Tuesday, 19 February 2013

အချစ်သီချင်း အလွမ်းရုပ်ရှင်....








ဆက်တိုက်ကြီးစိုးလာခဲ့တဲ့ အထီးကျန်နေ့ရက်တွေကို…ကိုယ်ဘယ်လိုဖြတ်သန်းနေရမလဲဆိုတာ မင်းမသိချင်ဘူးလားအိန်ဂျယ်…..။ အင်းလေ… ကိုယ်ကိုက အမှတ်မရှိ အဖြေမရှိတဲ့ မေးခွန်းကိုထုတ်ထုတ်နေမိတာပါ….။ အထီးကျန်စွာနေရစ်ပါတော့ဆိုတဲ့ စိတ်စေတနာနဲ့ မင်းထားသွားခဲ့တာ မဟုတ်ပေမယ့်…. အနားမှာဖြေသိမ့်နိုင်မယ့်အရာအပြည့်ရှိလျက်နဲ့လည်း…. တခါတခါ….ကိုယ်ကတော့ တလောကလုံးမှာ အမြဲတစ်ယောက်တည်းလို့ ထင်ချင်ထင်နေမိတော့တာ။

အချစ်သီချင်းတွေကို နားထောင်ဖြစ်ပေမယ့် အရင်လို အနှစ်သာရမရှိတော့သလိုလို… ခံစားမှုတွေက သွေ့သွေ့ခြောက်ခြောက်ရှိလှတယ်….။ မင်းများဖြစ်လေမလားလို့ အရိပ်ယောင်တစ်ခုခုမြင်တိုင်း ရင်ခုန်နှုန်းတွေက တိုးတက်နေဆဲပဲ….။ တဆက်ထဲမှာပဲ နာကျင်ခါးသက်မှုတွေက အလိုလို မြင်လွှာတွေကို ဝိုးဝါးရိုးရိပ်အောင်ပြုလိုက်စမြဲပဲ…။

မင်းကိုယ်တိုင် ဆန္ဒပြည့်ဝစွာနဲ့ထားသွားတာမဟုတ်သလို မင်းထားသွားအောင်သာ လုပ်ခဲ့မိသူ…. ကိုယ်ရယ်ပါ…..။ မင်းပြောမယ်ဆိုလည်းပြောစရာပဲလေ…. ဒီဇာတ်လမ်းမှာ ကိုယ်သာထုတ်လုပ်သူ ကိုယ်သာဒါရိုက်တာ ကိုယ်သာဇာတ်ညွှန်းရေးသူ.. ပြီးတော့ ကိုယ်တိုင်သရုပ်ဆောင်သူ…. ဟဟဟ…ဒါပေမယ့်လည်း အိန်ဂျယ်ရယ်….. ကိုယ်တိုင်ရေးသားရိုက်ကူးခဲ့တဲ့ ဇာတ်ကားတစ်ကားကိုတောင်မှ ဇာတ်ပေါင်းပေးခွင့်ကိုယ့်မှာ မရှိခဲ့ပါဘူး…။

ဟုတ်တယ်နော်…. ကိုယ်တို့စဆုံဖြစ်တော့ သီချင်းလေးတစ်ပုဒ်နဲ့လေ….။ အဲဒီသီချင်းလေးရဲ့ သံစဉ်လေးက ကိုယ်ရင်ထဲက အချစ်တွေကို တစစဆွဲထုတ်ခေါ်ငင်သွားလိုက်တာ….. အလွမ်းရုပ်ရှင်တစ်ကားကို ကိုယ်တိုင်ရိုက်ခဲ့ရတဲ့ အဖြစ်ထိရယ်လေ…..။ သံစဉ်လှလှကစပြီး အချစ်သီချင်းတွေ သီကျူး…. ပန်းတွေဖူးပွင့် နှင်းတွေခပ်လွှင့်လွှင့်လည်းဖြာကျခဲ့ဖူးတယ်….။ ရော်ဝါခက်ကြွေ ရွက်နုတွေဝေဖူးတဲ့ နွေဦးကိုလည်း တမြတ်တနိုးသိမ်းဆည်းခဲ့ဖူးတယ်…..။ မိုးစက်မိုးပေါက်တို့အေးစိမ့်…. တိမ်ရိပ်တွေညှို့ငင် ရီဝေရစ်မူးအကြည့်စူးတွေနဲ့ ကော်ဖီတစ်ခွက်လည်း သောက်ခဲ့ဖူးတယ်…။ လေပြေသွဲ့သွဲ့ ရင်ခုန်ညွှတ်နူးစရာ လသာညများနဲ့လည်း စကားတွေဖောင်ဖွဲ့ခဲ့ဖူးတယ်….။ ခုတော့ ကိုယ့်ရာသီစက်ဝိုင်းမှာ နွေရယ် မိုးရယ် ဆောင်းရယ်လို့ သတ်သတ်မှတ်မှတ်မရှိတော့ပါဘူး….။

မင်းပြန်အလာကို အမြဲကြိုဆိုနေတတ်တဲ့ ကြယ်စင်အလင်းတန်းများနဲ့ ကိုယ့်ရဲ့ အိမ်ကလေးဆီကို မင်းတခဏ လမ်းမှားပြီးရောက်ဖြစ်ခဲ့မယ်ဆိုရင်တော့ …ကိုယ်ဘယ်လိုခံစားနေရသလဲလို့ မင်းခြေလှမ်းကလေးချလိုက်ရုံနဲ့ ရိပ်မိမှာပါ….။ မင်းကတော့ ကိုယ့်ကို ပျော်နေမယ်လို့ထင်ချင်ထင်နေမှာပေါ့…။ အင်းလေ မင်းသာစိတ်ချမ်းသာမယ်ဆိုရင် ကိုယ့်ကို ထင်ချင်သလိုထင် တွေးချင်သလိုတွေးလို့ရပါတယ်…..။ ကိုယ်ကတော့ တစ်ယောက်ထဲ ရူးသွပ်စွာ အချစ်သီချင်းတွေကို သွေးရူးသွေးတမ်းလိုက်နားထောင်ပြီး အလွမ်းရုပ်ရှင်တွေကိုရိုက်ဖြစ်နေဦးမှာ…..။


မိုးငွေ့

9 comments:

Yoemyaykya said...

အိန်ဂျယ်စီးရီးလာဖတ်တိုင်းလာဖတ်တိုင်း ရင်ထဲက အလွမ်းတွေ ထထပေါက်တယ်။

မိုးနတ်ကြယ်စင် said...


အင်းးးးးး
ဟုတ်တယ်နော်...
တခါတလေ အဓိပ္ပါယ်မရှိမှန်းသိပေမဲ့
ဘာတွေလုပ်မိမှန်းကို မသိဘူးဖြစ်တဲ့
အခါတွေလဲ ရှိတယ် :(

Angelhlaing(May everybody be happy and healthy! said...

အဲ့ဒီအလွမ်းတွေပေါ့.... ထိန်းမရ သိမ်းမရ ..မမရေ..:)

သဒ္ဓါလှိုင်း said...

နင့်နေအောင်ခံစားမှုတွေပေးတဲ့ မမိုး..
လှပတဲ့ စာသားလေးတွေနဲ့.......
ချစ်တဲ့
သဒ္ဓါ

အမ်တီအန် said...

မရောက်တာ အတော်ကြာ...
ရောက်ရောက်ချင်း အိန်ဂျယ်က အလွမ်းနဲ့ ဆီးကြိုလိုက်တယ် မိုးငွေ့ရေ.. :)

မိုးဇက် said...

ဟာဗျာ အိန်ဂျယ်ကလဲ ဘာလို့ အဲ့လို “ ဟဟဟ ” ဆိုတာကြီးက ခုထိပြောနေရတာဒုံး မကြိုက်ပါဘူးဆို .....
:P

မိုးဇက် said...

ဟာဗျာ အိန်ဂျယ်ကလဲ ဘာလို့ အဲ့လို “ ဟဟဟ ” ဆိုတာကြီးက ခုထိပြောနေရတာဒုံး မကြိုက်ပါဘူးဆို .....
:P

မိုးဇက် said...

ဟာဗျာ အိန်ဂျယ်ကလဲ ဘာလို့ အဲ့လို “ ဟဟဟ ” ဆိုတာကြီးက ခုထိပြောနေရတာဒုံး မကြိုက်ပါဘူးဆို .....
:P

Aunty Tint said...

အိန်ဂျယ်တစ်ယောက် သိစေဘို့အတွက် ရင်တွင်း အလွမ်းစာစုလေးတွေကို မျှယူခံစားသွားတယ် မိုးငွေ့ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်