Tuesday, 18 May 2010

ကိုယ်ရဲ့နောက်ဆုံးချိန်လေးမှာ...




လွမ်းလိုက်တာ u ရယ်....။ ရင်ထဲမှာ နင့်ခနဲပဲ...စကားလုံးတွေနဲ့ ကိုယ်ပြည့်စုံအောင်မပြောပြတတ်ဘူး။ ကိုယ်သတိတရရှိနေချိန်မှာ.... u ကတော့ ကွန်ပျူတာကိုရောင်းပစ်... အဆက်သွယ်ဖြတ်ပြီး.... ကင်မရာတစ်လုံးနဲ့ မြို့အနှံ့ဓါတ်ပုံတွေစုဆောင်းနေနိုင်တာပေါ့...။ u စိတ်နှလုံးကို တခါတခါနားမလည်နိုင်တော့ပါဘူး....။ ခုတလော ကိုယ်သိပ်နေလို့မကောင်းဘူး....။ တကယ်လို့များ u ပြန်ရောက်မလာခင်မှာ ကိုယ်တစ်ခုခုဖြစ်သွားခဲ့ရင်...u နဲ့ ကိုယ်တွေ့လိုက်ရမှာမဟုတ်တော့ဘူး...။ ဒီရက်ပိုင်း စိတ်ထဲက မကောင်းဘူး... ဝမ်းနည်းစိတ်က အမြဲလွှမ်းမိုးနေတယ်...။ ကိုယ်ငိုချဖို့ကြိုးစားကြည့်တယ်...။ မျက်ရည်တွေက ထွက်မလာဘူး....။ ဝမ်းနည်းဆို့နင့်မှုတွေကြောင့် လည်ချောင်းထဲမှာ ခါးသက်သွားတယ်.....။ ကိုယ်ဟာ... ဒီလောကကြီးထဲကနေ အပြီးအပိုင်ထွက်ခွာသွားရမယ့်ရက်ကိုသာ တိတိကျကျသိနေခဲ့ရင်.... နေရမယ့်နေ့ရက်အနည်းငယ်အတွင်း ကိုယ်ဘာတွေလုပ်မိမလဲ....။ ခေါင်းတွေနောက်ပြီး ကိုယ်လျှောက်တွေးနေမိတယ်...။ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်တဲ့အတွက် သေလွန်ပြီး တဲ့အခါကောင်းရာမွန်ရာ ရောက်ဖို့အတွက် ကောင်းမှုကုသိုလ်တော့လုပ်ရမယ်...။ အမေနဲ့မောင်နှမတွေနဲ့အတူ ဘူဖေးဟော့ပေါ့ သွားစားကြမယ်... ညကျရင် အမေနဲ့ ညီမလေးကြားမှာတိုးဝှေ့ပြီးအိပ်မယ် ။ နောက်နေ့ကျ စိတ်မချပေမယ့် အမေ့ကိုကန်တော့ပြီး ကိုယ်လုပ်ရမယ့်အရာအားလုံးကို စေ့စေ့စပ်စပ် စီစဉ်ရမယ်..။ ပထမဦးဆုံး ကိုယ်ပိုင်ဆိုင်သမျှကို ပရဟိတလုပ်ငန်းတွေမှာ လိုအပ်သလို လှူချင်တယ်....။ ကိုယ့်ရဲ့ အနန္တမေတ္တာရိပ်မွန်က ကလေးတွေကို ဟင်းသွားချက်ကျွေးမယ် ကလေးတွေနဲ့အတူကစားမယ် သီချင်းတွေဆိုမယ်....။ နောက်နေ့ကျရင် အဖွားဆီသွားမယ် အဖွားဆံပင်တွေရှည်နေရင် ဆံပင်ညှပ်ပေးမယ် လက်သည်းတွေညှပ်ပေးမယ် ခေါင်းလျှော်ပေးမယ် ပြီးရင် အတူထမင်းစားမယ် စကားတွေထိုင်ပြောမယ် ။ ရတနာသုံးပါးကိုတော့ နေ့စဉ်မပျက် နှလုံးသွင်းရင်း ဘုရားရှိခိုးမယ် ပရိတ်တော်တွေရွတ်မယ် မေတ္တာပို့မယ် တရားတော်ခွေတွေကိုနာယူမယ်....။ ကိုယ်အသွားချင်ဆုံး နေရာတွေကို ဟိုးး အဝေးမှာရောက်နေတဲ့ ညီမလေးHN ကိုလှမ်းခေါ်ပြီး အတူသွားကြမယ်။ အဲဒီထဲမှာ u ပြန်လာရင် u နဲ့အတူသွားမယ်လို့ပြောထားတဲ့ တောင်ပေါ်နေရာလေးလဲပါမယ်...။ ခရီးသွားနေစဉ် လမ်းတလျှောက်က လူတွေကို တတ်နိုင်သမျှ ကူညီဖြည့်ဆည်းသွားမယ်...။ မဟာမြတ်မုနိဘုရားလေးဆူလုံးဖူးမယ် နောင်ဘဝမှာလဲ ချစ်ခင်တဲ့သူတွေနဲ့ပြန်တွေ့ပါစေလို့ ဆုတောင်းမယ် ။ လှပတဲ့ရေတံခွန်တွေရှိရာနေရာတွေသွားမယ်....။ ရေတံခွန်ကရေအိုင်ထဲမှာ ကိုယ်ကြိုက်တဲ့ စကားဖြူပန်းတစ်ပွင့် ခေါင်းမှာပန်ပြီး အကြာကြီးမျက်စိမှိတ်ပြီး စိမ်နေချင်တယ်....။ u နဲ့အတူသွားမယ်ဆိုတဲ့ နှင်းတောင်မှာ နှင်းခဲတွေကို အဆုတ်လိုက်လုံးပြီး u ကိုပစ်ပေါက်ချင်သေးတယ်...။ အမြင့်ဆုံးတောင်ထိပ်တစ်ခုမှာ မတ်မတ်ရပ်ပြီး အသံကုန်အော်ဟစ်ပစ်မယ်.....။ နောက်ဆုံးတစ်ရက်ကိုတော့ ကိုယ်အသွားချင်ဆုံးကမ်းခြေလေးမှာ u နဲ့အတူ u ကိုယ်တိုင်ချက်ကျွေးတဲ့ ညနေစာလေး စားချင်တယ်....။ ခရီးတလျှောက်မှာ ရိုက်လာတဲ့ ဓါတ်ပုံတွေထည့်ထားတဲ့ စတစ်ကို u လက်ထဲထည့်ပေးမယ်...။ တစ်ချိန်မှာ u ရဲ့ ဓါတ်ပုံပြပွဲလေးမှာ ချိပ်ဆွဲပြသဖို့ တချို့ပုံတွေအသုံးဝင်ပါလိမ့်မယ်....။ နောက်ဆုံးအနေနဲ့ u မျက်လုံးလေးတွေကို စိုက်ကြည့်ချင်တယ်... အဲဒီထဲမှာ ကိုယ့်အတွက် ပူဆွေးသောကရိပ်တွေပါမနေဘဲ ကိုယ်သွားတော့မယ့်လမ်းကို ကိုယ့်ရဲ့ခရီးကို ပို့ဆောင်နှုတ်ဆက်ရာမှာ သာမန်ခရီးတစ်ခုကို လိုက်ပါပို့ဆောင်သလိုခံစားမှုမျိုးပဲ ရှိနေစေချင်တယ်...။ u လုပ်နိုင်ပါ့မလား....။ ကိုယ့်ရဲ့နောက်ဆုံးထွက်သက်ဟာ u ရင်ခွင်ထဲကနေ နေဝင်ချိန်နဲ့အတူ တိတ်တဆိတ်လေး နှုတ်ဆက်သွားတဲ့အချိန်မှာ ကိုယ့်အတွက်နဲ့ u မျက်ရည်လေးတစ်စက်တောင် မကျစေချင်ပါဘူး...။ ကိုယ့်ရဲ့ရုပ်ကလပ်ကို ဝါးဖောင်လေးနဲ့ဟိုးးး ပင်လယ်ကြီးထဲကိုမျောလိုက်ပါ။ ဒီလိုဆိုတော့လဲ မသေခင် ကိုယ်လုပ်ချင်တာတွေက တော်တော်များသားပဲ။ 


မိုးငွေ့

5 comments:

အနှိုင်းမဲ့ said...

အဟုတ်မှတ်လို့ဖတ်နေတာ...
ရည်းစားကိုလွမ်းရင်လဲ
ရိုးရိုးလွမ်းပေါ့..အန်တီမိုးငွေ့ရယ်
ဘယ့်နှယ့်ကြောင့်...စာလာဖတ်သူတွေကို
စိတ်မကောင်းစေမယ့် စကားမျိုးတွေ ရေးနေရတာတုန်း... :(

Flower said...

မိုးငွေ့ရေ
ဖတ်ပြီးစိတ်မကောင်းဘူး
တကယ်ဆန္ဒကိုရေးနေတာလား
ဖတ်ကောင်းအောင် ရေးနေတာလား
သေခြင်းတရားဆိုတာ ခန့်မှန်းလို့ခက်ပေမဲ့
မိုးငွေ့အတွက်တော့ စောလွန်းပါသေးတယ်..
ဒီလိုစီစဉ်ထားဖို့တော့ မလိုအပ်သေးဘူး ထင်တာပါဘဲ
သူသိအောင်ပြောခဲ့ချင်တာတွေအတွက်
သိစေချင်တဲ့သူ အမြန်ဆုံးသိပါစေနော်..
မိုးငွေ့ ပျော်ရွှင်ငြိမ်းချမ်းပါစေ..

ခင်မင်စွာ
ချော

blackroze said...

အမရေ....
ညီမလဲစဉ်းစားဖူးတယ်...ကိုယ့်ရဲ့နောက်ဆုံးနေ့
ကနီးနေပြီဆိုရင်ဘာကိုလုပ်မလဲလို့လေ...
အဲဒီအခါကျတော့လုပ်ချင်တာတွေကအများကြီးဘဲ
အမရာ...ရတဲ့အချိန်နဲ့တောင်မလောက်ဘူး...
တကယ်တော့..ဘဝဆိုတာပန်းချီကားတချပ်ပါအမရယ်

ပန်းခင်းလေး said...

တိုတောင်းလှတဲ့ ဘ၀လေးထဲမှာပဲ
များပြားလှတဲ့ ဆန္ဒတွေနဲ့ 
ဘယ်လိုပဲဖြစ်ဖြစ် ဘ၀လေးကို
အလှပဆုံး ခြယ်မှုန်းနိုင်ပါစေလို့  . . .

thadarhline said...

ဖတ်ရင်းနဲ့တကယ်လား....စိတ်ကူးလား.....
ပုံဖေါ်ကြည့်မိတယ်..။
လွမ်းတာတွေများနေတော့ဖတ်နေရင်းနဲ့စိတ်မကောင်းဘူး။
ဘယ်လိုပဲဖြစ်ဖြစ်ဆန္ဒတွေအကောင်အထည်ဖေါ်နိုင်
ပါစေလို့ဆုတောင်းပေးနေတယ်..မိုးရေ..

ခင်တဲ့
သဒ္ဓါ