
အား….ခေါင်းတွေကိုက်လိုက်တာ….မခံမရပ်နိုင်အောင်ပါပဲ….။ မခံနိုင်တာတောင် အိပ်စက်အနားယူဖို့ မစဉ်းစစားဘဲ စာရေးဖို့ စာဖတ်ဖို့ပဲ စိတ်စောနေမိတယ်….။ သေတ္တာဖွင့် ဟိုစာအုပ်ရှာ ဒီစာအုပ်ရှာနဲ့ ကိုယ်ကြိုက်နှစ်သက်တဲ့ အက်ဆေးတချို့ကို ရွေးချယ်ယူဖတ်လိုက်တယ်…။ နားထင်ဆီက သွေးကြောမျှင်တွေက စောင့်စောင့်ပြီးထိုးနေတယ်…။ အဲဒီချိန်မှာမင်းကို ချက်ချင်း သတိရလွမ်းဆွတ်သွားတယ်…။ ခုလို ကိုယ်ခေါင်းကိုက်နေချိန် မင်းကိုယ့်နားထင်ကို ညင်သာစွာ နှိပ်ပေးမှာ သေချာတယ်…။ ဒီနေရာမှာသေချာတယ် ဆိုတာ ကိုယ့်အတွက် လက်တွေ့မဆန်လှပါဘူး…။ ကိုယ်နဲ့မင်း စကားပြောတဲ့အခါမျိုး ကိုယ့်လက်ချောင်းတွေညောင်းညာရင် မင်းနှိပ်ပေးနေကျ….ကိုယ်ခေါင်းကိုက်ရင်လဲ မင်းနှိပ်ပေးနေကျလေ….။ လေအေးစက်တွေက သိပ်အေးလွန်းတဲ့အခါ သူဟာ ကိုယ့်အတွက်နွေးထွေးစေတဲ့ ခြုံစောင်တစ်ထည်လဲဖြစ်သေးတယ်…။ ကိုယ့်ကိုအအေးနဲ့မတည့်မှန်း သိလျက်နဲ့လဲ ဘာကြောင့် အကျီၤလက်ရှည်ဝတ်မထားလဲ ဘာလို့ ဘောင်းဘီတိုလေးနဲ့ပဲနေနေလဲ စသဖြင့် ပြစ်တင်ပြောဆိုခြင်းမရှိဘဲ ကိုယ့်ကို အမြဲတမ်း နွေးထွေးလှိုက်လှဲတဲ့ စကားမျိုးကိုသာ ဆိုလေ့ရှိတယ်…။
တကယ်ဆို ကိုယ့်ကမ္ဘာထဲကို မင်းရောက်လာခဲ့တာ သိပ်မကြာသေးပါဘူး…။ ပြီးခဲ့တဲ့ ကိုယ့်မွေးနေ့မတိုင်ခင် တစ်လအလိုလောက်ကပါ…။ ကိုယ်တို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုက ဖြစ်ရိုးဖြစ်စဉ်အတိုင်းလေးပါပဲ…။ ဘာမှတော့ အထူးအဆန်းမဟုတ်ဘူး…။ သမာရိုးကျဆန်ပါတယ်…။ သာယာကြည်လင်တဲ့ မိုးကောင်ကင်ပြာပြာအောက်မှာ… သဲသောင်ပြင်နဲ့ စည်းချက်ရိုက်နေတဲ့ ရေလှိုင်းဖွေးဖွေးတွေထဲမှာ…. ချိုမြမြ ရှိန်းတိန်းတိန်းရှိလှတဲ့ အုန်းသီးနုနုထဲမှာ…. သာယာငြိမ့်ညောင်းတဲ့ ဂီတသံစဉ်များကြားမှာ…နက်ပြာရောင်ကောင်းကင်နောက်ခံနဲ့ မီးရှှုးမီပန်းတွေကြားမှာ ယုန်ဖြူကလေးတွေ ပြေးဆော့ကစားနေတဲ့ မြက်ခင်းပြင်ပေါ်မှာ ကိုယ်တို့ရဲ့ ဆုံတွေ့မှုတွေ စတင်အသက်ဝင်ခဲ့တယ်….။
ဂဏန်းတွက်စက်ပေါ်မှာနေ့စဉ်နှင့်အမျှရှိနေတဲ့ ကိုယ့်ဘဝနဲ့ ကွန်ပျူတာကီးဘုတ်ပေါ်မှာ အမြဲရှိနေတဲ့ မင်းဘဝ…။ ကိုယ်တို့ တစ်ယောက်အကြောင်းတစ်ယောက် ခရေစေ့တွင်းကျ မသိကြပေမယ့်.. တစ်ယောက်ကို တစ်ယောက်နားလည်နိုင်ကြတယ်…။ ဆိုးတူကောင်းဖက် ရဲဘော်ရဲဖက်လို တစ်ယောက်ကိုတစ်ယောက် မက်မောတွယ်တာလာကြတယ်..။ ဘဝမှာ အလိုအပ်ဆုံးအဖော် မင်းဟာ…..ကိုယ့်အတွက် ကိုယ်ဟာ မင်းအတွက်ဖြစ်လာတယ်….။ ပျော်ရွှင်စရာ ဝမ်းနည်းစရာတွေကို မျှဝေခံစားတတ်လာတယ်…။ တစ်ခါတစ်ခါ နှစ်ယောက်ထပ်တူညီမျှတဲ့အခါ သူခံစားချက် ကိုယ့်ခံစားချက် တစ်သားတည်းဖြစ်သွားချိန်မှာ ဘဝဟာ လိုအပ်ချက်ကင်းမဲ့စွာ ပြီးပြည့်စုံသွားတယ်လို့တောင် ထင်ရတယ်…။ ကိုယ်ကတော့ မင်းနဲ့ ကိုယ့်ကြားမှာ ရှိတဲ့ ချစ်ခင်တွယ်တာမှုကို အဖြူရောင်ကြိုးမျှင်တစ်ခုလို့ သတ်မှတ်ထားတယ်…။
သူက ဘုရားသခင်ကိုချစ်တယ်…. ကဗျာတွေကိုချစ်တယ်…ပြီးတော့ ကိုယ်ရေးတဲ့ အက်ဆေးလှလှလေးတွေကို ချစ်တယ်…။ ကိုယ်ကတော့ မင်းညည်းဆိုတတ်တဲ့ သီးချင်းသံစဉ်တွေကို နှစ်သက်စွဲလန်းတယ်…။ ကလေးတစ်ယောက်လိုဖြူစင်တဲ့ မင်းအပြုံးတွေကိုမက်မောတယ်…။ ကိုယ်တို့နှစ်ယောက်ရဲ့ မတူညီချက်ကတော့ မင်းက အဖြူရောင်နှင်းမှုန်တွေကိုချစ်ပြီး… ကိုယ်ကတော့ ကောင်းကင်ကို မော့ကြည့်တဲ့အခါမှာ မျက်နှာကိုလာထိမှန်မယ့် မိုးစက်မိုးပေါက်တွေကိုချစ်တယ်…။ အင်းလေ လူတိုင်းကတော့ဖြင့် အကြိုက်ချင်းအကုန်တူဖို့ဆိုတာမှ မဖြစ်နိုင်တာပဲ…။ ဒီလိုပဲ ကွဲလွဲမှုတော့ ရှိကြတာပေါ့…။ ဒါကြောင့်မို့ထင်ပါတယ်…မင်းကြိုက်တတ်တဲ့ အရောင်တွေက နှင်းပွင့်တွေလို ဖွေးဆွတ်တဲ့ အရောင်မျိုးဖြစ်တယ်….။ နေ့တစ်နေ့ ကုန်ဆုံးချိန်ရောက်တိုင်း ကိုယ်အမြဲလွမ်းဆွတ်နေတတ်တာက ညအိပ်ယာ ဝင်ခါနီး မင်းနဲ့ ကိုယ်နှုတ်ဆက်တတ်တာ…Fly Kiss တဲ့ အာဘွားတဲ့…။ အဝေးကမို့ ဒါမျိုးနှုတ်ဆက်ဝံ့တာပါဗျာတဲ့…။ အိုးး…ဘာဖြစ်လို့လဲဆိုတော့…။ အနားမှာဆို ကျွန်တော့်ကို ခင်ဗျားခေါင်းခေါက်ရင် ဘယ့်နှယ့်လုပ်မလဲတဲ့…။
အဖြူရောင်တွေချည်း အုပ်မိုးလွှမ်းခြုံထားတဲ့ ကိုယ်တို့ကြားမှာ သိုးမည်းတစ်ကောင်လည်း မပါဝင်ဘူး…။ မိုးခါးရေကို မက်မောစွာ သောက်သုံးသူတွေလည်းမပါဝင်ဘူး…။ ကိုယ်တို့ကို ပြစ်တင်ကဲ့ရဲ့မယ့် မျက်လုံးတွေလဲ မပါဝင်ဘူး…။ မနာလိုဝန်တိုမှုတွေနဲ့ စောင့်ကြည့်နေမယ့်သူလဲမပါဝင်ဘူး….။ အိန်ဂျယ်ရဲ့ အတောင်ပံခတ်သံအောက်မှာ ကိုယ်တို့ငြိမ်းချမ်းစွာ အမြဲအတူရှိနေကြမယ်နော်…။ ရွက်ဟောင်းတွေကြွေ ရွက်သစ်တွေဝေလို့ မိုးတွေဖွေးဖွေးရွာသွန်း နှင်းထုတွေ မှုန်မှိုင်း ရာသီစက်ဝိုင်းတွေ အလီလီပြောင်းလဲတိုင်း ကိုယ်တို့ အမြဲအတူရှိနေကြမယ်နော်…။ ကမ်းစပ်ကနေ နေဝင်ချိန်ကို အတူထိုင်ကြည့်ကြမယ်လေ…။ တံတားဘောင်ပေါ်ကနေ တိမ်တွေ သဏ္ဍာန်အမျိုးမျိုးပြောင်းလဲရွေ့လျားနေတာကို စောင့်ကြည့်ကြမယ်လေ…။ တောင်ကျရေရဲ့ နရီရိုက်သံကို အတူနားထောင်ကြမယ်…။ ငှက်ဖြူတွေပျံသန်းရာနောက် ကိုယ်တို့ လိုက်ကြမယ်လေ…ဟုတ်လား….။
မိုးငွေ့
7 comments:
တောင်ကျရေရဲ့ နရီရိုက်သံ ဆိုတာ ဘယ်လို အသံမျိုးကို ပြောတာလဲဗျ
တောင်ကျရေရဲ့ နရီရိုက်သံကိုကြားဖူးချင်ရင် ရေတံခွန်တစ်နေရာကိုရောက်ရင် ဘယ်လိုနားထောင်ရမယ်ဆိုတာ ပြောပြမယ်...။ အဲဒါပြောပြလို့မရဘူး နားထောင်ခံစားရမှာလေ...။
နရီရိုက်သံဆိုတာ ခုနကကြားလိုက်တဲ့ အသံလိုပဲထင်တယ်..(ဟုတ်လား) :P
(မာ..နူး..ချို..မာ)လေ :D
ညီမ ရေ
စာလေးဖတ်သွားတယ်
ဆုတောင်းလေးတွေ စိတ်ကူးလေးတွေ အမြန်ပြည့်နိုင်ပါစေဗျာ...
ဒါမှ မြန်မြန်စားရမှာ...
ဟေ.........းဝ
Post a Comment