အနှစ်နှစ်အလလက ကျနော်သိပ်ကိုရောက်ဖူးချင်ခဲ့တဲ့နေရာလေး.... အခုအဲဒီနေရာလေးမှာ ကျနော်ခြေစုံရပ်နေပြီ..။ အိပ်မက်များလား.....။ ကျနော်ရပ်နေတဲ့ နေရာကပင်လယ်ရေမြေမျက်နှာပြင် ပေ3000 အထက်မှာရှိတယ်တဲ့..။ အပြာရောင်းမှိုင်းနေတဲ့ တောင်တန်းတွေ မြင်ကွင်းထဲကနေ ခဏကလေးပျောက်ကွယ်သွားကြတယ်...။ တိမ်ငွေ့တချို့ ကျနော့်ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းဖြတ်သန်းသွားကြတာ...။
ကျနော့်ပါးပြင်တွေအေးခဲထုံကျင်သွားကြတယ်..။ ဟိုးးးး အဝေးဆီက မြင်နေရတဲ့ ရေခဲတွေဖုံးလွှမ်းနေတဲ့တောင်တန်းတွေက ဘာတောင်တွေလဲဆိုတာ နောက်နေ့ ဒေသခံတွေဆီက ကျနော်စပ်စုရပါဦးမယ်...။ ကျနော်နဲ့ အမြဲအဖော်လိုက်နေကျ ကျနော့်သူငယ်ချင်းကောင်းလေးဖြစ်တဲ့ Nikon D3000ကတော့ အလုပ်တွေအတော်ရှုပ်ဦးမှာပါ...။ ကျနော်လိုချင်တဲ့ သဘာဝရှုခင်းတွေ... ဒီဒေသက တိုင်းရင်းသားတွေရဲ့ ဝတ်စားဆင်ယင်ပုံတွေ... သူတို့ရဲ့နေထိုင်မှုတွေ ...အသုံးအဆောင်တွေ အစားအသောက်တွေ...စတာတွေပေါ့..။
ပညာတော်သင်က ပြန်ရောက်တာသိပ်မကြာခင်မှာပဲ အထက်က ဒီနယ်မှာ တာဝန်ထမ်းဆောင်ဖို့ အမိန့်ကျကတည်းက ကျနော်ကြိတ်ဝမ်းသာနေတာ...။ ဖေဖေမေမေတို့ကတော့သူတို့ရဲ့ တစ်ဦးတည်းသောသားကို ဘယ်လွှတ်ချင်ကြပါ့မလဲ..။ မြို့ပြရဲ့ အငွေ့အသက်ကို ငြီးငွေ့သူကျနော့်အတွက် ဒီတောတောင်ရဲ့ သဘာဝ လတ်ဆတ်တဲ့ လေတွေကို ရှူရှိုက်ရတာပိုပြီး နှစ်သက်မိတယ်..။
လေအေးတစ်ချက်ဝှေ့လိုက်တိုင်းနှင်းမှုန်တွေက မျက်နှာကိုလာထိတဲ့ စူးရှရှအရသာကလဲ ဘာနဲ့မှမတူဘူး..။ သွေးကစကားပြောတယ်ပဲပြောပြော... ဟိုနိုင်ငံမှာ နှင်းခဲတွေအဆုတ်လိုက်ကတဲ့ အရသာထက် ဒီမြေရဲ့နှင်းကို ပိုချစ်တယ်..။ “အဲဒီမှာ သိပ်အေးနေလားဟင်...” ကျနော် သူမဆီပထမဆုံးဖုန်းဆက်တော့ သူမမေးခဲ့ဖူးတယ်...။.. ဟင့်အင်း ဟိုမှာ နှင်းခဲတွေနဲ့ အသားကျနေတဲ့ကျနော့်အတွက် ဒီနှင်းမှုန်လေးတွေလောက်က အေးဆေးဖြစ်နေပါပြီ..။ ရန်ကုန်နဲ့စာရင်တော့ ဒီမှာက အများကြီးပိုအေးတာပေါ့...။ တစ်ခါတစ်ခါ သုညအောက်ရောက်ရင် ရေတွေဘာတွေခဲကုန်တာဆိုတော့..။
ဆံပင်တွေလဲ နှင်းတွေတော်တော်စိုနေပြီ...။ ကျနော်အထဲဝင်မှဖြစ်တော့မယ်...။ ကျနော်နေရတဲ့ ရိပ်သာလေးက တောင်ကမူလေးပေါ်မှာ သစ်သားတွေနဲ့ဆောက်ထားတာ...။ ရိုးစင်းပြီး သဘာဝကျကျလေးနဲ့ သပ်ရပ်တယ် ကဗျာဆန်တယ်...။ အခန်းထဲရောက်တော့ ကျနော့်စာကြည့်စာပွဲပေါ်မှာ တောင်ဇလပ်ပန်းလေးကို ပန်းအိုးထိုးထားတယ်...။
ဓါတ်ဗူးထဲက ကော်ဖီပူပူကိုငှဲ့သောက်ရင်း ဘာမဆိုင် ညာမဆိုင် ထောပတ်အာလူးချောင်းကြော်လေးကိုသွားသတိရမိတယ်..။ ကျနော်ပြန်လာရင် ဝယ်ခဲ့ဖို့မှာတဲ့ သူမကိုပါ တပြိုင်တည်းအမှတ်ရမိသွားတယ်...။ အဝေးကြီးကနေ သယ်လာရလို့ ဒီရောက်ရင် စားမကောင်းမှာဆိုးလို့ ကျနော်သတိရပေမယ့် ဝယ်မလာခဲ့တော့တာပါ...။ ဘာပဲဖြစ်ဖြစ် ကြုံကြိုက်တဲ့ တစ်နေ့ကျရင်တော့ ကျနော်ကိုယ်တိုင် သူမကို ထောပတ်အာလူးချောင်းကြော် ကြော်ကျွေးဖို့မျှော်လင့်ပါတယ်...။ လောလောဆယ်တော့ သူမရဲ့လက်ရာ ဟင်းခွက်တွေကို ဖန်သားပြင်ပေါ်ကသာ ငေးမောသရေကျရတာ..။ ခုလိုတောထဲ တောင်ထဲရောက်တော့ ပိုဝေးသွားပြီပေါ့..။ တစ်လတစ်ခါမြို့တက်ရင်တော့ ကျနော်စုဆောင်းထားတဲ့ ဓါတ်ပုံတွေကို ဖဘမှာတင်ဖြစ်အောင် တော့ကြိုးစားရမှာပါ....။
နယ်ခံ ဦးကြီးတစ်ယောက်က အငွေ့တစ်ထောင်းထောင်းထနေတဲ့ ပြောင်းဖူးပြုတ်လာပို့ပေးတယ်...။ ကျနော်တို့ ရန်ကုန်အခေါ် ရှမ်းပြောင်း...။ အစိမ်းအဝါမီးခိုရောင်တွေနဲ့ စီရီလို့ စားလိုက်ရင်ချိုပြီးစေးနေလိုက်တာများဗျာ အရသာရှိချက်...။ ဒီလိုသဘာဝပြောင်းဖူးမစားရတာ နှစ်နဲ့ချီနေပြီ..။နေဦး....။ မစားခင်.. ပြောင်းဖူးကို ဓါတ်ပုံရိုက်လိုက်ဦးမယ်...။ “ဆရာ...အမဲသားစားလားဗျ”...။ ဒီတောင်ပေါ်ကတိုင်းရင်းသားလူမျိုးစုတွေဟာ ကျနော်တို့ မြေပြန့်သားတွေလို ကြက် ဝက် ငါး ပုဇွန်ထက် အမဲသား ဆတ်သား ဂျီသားတွေကိုပဲ အဓိကစားသုံးကြတာမဟုတ်လား..။ ဒီအသားတွေကို ကိုယ်တိုင်သာချက်မစားတာ သူများချက်ရင်တော့စားပါတယ်...။ အဲဒီအသားတွေထက် ဒေသထွက် အသီးအရွက်တွေကိုပိုစိတ်ဝင်စားတယ်...။ ဒါနဲ့ ဦးကြီးက ညနေစာကိုပြောင်းဖူး soup တစ်ခွက်လုပ်လာပေးတယ်...။ ပူနွေးစေးပိုင်နေပြီးသောက်လို့သိပ်ကောင်းပါတယ်... တောင်ပေါ်ဒေသမှာ တောင်ယာဆန်နဲ့ ပြောင်းဆံကိုသာ အဓိကစားသုံးကြတာဆိုတော့ ရောမရောက်တော့လဲ ရောမလိုနေရမပေါ့..။
သိပ်အေးလို့ နှစ်ရက်လောက်ရှိပြီ ရေမချိုးဖြစ်တာ...။ ရေချိုးဖို့ နေရောင်ကိုစောင့်ရသေးတယ်...။ ဒီတောထဲတောင်ထဲ ဟီတာတွေ ရေနွေးစက်တွေရှိတာမှမဟုတ်ဘဲဖုန်းထဲမှာ သူမကိုပြောပြတော့ သူမကအထူးအဆန်းဖြစ်နေတယ်...အဲလောက်တောင်အေးလားတဲ့...။ ပြီးတော့လဲ ချက်ချင်း စိတ်ကူးယဉ်ပစ်လိုက်ပုံများ“ ဒါဆို နေမထွက်တော့ မှုန်မှုန်မှိုင်းမှိုင်းလေးနဲ့ လွမ်းဖို့တော့ကောင်းမယ်နော်သိပ်လဲလှမယ်ထင်တယ်”တဲ့ ...။ ပြောသေးတယ် အဲလိဇဘက်ဘုရင်မ သုံးလလောက်ရေမချိုးဖြစ်တာကိုတော့ ယုံသွားပြီတဲ့...။ ပြာသိုလပြည့်တုန်းက မြင်ရတဲ့ လပြည့်ဝန်းကြီးကိုလဲအမိအရရိုက်ရသေးတယ်.... မြင်မြင်သမျှတောပန်းတွေကိုလဲရိုက်ယူတယ်...။
ဓါတ်ပုံပြပွဲလုပ်ပါလားလို့ သူမအကြံမပေးခင်ကတည်းက ကျနော်စိတ်ကူးထားပြီးသား...။ ဟိုမှာတုန်းက ရိုက်ထားခဲ့တဲ့ ပုံပေါင်းနှစ်ထောင်ကျော်ရှိတယ်...။ တစ်နေ့ကျရင်ကျနော့်လက်ရာ ဓါတ်ပုံ Gallery လေးတစ်ခုလုပ်ဖြစ်မှာပါဗျာ...။ လောလောဆယ်တော့ အခြေအနေအချိန်အခါအရရော ဘတ်ဂျက်အရရော အခွင့်အရေးအရရော..ကျနော့်ဘက်မှာ မရှိသေးပါဘူး..။
ဘယ်လိုပဲဖြစ်ဖြစ်ဗျာ... ကျနော့်ဘဝနဲ့ ကျနော်ဝါသနာတစ်ထပ်တည်းကျဖို့ အချိန်စောင့်ရဦးမှာပါ...။ ကျနော်ချစ်တဲ့ ကမ္ဘာမြေအတွက် လှပဆန်းကြယ်တဲ့ ပုံရိပ်တွေကို အမြဲမှတ်တမ်းတင်ခွင့်ရနေတာကိုပဲ ကျေနပ်လှပါပြီ...။ တစ်ခါတစ်လေလိုအပ်ရင် ကျနော့်မော်ဒယ်လ်အဖြစ်လဲ သူမရှိနေပြီပဲလေ...။ နှင်းတွေထူပိန်းစွာ ကျလာလို့လား ညနေငါးနာရီအချိန်က သိပ်ကိုမှောင်နေပါပြီ...။ နွားနို့ပူပူတစ်ခွက်နဲ့ မီးလင်းဖိုလေးမှာ အနွေးဓါတ်ယူရင်း သူမရဲ့လက်ရာစာအုပ်လေးကိုဖတ်ရင်း ဒီညလေးကိုကုန်ဆုံးစေတော့မှာပါ......။
မိုးငွေ့
9 comments:
ပုံလေးကိုကြည့် စာလဲဖတ်ပြီး တခါကရောက်ဖူးတဲ့
ချင်ပြည်နယ်လေးကိုလွမ်းသွားတယ်
တနှစ်ကြာခဲ့ပြီဖြစ်တဲ့အက်ဆေးလေးပေါ့နော်
တစ်နှစ်ကြာနေတဲ့ ပို့စ်လေးကလဲ ခုထိ
လတ်ဆတ်သစ်လွင်နေဆဲ လှပစွာ ခံစားလို့
ကောင်းနေဆဲပါပဲ..ဘာကြောင့်ဆို ခုမှဖတ်ရတာ
ဖြစ်သလို ရေးတဲ့သူကလဲ တော်တာကိုးးးးးးးးးးး
ပြီးတော့ ဒီအက်ဆေးလေးက နှင်းတောထဲမှာ
သိမ်းထားတာဆိုတော့ ခံတယ်လေ :)))
မ ဒီတစ်ခါအက်ဆေးလေးက အရေးအသား
အတော်ကိုကောင်းတယ်...အရင်ပို့စ်တွေနဲ့မတူပဲ
ပိုပြီးညက်ညောအသက်ဝင်တယ်လို့ ထင်မိတယ်..
အရင်ပို့စ်တွေလဲ ကောင်းပါတယ်...မ က စာအရေး
အသား အမြဲသပ်ရပ်တိကျတယ်လေ...ပြီးတော့
လှလှပပနူးနူးညံ့ညံ့လေးလဲ ရေးတတ်တယ်..
အဲဒါကြောင့် မ စာတွေဆိုလာမဖတ်ပဲ
မနေနိုင်ဘူးရယ် :)))
ချစ်တဲ့...မိုးနတ်
ဟောင်းနေပေမယ့် ကောင်းနေဆဲ... အက်ဆေးလေးပါ မမရေ....
တောင်ဇလပ်ပန်းတွေနဲ့ဆိုတော့ ချင်းပြည်နယ်နေမယ်
နော်....၊သိပ်သွားချင်တဲ့နေရာ.....
ပေ ၃၀၀၀ အထက်မှာ ကိုယ်တိုင်သွားရောက်ပြီး ရင်သပ်ရှုမောဖွယ်ရာ တောင်တန်းကြီးကို တစ်ငေးတစ်မောကြည့်ရင်း အေးစိမ့်စိမ့်လေနုအေးရဲ့ တိုးဝှေ့တာလေးကို ခံစားသွားတယ် မိုးငွေ့ရေ။ ရောင်စုံပါတဲ့ ရှမ်းပြောင်းဖူးလေးတွေကို ကြိုက်မှကြိုက်း)။ တစ်နှစ်ကြာသိမ်းဆည်းထားတဲ့ အက်ဆေးလေး အကောင်အထည်ဖော်လိုက်ပြီပေါ့။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ပိုစ့်လေးဖတ်ခဲ့ပါတယ် ရှင်
အက်ဆေးလေးက မိုက်တယ်..ချင်းပြည်နယ်ကို ရောက်ဖူးချင်သား..း)
အက်ဆေးထဲက နေရာလေးက ချစ်စရာလေး
တောင်ဇလပ်ပန်းတွေ ဝေပြီး နှင်းမှုန်တွေနဲ့ အေးစက်နေမှာ
ပြီးတော့ အက်ဆေးလေးရော အက်ဆေးထဲက ဇာတ်ကောင်လေးကလည်း ချစ်စရာ
မဒမ်ဟန်ကြည်က ချင်းသွေးပါလေတော့ သူ့ဖေဖေဇာတိ တောင်ဇလပ်မြေကို မကြာမကြာ လွမ်းလွမ်းဆွေးဆွေးနဲ့ တမ်းတတတ်ပါသဗျား...အောင်ဆန်းသူရိယ ဗိုလ်တိုက်ချွန်းရဲ့ဇာတိ လွီဗန်းရွာနဲ့ ကပ်နေတဲ့ သူရို့မျိုးရိုးတွေရှိရာ တောင်ဇလပ်မြေကို တစ်ခါတစ်ခေါက်တော့ ရောက်ချင်ပေမယ့် အလုပ်ကပိ ခရီးကလည်း ဝေးလွန်းတာမို့ မရောက်ဖြစ်သေးပေမယ့် မိုးငွေ့ရဲ့ ပို့စ်ထဲကနေပဲ တောင်ဇလပ်တွေကို လှမ်းပြီးလွမ်းလိုက်တယ်း)
Post a Comment