင်နဲ့သူ ပြောနေတာကို ကိုယ်ကျောခိုင်းပြီး ထမင်းစားရင်း နားထောင်နေလိုက်တယ်...။
“မ..ကလဲ ခေါ်လိုက်ပါဦး ကိုယ့်ဧည့်ခံပွဲလေးမှာ သီချင်းလာဆိုပေးတာကို..”
တွေ့လား မောင်တို့အားနာတတ်ပုံကတော့လေ...။ ဒီလိုဆိုတော့လဲ သူ့ကို နှုတ်မဆက်လို့မကောင်းတော့ပြန်ဘူးလေ...။ ဟင်းးးး.........
“ကိုယ်တို့ပွဲကိုသီချင်းလာဆိုပေးတဲ့အတွက် ကျေးဇူးပါဇော်... ဒင်နာလေးတော့အတူစားပါနော်..”
ကိုယ် မောင့်ဘေးမှာ မတ်တပ်ထပြီး သူ့ကိုဧည့်ဝတ်ပြုတော့ သူက ကိုယ့်မျက်ဝန်းထဲကို တခုခုအသည်းသန် လိုက်ရှာနေတယ်...။ သူ ဒီလိုလုပ်ဖို့မကောင်းဘူး မောင့်ကိုအားနာလိုက်တာ...။ မောင်က ကိုယ်မနေတတ်မှာစိုးလို့ ကိုယ့်လက်ကို ဆုတ်ကိုင်ထားတယ်...။ မောင့်ရဲ့ အားအင်တွေ ကိုယ်တကယ်လိုအပ်နေတာပါ...ကျေးဇူးပါမောင်...။ သူငြင်းပြီး ပြန်သွားပါစေလို့ ကိုယ်ကြိတ်ဆုတောင်းတာမပြည့်လိုက်ဘူး...။ သူက ကိုယ်လဲအဲလိုခေါ်ရော ချက်ချင်းပဲဝင်ထိုင်ပါတယ်..။
သေလိုက်ပါတော့....။
ကိုယ်သိတယ် သူတနည်းမဟုတ်တနည်းနဲ့တော့ ကိုယ့်ကိုကလိမှာသေချာတယ်...။ ကိုယ်ကအကြောင်းမဟုတ် မောင့်ကို ထိခိုက်စေမယ့် စကားမျိုးတွေပါလာမှာ ကိုယ်အကြောက်ဆုံးပဲ...။
ကိုယ်ငုံ့ပြီး လာချတဲ့ဟင်းပွဲတွေကို ပုံမှန်လေးဆက်စားနေတုန်း ကိုယ့်ပန်းကန်ထဲကို မောင့်ပန်းကန်ကကျော်ပြီး ဟင်းတွေရောက်လာတယ်...။
“မေ.. ခုချိန်ထိ ဂျပန်တိုဖူးကြိုက်တုန်းပဲမဟုတ်လား...” တွေ့လား ကိုယ်တွေးနေတာကမှနောက်ကျသေးတယ်...။ မောင်က ကိုယ့်ကိုကြည့်ပြီး စားလိုက်ပါ ဆိုတဲ့အမူအရာနဲ့ မေးဆတ်ပြပါတယ်...။
ကိုယ် သူ့ကိုလှမ်းကြည့်တော့ “ ဟဟ ခုတော့ ခွင့်ပြုချက်တွေလိုပြီပေါ့နော်... ”လို့ ခနဲ့တဲ့တဲ့ ဘယ်သူ့ကိုမှမကြည့်ဘဲ သူကတစ်ယောက်တည်းပြောလိုက်တယ်..။
တော်ပါသေးတယ် အဲဒါပဲပြောပြီး သူဘာမှဆက်မပြောတော့ဘဲဆက်စားနေလို့...။ မောင်ကတော့ သူ့ကို ဟင်းပွဲအသစ်ရောက်လာတိုင်း ထည့်ထည့်ပေးနေတယ်...။ ဧည့်သည်တွေအကုန်ပြန်သွားတော့ သူက မပြန်သေးဘဲ တီးဝိုင်းက သူ့သူငယ်ချင်းကိုသွားနှုတ်ဆက်နေတယ်...။
“ပြန်ကြရအောင် မောင် ဘေလ်ရှင်းပြီးပြီမဟုတ်လား...”
“သူ့ကိုနှုတ်ဆက်လိုက်ပါဦး ကားမပါရင် ကျွန်တော်တို့လိုက်ပို့လိုက်မယ်လေ”
“လုပ်ပြီမောင်ကတော့လေ သူ့ဘာသာသူလာတာ သူပြန်တတ်ပါတယ်...”
ကိုယ်နဲ့မောင် စကားအခြေအတင်ရှိနေတုန်း သူကလှမ်းကြည့်ပြီး ကိုယ်တို့ရှိတဲ့ဆီကိုလျှောက်လာနေတယ်..။
“တွေ့လား မောင် သူလာနေပြီ...”
မောင်က ကိုယ့်ကျောပြင်ကို အသာသပ်လိုက်သေးတယ်...။
“ပြန်ကြတော့မလို့လား ... ဇနီးမောင်နှံအသစ်လေး ဘဝခရီးတလျှောက် ပျော်ရွှင်ပါစေဗျာ..”
သူက အဲလိုဆုတောင်းပေးတတ်တယ်တဲ့လား...။
သူက ကိုယ့်နားတိုးလာပြီး “ Pls give me a hug .... May” လို့ပြောပြီး မောင့်ကိုတစ်ချက်လှည့်ကြည့်ကာ
“ကိုမောင် ပလိစ်... ကျွန်တော်သူ့ကို နောက်ဆုံးနှုတ်ဆက်ချင်တာပါ...”
ဒီတခါတော့မောင်က ခေါင်းသာညိတ်လိုက်ရတာ မျက်နှာကပျက်ချင်နေပြီ...။
“ ဇော် အဲလိုခွင့်တောင်းဖို့မကောင်းပါဘူး...” ကိုယ်နဖူးကျောရှု့ံ့ပြီး သူ့ကို စူးစူးရဲရဲစိုက်ကြည့်ပြီးပြောလိုက်တယ်...။
“come on!!! “MAY”... just one hug... and this is the last time for me.....”တဲ့။
မောင်က ကိုယ့်ကျောပြင်ကို လက်နဲ့အသာတွန်းပို့နေတယ်...။ ကိုယ်လက်နှစ်ဖက်ဖွင့်လိုက်တော့ သူအလိုက်သင့်ကလေး ကိုယ့်ကိုခပ်တင်းတင်း ပွေ့ဖက်လိုက်ပါတယ်...။ ပြီးတော့ “ I still love u... May ” လို့ ကိုယ်ကြားသလောက်လေး ကိုယ့်နားနားမှာ ခပ်တိုးတိုးဆိုလိုက်တယ်..။ ကိုယ် မတုန်လှုပ်အောင် မောင်မရိပ်မိအောင် မနည်းထိန်းထားလိုက်ရတယ်...။ ကိုယ့် ကိုယ်ကခွာတော့ သူ့မျက်ဝန်းက အရည်ကြည်တချို့ကို မီးရောင်အောက်လက်ခနဲကိုယ်တွေ့လိုက်ရတယ်.....။
ဟင့်အင်း... သူ ဆိုတဲ့လူက အဲသလောက်အသည်းမနုပါဘူး...။ ကိုယ့်ကို ဆက်ပြီးလက်မတွဲနိုင်တော့လို့ လမ်းခွဲခဲ့ပြီးမှပဲ...။ ကိုယ်နဲ့မောင်တို့ရဲ့ ဘဝအသစ်စတာကို သူသွေးအေးအေးနဲ့ကြည့်နိုင်ရမယ်မဟုတ်လား..။
“ကိုမောင့် ဓါတ်ပုံပြပွဲလေး ကျွန်တော်လာကြည့်ဖြစ်တယ်ဗျ...နောက်တစ်ခါလုပ်ဖြစ်လဲ လာခဲ့ဦးမယ်
ဂွတ်နိုက်နော်... ကားဖြေးဖြေးမောင်းပြန်ကြဦး”
သူနဲ့နှုတ်ဆက်ပြီး အပြန်လမ်းတလျှောက် မောင်ကကားမောင်းပြီး တခုခုတွေးနေပုံရတယ် စကားတခွန်းမှမပြောဘူး...။ မောင်အဲသလိုတိတ်ဆိတ်နေတာကို ကိုယ်စိတ်မလုံဘူး...။ မောင်ဟာသီးခံတတ်တဲ့ ယောကျာ်းဆိုပေမယ့်လည်း အတိုင်းအတာဆိုတာရှိတယ်မဟုတ်လား...။
ကားမောင်းနေတဲ့ မောင့်ပခုံးပေါ် ကိုယ်အသာအယာမှီလိုက်တယ်...။
“အစစ အရာရာအတွက် ကျေးဇူးတင်ပါတယ်မောင်...”
“ကျွန်တော်ပြောပြီးသားပဲ မ.. သာကျွန်တော့်ရင်ခွင်မှာ တစ်သက်လုံးခိုနားမယ်ဆိုရင် ကျွန်တော့်အတွက်ဘာမှမလိုတော့ပါဘူးလို့...”
“မောင့်အသံကလဲ စိတ်မရှည်တဲ့လေသံနဲ့...”
“မဟုတ်ပါဘူး...ကျွန်တော်နဲနဲစိတ်ကျဉ်းကျပ်သွားလို့ပါ..”
မောင်က ကားမောင်းနေတဲ့လက်တစ်ဖက်နဲ့ ကိုယ့်ပခုံးကိုပွေ့ဖက်လိုက်တယ်...။
“မ...ကို ကျွန်တော်အရမ်းချစ်တယ် ကျွန်တော့်ကို ဘယ်တော့မှထားမသွားဘူးမဟုတ်လား...”
သူကားကောင်းကောင်းမောင်းပါစေတော့လို့ သူ့လက်ကို ကိုယ့်ပခုံးကနေဖယ်လိုက်ရင်း...မောင့်နှုတ်ခမ်းပေါ် လက်ညိုးနဲ့ပိတ်လိုက်တယ်...။
“အိုကွယ်... မဟုတ်တာ မောင်ကလည်း ကိုယ်က မင်းကိုဘာလို့ထားသွားရမလဲ...မင်္ဂလာဦးမှာ အဲလိုစကားမပြောပါနဲ့... မင်းကို ကိုယ်သိပ်ချစ်လို့ လက်ထပ်တာပေါ့...ဘာလို့ထားသွားရမှာလဲ..”
ညဉ့်လေပြေအေးလေးက ကားပြူတင်းကနေ သူ့ဆံနွယ်ခွေတွေကို လွန့်လွန့်လူးလူးလေး တိုက်ခတ်နေတယ်..။
ကိုယ်အပြည့်အဝအခိုင်အမာယုံကြည်တယ် မောင်ဟာ ကိုယ့်ဘဝရဲ့ နှင်းဆီကဗျာလေးတစ်ပုဒ်ဆိုတာ...။
မိုးငွေ့
4 comments:
ဖတ်လို့ကောင်းလိုက်တာ ညီမမိုး....၊း)
အစကနေ အဆုံးထိ ညက်ညက်ညောညောလေးနဲ့ စီးဆင်းသွားလိုက်တာ...၊ ဝတ္ထုလေးထဲမှာ ရသ သုံးလေးမျိုးကို ရောပြွမ်းပြီး ခံစားလိုက်ရတယ်..။
တဖတ်သတ်ချစ်နေမိသူတစ်ယောက်
တဖတ်သတ်အချစ်ခံရသူ တစ်ယောက်
ကိုယ်ချစ်ရသူနဲ့ လက်ထပ်ခွင့် ဘဝတစ်ခုကို ထူထောင်ခွင့်ရသူတစ်ယောက် ------
တဖတ်သတ်ချစ်တတ်သူကိုကိုယ်ချင်းစာပြန်ရင် လည်း မဖြစ် သြော် ခံစားရခက်တယ်ကွယ်
မောင်ဘကြိုင်
ဖတ်လို့ ကောင်းတယ် ဒါပေမယ့် ဖက်တဲ့အခန်းမှာ မော့င်ကိုယ်စား စိတ်နည်းနည်းတိုသွားတယ်
ယောက်ျားတစ်ယောက် ရဲ့ သဘောထားကြီးမှု ... ၊
ခွင့်လွှတ်နားလည်ပေးနိုင်မှု ... ကိုယ် အမှန်တကယ်
ဘာလိုချင်သလဲ ဆိုတာ နားလည်သဘောပေါက်မှု ... ။ ။
Congratulations ပါ မမိုးငွေ့ ခင်ဗျား ...
Post a Comment