Monday, 4 February 2013

ရင်ကိုစိုရုံသည်းတဲ့မိုး.....




“ရင်ကိုစိုရုံကလေးသာသည်းတဲ့မိုး”တဲ့…. အဲဒီသီချင်းထဲက ဒီစာသားလေးကိုသိပ်ကြိုက်တာပဲ….။ ခပ်ဆွေးဆွေး အက်ရှရှနဲ့ဆိုထားတဲ့ အဲဒီအဆိုတော်ကြီးရဲ့အသံနဲ့လဲသိပ်လိုက်ဖက်တာပဲ….။ 

မင်းကိုသတိရရင် အဲဒီသီချင်းလေးကိုနားထောင်မိတယ်….။ မိုးထဲထားရစ်ခံခဲ့တာမဟုတ်ပေမယ့်….မိုးနဲ့ပတ်သက်လာရင် ခိုက်ခိုက်တုန်အောင်ခံစားချက်ပြင်းသူမို့ပါ…။ မင်းနဲ့ပတ်သက်တဲ့ အိမ်မက်တချို့တွေက မိုးဆီကလာတာလေ…အဲဒါကြောင့်လဲပါတာပေါ့..။ ဘာပဲဖြစ်ဖြစ် မိုးထဲမှာကိုယ်တို့အတူတူစကားပြောဖူးခဲ့ကြတယ်….မိုးထဲမှာမင်းကိုယ့်ကိုသီချင်းဆိုပြဖူးခဲ့တယ်… မိုးထဲမှာကိုယ့်ကိုနွေးထွေးမှုနဲ့အတူ ကော်ဖီတစ်ခွက်တိုက်ခဲ့ဖူးတယ်လေ….။ ပြီးတော့ မိုးထဲမှာ မင်းကိုယ့်ကို ပုံပြင်လဲပြောဖူးခဲ့တယ်…..။ စွဲလန်းရူးသွပ်မှုဆိုတာဘယ်အရာအတွက်မှမကောင်းပါဘူး ကိုယ်သိပါတယ်….။ သိလျက်နဲ့ပြင်မရတာပိုခက်ပါတယ်…။ 

သေချာနားထောင်ကြည့်ပါ….မိုးသံထဲမှာ ကိုယ့်ရှိုက်သံတွေသေရာပါ ထွက်ပေါ်နေလိမ့်မယ်….။ မိုးစက်တွေကိုမြင်တိုင်း ကိုယ့်မျက်ရည်တွေလို့မင်းမြင်တတ်မှာမဟုတ်ပါဘူး….။ မိုးရာသီမှမဟုတ်ပါဘူး…အချိန်တိုင်း ရင်ကိုစိုရုံကလေးတော့ မိုးကအမြဲရွာနေတာပါ…။ 

ကိုယ့်ရဲ့ဘယ်ဖက်အိတ်ကပ်လေးလည်းချမ်းအေးတုန်ခိုက်နေရောပေါ့…..။ ရှိပါစေလေ…။ ကိုယ့်ဘာသာတိုက်ခဲ့တဲ့ကျိန်စာတစ်ပုဒ်မှာ..မင်းအပြစ်တစ်ခုမှမပါခဲ့ပါဘူး…။ ကိုယ့်ကျိန်စာနဲ့ကိုယ်သေဆုံးပါရစေတော့…….။
လွတ်လပ်ပေ့ါပါးတဲ့ ခံစားမှုတွေလို့ ကိုယ်တိုင်နစ်ဝင်ခံစားလို့မရတဲ့သူတချို့က ပြောဖူးကြတယ်…။ ကိုယ်ကျေနပ်ပါတယ်…။ လေးလံသိပ်သည်းလွန်းလှတဲ့ ခံစားမှုတွေကို တခြားသူတွေကိုမပိစေချင်ပါဘူး….။ ကိုယ်လွှတ်ချလိုက်မိတဲ့ စကားလုံးတချို့ဟာ သူတို့တွေအတွက် ပေါ့ပေါ့ပါးပါးလေးဖြစ်သွားတာကိုယ်ဝမ်းသာတယ်….။ ကိုယ်ပူလောင်လေးလံသလိုမျိုး သူတို့ကိုမကူးစက်စေချင်ပါဘူး…တကယ်ပါ…။
ဟုတ်တယ်…. မိုးစက်အေးအေးလေးတွေလိုပဲ… သူတို့စိတ်နှလုံးကိုအေးမြကြည်စင်အောင်ပဲပက်ဖျန်းချင်တာပါ…။ 
ကျန်တာသူတို့သိစရာ ခံစားပေးစရာမလိုသလို မင်းလဲ ခံစားပေးစရာမလိုဘူးလေ…။

ခဏကလေးစိုရုံရွာချသွားတဲ့မိုးနဲ့ မင်းအတွက် အမှတ်တရ..... 


မိုးငွေ့

11 comments:

သဒ္ဓါလှိုင်း said...

မိုးရွာရင်ကို လွမ်းလွမ်းဆွေးဆွေး ဖြစ်ရတယ်..
ခနလေးရွာတဲ့မိုးလည်း မိုးပါပဲ...
ချစ်တဲ့
သဒ္ဓါ

မိုးသက် said...

ဖတ်ရတာ တစ်မျိုးကြီးပဲ..
:'(

ညိမ်းနိုင် said...

မိုးတွင်းကာလကို သိပ်သဘောကျတယ်...၊မိုးတွေရွာနေတာ
ကိုကြည့်ပြီး ကော်ဖီတစ်ကျိုက်၊ဆေးလိပ်တစ်ရှိုက်နဲ့ စိတ်
ကူးယဉ်ရတာလောက် ကောင်းတာမရှိ...... :))))

မိုးနတ်ကြယ်စင် said...

မိုးနတ်ရင်ကိုလဲ စိုရုံပဲ သည်းပေးခဲ့ရင်သိပ်ကောင်းမှာပဲ:)
ခုတောင် မိုးရာသီမဟုတ်ပဲ ဒီပို့စ်လေးဖတ်ပြီး မိုးစက်တွေ
ကို လွမ်းမိပြန်ပြီ ...မိုးတွေသာ တကယ်ရွာခဲ့ရင် >>>

ပျိုးယုဝသုန် (Pyo Yu Wathone) said...

မိုးစက်တွေကို လွမ်းသွားပြီ..။ မိုးရွာနေတာကို ထိုင်ငေးကြည့်ချင်တယ် မိုးငွေ့ ရာ ..။

kokoseinygn said...

စာတွေဖတ်ပုံတွေကြည့်ရင်း
ေ၇ာက်ဖြစ်ခဲ့တယ်။

ညီလင်းသစ် said...

ရွာသွန်းချိန်က ခဏလေး ဖြစ်ရတဲ့ကြားထဲ မိုးရေချိန်ကလည်း တကိုယ်စာစိုရုံလေး ကွက်ကွက်လေး ထင်ပါရဲ့ ညီမမိုးရေ...၊ တိုက်တိုက်ဆိုင်ဆိုင် ဒီညနေ အလုပ်ကနေ အပြန်မှာ ကျနော်လည်း အဲဒီလို မိုးထဲမှာပေါ့...၊ နင့်နေအောင် စိုခဲ့တယ်...။

San San Htun said...

ရင်ကိုစိုရုံလေးသာ ရွာသောမိုးလေးက လွမ်းစရာ ကောင်းတယ်..

Yoemyaykya said...

တခါတခါကျ မိုးက စိုရုံလေးပဲရွာတယ်။

လွင်ပြင်လှိုင်းငယ် said...

မိုးရွာရင် သဘောကျတယ် မိုးထဲမှာလမ်းလျောက်ရတာ
ပျော်တယ် ဒါပေမယ့် မိုးခြိမ်းသံတော့ သဘောမကျဘူး ။

ရင်လှိုင်းခတ်သံ said...

ရင်ကို စိုရုံသည်းတဲ့ မိုးတဲ့လားကွယ်။