မမမွေးပြီးလျှင် ပြီးချင်း မေမေသေဆုံးသွားသည်ဟု ပြောပါသည်..။ မမကိုမွေးသည့်အချိန်၌ အမေ့အသက် ၄၅ နှစ်ရှိပြီဟု ပြောသည်..။ အမေ၏ သမီးအကြီးဆုံး မမကြီးနှင့် အမေ၏ သမီးအငယ်ဆုံး မမ၏ကြားတွင် ယောကျာၤးကလေး နှစ်ယောက်မွေးခဲ့သေးသော်လည်း အဖတ်မတင်ဘူးဟု အဖေပြန်ပြောဖူးသည်..။ အမေက ကလေးခြားလှသဖြင့် မမကြီးနှင့် မမသည် အသက် နှစ်ဆယ့်နှစ်နှစ် ကွာခြားသည် ဟုပြောပါသည်။
မမသိတတ်ခါစအရွယ် အသက် သုံးနှစ်သမီးအရွယ်မှာ အဖေသည် ရွာသစ်ကလေးနှင့် ရေနံချောင်းမြစ်ဆိပ်သို့ အသွားအပြန် ကူးတို့လိုက်သည့်အလုပ်ကို လုပ်ရသည်။ တစ်ခါတစ်ခါ ရေနံချောင်းနှင့် ကျမ်းကိုင်ကျွန်း၊ တစ်ခါတစ်ခါ ဖရဲကျွန်း၊ တစ်ခါတစ်ခါ ရွာသစ်ကြီး လူရလျှင် ရသလို အဖေလှေလိုက်ခဲ့၏။ အဖေ့လှေဦးတွင် ထိုင်ကာ ဧရာဝတီမြစ်ရေပြင် တစ်လျှောက် ကူးတို့လိုက်ရခြင်းကို မမပျော်သည်။ အဖေ့လှေကိုစီးသော ခရီးသည်များသည် အများအားဖြင့် ဟင်းရွက် ကုန်စိမ်းသည်များဖြစ်ကြ၏။
နံနက်ဝေလီဝေလင်း သုံးနာရီ၊ လေးနာရီလောက်တွင် ချဉ်ပေါင်ရွက်စည်းများ၊ ခရမ်းချဉ်သီးတောင်းများ၊ ခရမ်းသီးတောင်းများကို စုထုပ်ပိုးလျက် ခေါင်းမှာရွက်ကာ အဖေ့လှေဆီသို့ သူတို့ရောက်လာကြပြီ။ သူတို့ရောက်လာလျှင် ရေဆိပ်သည် ကြွက်ကြွက်ညံ အောင်ဆူနေတော့သည်။
“အမလေး ကိုအေးသောင်း ကျုပ်ခရမ်းချဉ်သီးပေါ်အတင်ပါနဲ့တော်.. ဟိုဘက်မှာတင်စမ်းပါ”
“မခင်မှုန်နှယ်...ကျုပ်က တောင်းနှုတ်ခမ်းပေါ် တင်တာပါ”
“ အို...မရဘူး..မရဘူး၊ ကျုပ်တို့မှာ တစ်တောင်းမှ တစ်ဆယ်၊ ဆယ့်ငါးကျပ်ရတာတော်ရေ..၊ လေးငါးလုံးပျက်သွားလဲ မနည်းဘူး၊ တော့်လို လှေပိုင်မရှိတော့ တစ်ခါစုန်ဆင်းရုံနဲ့ မြိုးမြိုးမြက်မြက် မရဘူးတော့... သိလား”
“ သြော် ..ခက်ပါပေါ့လား ”
အဖေက ကွမ်းစားလွန်း၍ နီရဲနေသောသွားများပေါ်အောင် ပြုံးရယ် နေတတ်သည်။ တကယ်တော့ အဖေသည် လှေကို အမြဲ စုန်ဆင်း၍ မရပေ။ ဈေးသွား နောက်ကျမည်ဟု သူတို့လောဆော်သည့်အခါ၊ လေမလာ၍ရွက်အားကိုး၍ မရသည့်အခါများတွင် အဆန်ခရီးဖြစ်ဖြစ် အစုန်ခရီး ဖြစ်ဖြစ် အဖေလက်မောင်းတောင့်အောင် လှော်ရပါသည်။ တစ်ခါတစ်ခါတော့ အဖေတစ်ယောက်တည်းနှင့် မနိုင်၍ လူငယ်အစ်ကိုကြီးတစ်ယောက်ကို အကူခေါ်ရသည်။ မမက အဖေ့လှေပေါ်တွင် အလကားလိုက်ရသည်က နည်း၏။ လှေဝမ်းထဲတွင် ဝင်နေသော ရေများကိုခွက်ဖြင့် မနားတမ်းခပ်ထုတ်ပေးနေရသည်..။
“ သမီးလေး ရသေးတယ် ခဏနားလိုက်ဦး။ လိုတော့ အဖေ ပြောမယ်၊ ဒီလောက်ရေနဲ့ လှေတောင် ငြိမ်သေးတယ်၊ဘာမှမဖြစ်ဘူး”
အဖေက သမီးငယ်လေး၏ လက်ကလေးကို ကိုင်ကြည့်၍ စိတ်မကောင်းဖြစ်ရသည်။
“ ကိုအေးသောင်းသမီးလေးကဖြင့် လှချက်တော် မျက်လုံးကလေးများ ဝိုင်းစက်လို့၊ ညည်းနာမည်ဘယ်လိုခေါ်သလဲ”
“မမ”
“အလိုတော်..နာမည်က အဆန်းပါလား ”
မမနာမည်သည် သူတို့အတွက် အထူးအဆန်းဖြစ်ကာ ရယ်ကြသည်။
“ကျုပ်သမီးကြီးပေးထားတဲ့ နာမည်ဗျာ၊ ကျူပ်ကကြာသပတေးသမီးမို့ မြမြသန်းလို့ပေးတာ၊ အဲဒါ ...သူ့အစ်မက နာမည်ကြီးက တုံးသတဲ့...မမတဲ့။ ကဲ...သမီး ဘယ်နာမည်ကိုကြိုက်သလဲ၊ မမကိုကြိုက်လား ...မြမြသန်းကိုကြိုက်လား”
“မမ...”
“အမယ်...အလည်ကလေးတော့ ”
မမသည် အဖေ့ကိုလည်းချစ်သည်။ အဖေ့လှေကိုစီးသော ခရီးသည်မိန်းမများကိုလည်းချစ်သည်။ သူတို့နှင့် လှေအတူစီးရတာ ပျော်စရာကောင်းသည်။ သူတို့သည် အပြန်တွင် မြို့မှ ဆန်၊ ဆီ၊ ဆား၊ ငါးပိ၊ ငါးခြောက်တို့ကို ဝယ်လာခဲ့ကြသည်။ တစ်ခါတစ်ခါ ရောင်းရသည့် ဟင်းရွက်ဘိုးနှင့် ပြန်ဝယ်ရသည့် ပစ္စည်းဖိုး မလောက်မငဖြင့်လျှင် အဖေ့ကူးတို့ခကို အပြည့်မပေးနိုင်။
“ကိုအေးသောင်းရေ...ရော့နှစ်ကျပ်ပဲယူထားဦး၊ မနက်ဖြန် ခရမ်းသီးတစ်တောင်းစာရှိသေးတယ်..။ အဲဒီကျမှ ပေါင်းယူတော်”
“ရတယ်...ရတယ် ”
မမသည် မမကြီးကိုအလွန်ချစ်သော်လည်း မမကြီးယောကျာၤးကိုတော့ ချစ်၍မရချေ။ သူက ရေနံချောင်းမှာဆန်ပွဲရုံလုပ်ငန်းလုပ်သောကြောင့် ပိုက်ဆံအတော်ရှိသည်ဟု အဖေကပြောသည်။ မမကြီးတို့အိမ်သည် အဖေ့အိမ်လို ဝါးကြမ်းခင်း ခြေတံရှည်အိမ်မဟုတ်၊ ပျဉ်ထောင်ပျဉ်ခင်းနှင့် တော်တော်ကောင်းလေသည်။ အောက်ထပ်မှာ ဆန်အိတ်များနှင့်အလုပ်သမားများရှိပြီး အပေါ်ထပ်မှာမမကြီးနှင့် အစ်ကိုကြီးနေကြသည်။ မမကျောင်းစတက်သည့်အရွယ်တွင် မမကြီးက သူ့အိမ်မှနေ၍ မြို့ကျောင်းသို့တက်ရန် အဖေ့ကို ပြောသည်။ မမက အဖေ့အိမ်မှာပဲ နေချင်သည်။
“အဖေ့ဆီမှာနေရင် ရေနံချောင်းကကျောင်းတက်လို့ ဘယ်ရမလဲ၊ ဘုရားကုန်းမှာ ကျောင်းတက်နေရမှာပေါ့၊ မမကြီးတို့အိမ်က အကျယ်ကြီး၊ ညီမလေးအတွက် အခန်းတစ်ခန်းပေးထားမယ်”
မမက အဖေ့ကိုမော့ကြည့်သည်။
“အဖေရော...နေမှာလား”
မမကြီးက မျက်နှာမကောင်းပေ။ အဖေကတော့ ရယ်သည်။
“အဖေ့မှာ လှေရှိသေးတယ်။ နွားတွေရှိသေးတယ်...သမီးရဲ့”
မမကြီးက ဂါဝန်လှလှကလေးများ၊ ကစားစရာအရုပ်ကလေးများနှင့်မျှားခေါ်တော့ မမတစ်ယောက် မြို့ကျောင်းမှာတက်ရန် စိတ်ပါသွားသည်။ မမကြီး အိမ်မှာ မမသည် ဟင်းကောင်းကောင်းနှင့် ထမင်းစားရသည်။ မြစ်ရေ မဟုတ်ဘဲ ရေစက်မှလာသည့်ရေကိုချိုးရသည်။ ညအိပ်လျှင် သင်ဖြူးဖျာပေါ် မွေ့ယာထပ်ခင်း၍ ဇိမ်ကျကျအိပ်ရသည်..။အဖေ့အိမ်မှာ မကြားရသော ရေဒီယိုသီချင်းကိုကြားရသည်..။ ခုန်ပေါက် ပြေးလွှားလျှင် အဖေ့ကြမ်းပေါက်မှာဆိုး၍ ခပ်ဖြေးဖြေး လမ်းလျှောက်ခဲ့ရသောမမသည် မမကြီး၏ ပျဉ်ခင်းကြမ်းပေါ်တွင် ကျွမ်းထိုး၍ ခုန်ပေါက် ဆော့ခွင့်ရခဲ့သည်...။
သို့သော် မမ မပျော်ခဲ့ပါ..။
မမကြီး၏ယောက်ျားသည် ကျန်သည့်အချိန်တွင် မျက်နှာတည်ရုံသာဖြစ်သောလည်း အရက်မူးလာလျှင် မမကြီးကို ရိုက်နှက်နှိပ်စက်သောကြောင့်ဖြစ်သည်။ မမကြီးကို တစ်ချက်ရိုက်လျှင် မမသည် ကိုယ့်ကိုယ်ကို ရိုက်နှက်သလိုပင် နာကျင်သွားတတ်သည်။ မမကြီးကြိတ်၍ ငိုနေပြီးဆိုလျှင် မမသည် ချောင်တစ်ချောင်မှာ ကွယ်ပုန်းချောင်းကြည့်ရင်းက မမကြီးယောကျာၤးကို ထုရိုက်ကုတ်ဆွဲ ပစ်ချင်လာသည်။ သူ ပြောသော မမကြီး၏ အပြစ်များသည် မမနားမလည် နိုင်သော်အပြစ်များဖြစ်၏။ ဥပမာ...ကြက်သားကို အရိုးတွေချည်းပဲ ချန်ထား၍ ဟူသော အပြစ်မျိုး...။
“မဟုတ်ဘူး ကိုသိန်းရဲ့..မနက်ကတည်း က အသားမှာ သိပ်မကျန်တော့တာ...ခုဟာက..”
“တိတ်စမ်း ..”
သူ့အသံအစ်ကြီးနှင့် အော်လိုက်လျှင် မမကြီး က တုန်သွားပြီး မမကတော့ နေစရာပင် မရှိတော့ချေ။ မမကြီးက ကြောက်ရွံ့မှုကြောင့် ပန်းကန်ဆေးရင် ပန်းကန်တစ်ချပ်လောက် လွတ်ကျသွားလျှင် သူက မမကြီးကို ခြေထောက်နှင့် ပိတ်ကန်တတ်၏။
“မြင့်မြင့်..ငါ့ကိုရေတစ်ခွက်ပေးစမ်း”
မမကြီးက ရေခွက်ကို ကမ်းပေးစဉ် လက်တုန်ပြီး သူ့အပေါ် ရေဖိတ်စဉ်သွားလျှင် ထိုရေခွက်ကို ကြမ်းတမ်းစွာ ပုတ်ချပစ်ပြီး နောက်တစ်ခွက် သွားခပ်ခိုင်းတတ်၏။ မမကြီးနေရာမှာ မမဆိုလျှင်တော့ မမတော့သေမှာပဲဟု ကိုယ့်ကိုယ်ကိုတွေးမိကာ တွေးရုံမျှဖြင့် ကြောက်ရွံ့တုန်လှုပ်ရသည်။
တစ်ခါ သူ့ဟာသူ ပိုက်ဆံ နေရာအထားမှား၍ အုပ်လိုက်ပျောက်နေသည့်အခါမျိုးမှာ မမကြီးကို မယုံသကာၤဖြင့် တရားခံစစ်သလို ရိုက်စစ်သည်က ပို၍ မုန်းဖို့ကောင်းသည်။
“မြင့်မြင့်... နင်ပိုက်ဆံတွေ ဘယ်လင်ငယ်ကို ပေးဖို့ ခိုးတာတုန်း... ဟင်းပြောစမ်း” မမကြီးကို လက်သီးဖြင့်ထိုးလိုက်၊ လက်ဖြင့် ရိုက်လိုက် စိတ်ရှည်လက်ရှည် စစ်သည့်အခါ မမကြီးသည် သူ့ကို ရှိခိုးတောင်းပန်ရလေသည်။ “ကိုသိန်းရယ် ကျွန်မ...မခိုးပါဘူး၊ ကျွန်မ...မယူပါဘူး၊ မနှိပ်စက်ပါနဲ့ ရှိခိုးပါရဲ့” မမက ထိုအခါမျိုးတွင် အစာအုပ်ကိုငုံ့ကြည့်ကာ စာကျက် ဟန်ဆောင်ရင် မျက်ရည်ပေါက်ပေါက်ကျလျက် တိတ်ဆိတ်စွာ ငိုကြွေးမိသည်။ တစ်ခါတစ်ခါတော့ မမကြီးကို မမမေးဖူးသည်။
“မမကြီးကို အစ်ကိုကြီးက ဘာဖြစ်လို့ ခဏခဏရိုက်နေရတာလဲ”
မမကြီးက အရိုက်ခံရသူမှာ သူ မဟုတ်သလိုပင် ကြည်လင်စွာပြုံးရယ်၏။
“သူ စိတ်တိုအောင် မမကြီးက သွားသွားလုပ်မိလို့ပေ့ါ” မမသဘောမတူနိုင်ပါ။
“ဟင် မမကြီးဖြင့် ဘာမှ မလုပ်ပါဘူး၊ မမမြင်တာပဲ သူ့ဟာသူ အရက်မူးပြီး ဒေါသတွေကြီးနေတာပါ”
မမအလွန်သိချင်သော မေးခွန်းတစ်ခုကို မေးမိသေး၏။
“သူက မမကြီးကို မချစ်ဘူးနော်” “အို..မဟုတ်တာ သူ မမကြီးကို အရမ်းချစ်တာပါ ကလေးရယ်”
“ဟင်...ဟုတ်ဘဲနဲ့..”
မမကြီးက မမ၏ ဆံပင်တိုကလေးများကိုဖွသပ်၍ ပြုံးနေသည်။ တစ်ခါကတော့ သူ မမကြီးကို ကော်ဖီပန်းကန်ပြားနှင့် ပစ်ပေါက်လိုက်တာ မမကြီး၏ နှုတ်ခမ်းကွဲသွားပြီး သွေးတွေ ဖြာခနဲထွက်သွားသည်..။ မမသည် ပုန်းကွယ်မနေနိုင်တော့ဘဲ မမကြီးထံ အပြေးအလွှား သွားဖက်မိ၏။
“မလုပ်နဲ့...မမကြီးကို မလုပ်ပါနဲ့”
သူကတော့ မမကြီး၏ သွေးများကို မမြင်ချင်ယောင်ဆောင်၍ ကြမ်းပြင်ကို တဒုန်းဒုန်းနင်းကာ အိပ်ခန်းထဲဝင်သွားသည်..။ မမကြီး က နှုတိခမ်းကိုဖိလျက် နီးရာဆေးခန်းသို့ ပြေးရသည်။ မမက လူကြီးတူမလုပ်၍ မမကြီးနှင့်လိုက်သွားရသည်။
“ရှင့် ယောက်ျား တော်တော် တရားလွန်နေပြီနော်..ရှင်ရပ်ကွက်လူကြီးဆီ တိုင်ပါလား”
မမကြီးနှုတ်ခမ်းကို စိတ်ရှည်လက်ရှည်ချုပ်ပေးသော ဆတရာဝန်မက မခံမရပ်နိုင်ဟန်ဖြင့် မြှောက်ပေးသည်။
“အရင်တစ်ခါလဲ တိုင်ဖူးတယ် ဆရာမရဲ့ ဘာမှမထူးခြားဘူး..” “ရှင်တို့ကလေးမရဘူးမဟုတ်လား၊ ဘာမှ စဉ်းစားမနေနဲ့၊ ကွာလိုက်၊ လိုအပ်ရင် ကျွန်မ သက်သေလိုက်ပြောပေးမယ်၊ ရှင့်ဒဏ်ရာတွေကို ကျွန်မကုပေးရတာ ဘယ်လောက်များနေပြီလဲ”
မမကြီးက အင်းမလှုပ် အဲမလှုပ် ငြိမ်နေ၏။
“ဘယ့်နှယ့်လဲဟင်...မမြင့် ကွာမယ်မဟုတ်လား၊ သူ...ရှင့်ကိုနှိပ်စက်နေတာလွန်နေပြီ” “မဖြစ်သေးပါဘူး ဆရာမရယ် ကျွန်မသူနဲ့ကွာရင် ...ကျွန်မဘာ လုပ်ကိုင်စားရမလဲ”
“အမလေး မမြင့်ရယ်...ပူပူပင်ပင်၊ မမြင့် ဈေးမရောင်းတတ်ဘူးလား၊ ဆန်တော့ ချင်တတ်မှာပေါ့၊ ဆန်ရောင်းချင်ရောင်း...လောကမှာ လုပ်စားးရာ တစ်ပုံကြီး၊ ကျွန်မ အရင်းထုတ်ပေးမယ်၊ ဘယ့်နှယ့်လဲ”
ဆရာဝန်မက အတည်လိုလို... စသလိုလိုပြောတော့ မမကြီးက စိတ်အားထက်သန်လာသည်။
“ဟုတ်တယ်...ကျွန်မသူ့ကို ကွာမယ်” “အဲလို လုပ်စမ်းပါ”
သို့သော် မမကြီးသည် ယောကျာၤးနှင့်ကွာသည့်အဆင့်သို့ ဘယ့်တော့မှ မရောက်ခဲ့ပေ..။အချိန်တန်လျှင် အရက်မူးပြီး လင်နှိပ်စက်သည့် ဒဏ်ကို ခံနေဆဲဖြစ်သည်..။
မမကြီးအပေါ် မမ၏ သနားညှာတာမှုများသည သူ့ယောကျာၤးအပေါ်မုန်းတီးစက်ဆုပ်မှုများအဖြစ်သို့ အချိုးညီညီ ပြောင်းလဲသွား၏။ စက်ဆုပ်ရုံမျှမက ရွံရှာစိတ်ပါ ဝင်ခဲ့ရသည်မှာ ထိုသူသည် အရက်မူးလာလျှင် ညအိပ်သည့်အခါ ထိန်းထိန်းသိမ်းသိမ်း မရှိခြင်းပင် ဖြစ်သည်။ သူ အရက်မူးပြီး အိပ်ပျော်နေစဉ် ဘယ်လောက်ပဲ အရေးကြီးသည်ဖြစ်စေ မမသူတို့အခန်းသို့မသွားရဲ့၊ ဖြတ်၍လျှောက်လျှင်လည်း မျက်လုံး ဝေ့မကြည့်ရဲပေ။ ငါးနှစ်သမီးအရွယ်အထိ အဖေနှင့်အတူနေခဲ့သော မမသည် ယခုလို ပိုးစိုး ပက်စက် မြင်ကွင်းမျိုး တစ်ခါမှ မမြင်ဖူး၊ မကြုံဖူးခဲ့ရပေ။ အဖေသည် ဘယ်တော့မှ အရက်မသောက်၊ ဘယ်တော့မှလည်းကိုးယိုးကားယားမထိုင်၊ လုံချည်ကို ဒူးဆစ်အထိ လှန်တင်တာပင် တစ်ခါမှ မမ မမြင်ဖူးခဲ့။ ယခုမှသာ မမသည် စိတ်ပျက်ရွံရှာစရာ အနေအထားများကို မြင်နေရလေသည်။
တစ်ညမှာတော့ အခန်းထဲမှာ ထိုးကြိတ်ကန်ကျောက်သံ၊ မမကြီး၏ အော်သံတို့ကိုကြားရသောကြောင့် မမကမန်းကတန်း အခန်းပေါက်ဝသို့ သွားရပ်မိသည်။ ထိုအခါ အဆိုးရွားဆုံးသော မြင်ကွင်းကို ထိတ်လန့်တ့ကြား မြင်ခဲ့ရလေသည်။ မမသည် ဒေါသလည်းထွက်၊ မုန်းလည်းမုန်းပြီး ရွံလည်းရွံကာ ဘာလုပ်လို့ လုပ်ရမှန်းမသိအောင် တုန်လှုပ်နေခဲ့၏။ မမကြီးကိုလည်း သနားလှသည်။ နောက်နော့ ကြမ်းပေါ်မှာ ဆန်နမူနာထုတ်ယူသည့် သွပ်ကတော့ချွန်လေးတစ်ခုကိုသွားတွေ့၏။ မမ ကတော့ကိုကောက်ယူပြီးး အခန်းထဲကို သွေးရူးသွေးတန်း ပြေးဝင်သွားမိသည်။ မမကြီးကို ငါကယ်မှဖြစ်မယ်။ သို့သော်...မမကြီးက မမကို ထိတ်လန့်တကြား နှင်ထုတ်၏။
“ညီမလေး..မလာနဲ့၊ အို မလုပ်နဲ့လေ...မလုပ်ရဘူး..”
မမကြီး၏ ယောကျ်ား
က ဗြုန်းခနဲလူးလဲထလာပြီး မမအား တစ်ချက် ပြင်းထန်စွာ ရိုက်ချလိုက်၏။ ကတော့ချွန်ကလေး တောက်ခနဲလွတ်ကျသွားသည်နှင့် တစ်ပြိုင်တည်း မမကြီး၏ အိမ်ပေါ်မှ အပြီးအပိုင်ဆင်းကာ ဆင်းရဲနွမ်းပါးသော အဖေ့အိမ်ပေါ်ပြန်တက်ခဲ့လေသည်..။
မှတ်ချက်။ ။ “မမ”ဆိုတာ ဆရာမဂျူးရေးထားခဲ့တဲ့ “ကံကြမ္မာကို မယုံကြည်ကြသူများ”ဝတ္ထုထဲက ဇာတ်ကောင် ငါးယောက်ထဲက တစ်ယောက်အကြောင်းဖြစ်ပါတယ်.....။