Saturday, 14 September 2013

မိုးတညနေ.....





မိုးအေးအေးညနေတွေမှာ အိမ်မပြန်ခင် ကော်ဖီတစ်ခွက်ဝင်သောက်လိုက်ရမှ စိတ်အာသာကပြေတာ…။

ရုံးဆင်းတော့ မောင်နဲ့ မြေနီကုန်းစီးတီးမတ်အောက်ထပ်က Season Bakery ဆိုင်မှာ ချိန်းထားခဲ့သည်..။ မောင့်ရုံးကနည်းနည်းပိုဝေးတော့ မြို့ထဲကနေရုံးဆင်းလာခဲ့သည့် ကျွန်မပဲ အမြဲတစေစောင့်နေရသူဖြစ်တတ်သည်…။ စက်လှေကားအောက်မှ ခုံတန်းတွေမှာ ထိုင်စောင့်ရင်စောင့် မဟုတ်ရင် ပေါ်ပြူလာစာအုပ်ဆိုင်ထဲ စာအုပ်တွေဝင်ကြည့် ဈေးကြီးကြီး မဂ္ဂဇင်းတွေကို ဟိုလှန်ဒီလှောလုပ် ဝယ်ဖတ်ရမှာလည်းနှမြောစရာလေ …။ 

ဒီနေ့တော့ မောင့်ကို မိနစ်နှစ်ဆယ်ပဲစောင့်လိုက်ရသည်…။ မောင်နဲ့အတူ မောင့်ရုံးကလုပ်ဖော်ကိုင်ဖက် ကိုမြတ်ထွန်းပါပါလာခဲ့သည်…။ ကော်ဖီဆိုင်ထဲထိုင်မယ်လုပ်တော့ နေရာကပြည့်နေပြီ…။ ဒါနဲ့ ဒီဆိုင်ကမုန့်တွေကို ပါဆယ်ဝယ်ပြီး တခြားလက်ဖက်ရည်ဆိုင်တခုခုမှာ သွားစားမယ်ဆိုပြီး မုန့်တွေရွေးလည်းပြီးရော စားပွဲတစ်ခုံလွတ်တာနဲ့ ခပ်မြန်မြန်ပဲဝင်ထိုင်လိုက်ကြသည်…။ ကျွန်မတို့သုံးယောက်စလုံး ကော်ဖီအပူသုံးခွက်နဲ့ မုန့်တစ်မျိုးဆီယူကြပြီးချိန် မောင်က ကျွန်မပိုက်ဆံရှင်းနေတုန်း ချောကလက်ကွတ်ကီးတစ်ထုပ်လာထည့်ပြီး စားပွဲမှာသွားထိုင် နှင့်နေပြီ..။ ကျွန်မ ပြန်လာထိုင်ပြီးတအောင့်နေတော့ စားပွဲထိုးလေးက ကော်ဖီနဲ့မုန့်တွေ လာချသည်…။ 

“ကိုယ့်အတွက် ပူတင်းကိတ်ရော မီ…”

ဟုတ်သားပဲ…မောင့်အတွက်ပူတင်းကိတ်နော်လို့ပြောပြီး နေရာမှာသွားထိုင်တော့ တန်းစီရင်း ကျွန်မက မှန်ကောင်တာထဲက မုန့်ကိုမှာဖို့မေ့သွားခဲ့သည်…။

“ခဏလေး ခဏကလေးမောင်…”လို့ပြောပြီး မုန့်ကောင်တာဆီကျွန်မအပြေးသွား လိုက်ရပြန်ပြီပေါ့…။ တော်ကြာမောင်က သူ့ကိုဂရုမစိုက်ဘူးဆိုပြီး ရစ်နေမည်လေ…။ တော်ပါသေးသည် မောင်က ကျွန်မပြန်လာထိုင်တော့ ပြုံးပြုံးပဲကော်ဖီဖျော်နေခဲ့ကာ.. ကျွန်မကော်ဖီခွက်ကိုတောင် ဖျော်ပေးေ
နသေး…။

“မောင်က သူများနဲ့မတူတာစားတာကိုး အဲဒါကြောင့်အမြဲမေ့ကျန်ခဲ့တာ..”လို့ ကျွန်မကိုမောင်ရန်မတွေ့ခင်ပြောတော့ မောင်က ကျွန်မခေါင်းကို ဖွဖွလေးပုတ်လိုက်သေးသည်…။

ကျွန်မတို့ကော်ဖီသောက်ပြီး အိမ်အပြန်လမ်းလျှောက်ရင်း အိမ်အတွက်လိုအပ်သည့် ဆပ်ပြာတုံးနှင့် ကြွေပြားဆေးသည့် ဆပ်ပြာမှုန့်ဗူးတွေဝင်ဝယ်လိုက်သည်…။

မိုးညလေပြေအေးအေးမှာ အိမ်ပြန်လမ်းကျဉ်းလေးထဲ မောင့်လက်မောင်းကိုမှီတွယ်ရင်း…

“မောင်…လာမယ့်စနေနေ့ကျရင် မီ့ cousin တွေ ရုပ်ရှင်သွားကြည့်ဖို့ချိန်းထားတယ်…”

“သွားကြည့်လေ…”

ကျွန်မစကားတောင်သေချာမဆုံးသေးဘူး သူချက်ချင်းပဲ ခွင့်ပြုလိုက်သည်…။ လေသံကိုနားထောင်ရတာလည်း ကြည်ကြည်ဖြူဖြူပါပဲ…။ အရင်သူ ဒီလိုမဟုတ်ပါဘူး…။ ကျွန်မကို နေရာတကာ ချုပ်ချယ် ဟိုမသွားရ ဒီမသွားရ ဘယ်အမျိုးနဲ့မှမဆက်သွယ်ရနဲ့ သိပ်ဝန်တိုတတ်တာ…။ အဲဒီလောက်တောင်ဖြစ်ရင် မောင့်မိန်းမကို မှန်ဗီဒိုထဲထည့်သိမ်းထားပါလားလို့ ကျွန်မပြောတတ်လေ့ရှိတဲ့အခါ.. “တကယ်ပြောတာလား ကိုယ့်စကားအတိုင်း ကိုယ်နေနိုင်အောင်ကြိုးစားနော်”တဲ့…..။ 

ကျွန်မလေ အဲဒီတုန်းက မောင်နဲ့လက်ထပ်ပြီးခါစပေါ့… မောင့်ရဲ့ဝန်တိုမှုအောက်မှာ ကျွန်မတော်တော်ပူလောင်ခဲ့ရတာပါ…။ 

“ကိုယ်တော်တော်ပြောင်းလဲနေပြီပဲ ကြည့်စမ်း…. မီ အဲလိုမထင်ဘူးလား..”တဲ့

“အင်း…မောင်က ရင့်ကျက်လာတာပါ….အရင်လိုကလေးမဆန်တော့တာ…”

မောင်က သူ့လက်မောင်းကိုတွဲခိုထားတဲ့ ကျွန်မကိုစောင်းငဲ့ကြည့်ရင်း

“ရင့်ကျက်တာမဟုတ်ဘူး စောင့်ကြည့်နေတာ ညည်းလေးကိုစောင့်ကြည့်နေတာ..”

“ဟွန်းး မီ့ကိုစောင့်ကြည့်ရအောင် မီကဘာမှမဟုတ်တာမလုပ် မီသွားတဲ့နေရာတိုင်း မီ့သူငယ်ချင်းတွေ မောင်နှမတွေနဲ့သွားလည်း မောင့်ကိုအပါခေါ်တာပဲလေ..မောင်ကမှမလိုက်တာ..”

“ကိုယ့်ဘာသာကိုယ်လွတ်လွတ်လပ်လပ်သွားကြည့်ကြပါ… ” တဲ့….

ကျွန်မရဲ့ မောင်နှမဝမ်းကွဲတွေကများတော့ တစ်လတစ်ခါလောက်တော့ ဆုံဖြစ်တတ်ကြသည်…။ ဆုံဖြစ်ကြရင်လည်း အစုံအစိကိုလျှောက်သွား လျှောက်စားကြ အဲလိုသောင်းကျန်းတတ်ကြတာ..။ မောင်ကတော့ အဲလို လူများများကြားကိုဘယ်တော့မှခေါ်လို့မရဘူး…။ ဒါတောင် ခုနောက်ပိုင်းမှာ မောင်လူမှုရေးတွေတော်တော် လုပ်လာတာ…။ ကျွန်မမိတ်ဆွေတွေ ညစာစားပွဲတွေကို လိုက်တတ်လာပြီ…။ နိုင်ငံရပ်ခြားက အလည်ပြန်လာတတ်ကြတဲ့ ကျွန်မသူငယ်ချင်းတွေ တချို့တလေယောကျာၤးလေး သူငယ်ချင်းလည်းဖြစ်တတ်သည့်အခါ သွားတွေ့ရင် မောင်က စိတ်ရှည်လက်ရှည်နဲ့လိုက်ပေးတတ်သည်…။ အဲလိုလေးတွေ မောင်တော်တော်ပြောင်းလဲ လာခဲ့ပါသည်..။

အေးချမ်းတဲ့ မိုးညနေလေးလို မောင့်စိတ်တွေလည်းအမြဲအေးချမ်းပါစေ… ။ အေးချမ်းတဲ့ မောင့်မေတ္တာအောက်မှာ ကျွန်မအမြဲခိုလုံခွင့်ရရပါစေ….။

“ကျေးဇူးတင်ပါတယ် မောင်…” ကျွန်မ အသံမထွက်ဘဲ နှုတ်ကလှုပ်ရုံလေးပြောလိုက်ခြင်းပါ…။ ကျွန်မတို့ တိုက်ခန်းလှေကားအတက် မောင်က ကျွန်မစိတ်ထဲကရွတ်လိုက်တာကို ကြားလိုက်သယောင်နဲ့ ကျွန်မလက်ကိုတစ်ချက်ဖျစ်ပြီး ဆုပ်ကိုင်လိုက်သည်….။

သူတို့နှစ်ယောက်အကြောင်းကို ဒီမှာ ဒီမှာ နဲ့ ဟောဒီမှာ ရေးခဲ့ဖူးပါတယ်... 


မိုးငွေ့

5 comments:

Han Kyi said...

ချုပ်ချယ်တာကို ချစ်တယ်လို့ တစ်ချို့ကတော့ ပြောကြတာပါပဲ...သို့ပေမင့် ဦးဟန်ကြည်ကတော့ လူတစ်ဦးရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ကန့်သတ်တာကို ဘယ်ခေါင်းစဉ်တပ်တပ် သဘောမတွေ့ပေါင်ဗျာ...

ချုပ်ချယ်ကန့်သတ်တာဟာ တစ်ဘက်သားကို မယုံကြည်တာလို့ပဲ ခံယူပါရဲ့...

ဒီဇာတ်ကောင် ယောက်ျားကတော့ တဖြည်းဖြည်းနဲ့ အမြင်မှန်ရသွားဟန်တူပါရဲ့...သူ့အိမ်ရှင်မအတွက်တာ့ မင်္ဂလာရှိလိုက်မယ့်ဖြစ်ခြင်း...

လသာည said...

ကြည်နှုးစရာလေး...။

သိ င်ျဂါ ရ said...

သာသာယာယာ ... ကြည်ကြည်နူးနူး ... ညနေ ... :)

မြတ်ပန်းနွယ် (Myat Pan Nwe) said...

မောင်က ကောင်းတဲ့ဖက်ကို ပြောင်းလဲသွားတာမို့ မီ့အတွက် သိပ်ကောင်းတယ်။ မီ တစ်သက်လုံး ကံကောင်းပျော်ရွှင်ပါစေ။

နွေတေးရှင် (မင်းဧရာ) said...

ကြည်နူးစရာ လေးဗျာ
သာယာ အေးချမ်းသော
ချစ်ခြင်း မေတ္တာ ကို
ဖေါ်ဆောင်ပြသွားနိုင်တယ် ။