
သူပြန်ရောက်ကတည်းက နှစ်အတော်ကြာသူ မစားရတဲ့ အစားအစာတွေကို လိုက်ကျွေးရတာနဲ့ ကိုယ်အလုပ်ရ သွားတယ်..။
မြန်မာမုန့်တွေကိုကြိုက်တဲ့ သူ့ကို 48လမ်းကရွှေရည်ကိုပို့ပေးတယ်...။ အိန္ဒယစာ စားချင်တယ်ဆိုလို့ ရွှေမြို့တော်မှာ လက်ဘက်ရည်သောက် ပူရီ တိုရှည် အကုန်လျှောက်စားပစ်တယ်...။ ကိုယ်က နဂိုထဲက အစားသမားဆိုတော့ သူခန့်အပ်တဲ့အလုပ်မှာ တာဝန်ကို ကျေနေရောပဲ...။ စားစားပြီးနှစ်ယောက်သား ဗိုက်ပွတ်အိမ်ပြန်ရတာ ရက်ဆက်လာတော့ ၀ိတ်တက်ဖို့ လမ်းမြင်နေတယ်..။ တရုတ်တန်းမှာ ၀က်သားတုတ်ထိုး ဆန်ပြုတ် ဖက်ထုပ်ပေါင်း ကောက်ညှင်းထုပ် ပဲပေါင်း စုံနေရောပဲ ...။ (သူပြန်မရောက်ခင်က ကိုယ့်ဘာသာနဲ့ကိုယ်တစ်လနေမှ တစ်ခါသွားမစားဖြစ်ဘူး..) ဒီကြားထဲ စိတ်ညစ်ညစ်နဲ့ စားပစ်တာလဲ ပါသေးတယ်..။ သူကတော့ စားခါနီးမေးတတ်ပါတယ်...။ “တကယ်စားချင်လို့စားတာလား စိတ်ညစ်လို့ စားတာလား”တဲ့...။ ကိုယ်ကတော့ “စားချင်လို့ စိတ်ညစ်လို့ကိုစားတာ... စားမှာသားစားစမ်းပါကွယ် မစပ်စုစမ်းပါနဲ့”လို့ သူမရိပ်မိအောင် အပြုံစစနဲ့ ပြန်ပြောရသေးတယ်..။ ဒါပေမယ့်လဲကွယ်... သူနဲ့ကိုယ်ဆိုတာ ဟိုးး ငယ်ငယ်ကတည်းက နှစ်ကိုယ့်တစ်စိတ်လို နေလာခဲ့တာ ကိုယ်ဘာဖြစ်နေလဲဆိုတာ သူမသိဘဲ နေပါ့မလား..။ ဒါကြောင့်ကိုယ် တစ်ခုခုစာတိုင်း လိုက်လိုက် မေးနေတော့တာပေါ့..။
တကယ်ဆို သူ့မေမေက သူ့ကို ရန်ကုန်မှာ တစ်ရက်နှစ်ရက်ပဲနေပြီး ပြင်ဦးလွင်ကို ချက်ချင်းတက်ခိုင်းထားတာ..။ သူက ဟိုအကြောင်းပြ ဒီအကြောင်းပြ နဲ့ ရန်ကုန်မှာ တစ်ပတ်ဆယ်ရက်လောက်နေဦးမယ်လို့ ပြောထားလိုက်တယ်..။ ကဲ... ဒီဆယ်ရက်မှာ ကိုယ်တို့သာနေ့တိုင်း အပြင်ထွက်စားရရင် မခက်ပါလား..။ နှစ်ယောက်သား ၀တုတ်ကြီးတွေဖြစ်နေတော့မှာ...။ ညဘက်ဆိုလဲ ကော်ဖီဆိုင်တွေ သွားထိုင်ကြတာ ဆိုင်လဲ တော်တော်ဆုံနေပြီ...။ နှစ်ယောက်ကော်ဖီသောက်ရင်း အလွမ်းပြေ ရှေးဟောင်းနှောင်းဖြစ်လေးတွေကို စားမြုံပြန်ရတာလဲ မကုန်နိုင်အောင်ပါပဲလေ...။ ကိုယ်ဖြင့် သူ့နဲ့ မျက်နှာချင်းဆိုင်ထိုင်ပြီး သူပြောပြတဲ့ သူ့ရဲ့ ဆယ်နှစ်တာ အတွေ့အကြုံတွေကို ကိုယ်ကြိုက်တဲ့ ကော်ဖီခါးခါးတစ်ခွက်နဲ့ မြည်းစမ်းရတာဖြင့် အရသာရှိချက်...။ ပြီးတော့ သူ့မျက်နှာကို တစ်ဝကြီး ထိုင်ကြည့်ရတာလေ..။ ကိုယ်တို့ရဲ့ တွေ့ဆုံခြင်းက ဒီတစ်ခါနောက်ဆုံး မဖြစ်ပါစေနဲ့လို့ ဆုတောင်းရတာလဲအမောလေ...။
ကိုယ်တို့နှစ်ယောက်ကြားမှာ နားလည်မှု သံယောဇဉ် အကြင်နာတွေ ပြည့်စုံပါလျက်နဲ့ ပွင့်လင်းမှုမရှိကြလို့သာ ခုလိုအခြေအနေဖြစ်နေတာလို့တော့ ကိုယ်ထင်တယ်...။ ဆယ်ရက်အတွင်းမှာ ကိုယ်တို့လှူနေကျ မိဘမဲ့ ကျောင်းကိုသွားတယ်...။ ဘုရားအစုံဖူးဖြစ်တယ်...။ တချို့နေတွေကျတော့ အိမ်မှာ အေးအေးဆေးဆေး သူစားချင်တဲ့ ဟင်းကို ကိုယ်ကိုယ်တိုင်ချက်ကျွေးတယ်...။ သူကြိုက်တတ်တဲ့ ကြက်သားနဲ့ကျောက်ဖရုံသီးဟင်း ဆီလည်ရေလည်ရယ်... ငါးပိထောင်း တို့စရာအစုံရယ်နဲ့ပေါ့...။ “ငါ့ညီမလေး လက်ရာကတော့ အရင်တိုင်းပဲဗျို့.... တကယ်ဂွတ်တယ်ဗျာ.. ကိုယ်ဒီလိုထမင်းဟင်းကိုယ် နေ့တိုင်းစားချင်ပါတယ်” လို့ပြောပြီး သူ့စကားရပ်သွား ပါတယ်..။ ကိုယ်လဲ ချက်ကျွေးချင်တာပေါ့ကွယ်..။ ဒါပေမယ့် ကံကြမ္မာက ကိုယ့်ဘက်မျက်နှာသာမပေးခဲ့ပါဘူး...။
သူ့ကို လေယာဉ်ကွင်းလိုက်ပို့တယ်...ဒီနေ့။ သူပြန်အလာတုန်းကလဲ ကိုယ်သွားကြိုခဲ့တာပဲ..။ သွားကြိုရတာနဲ့ ပြန်လိုက်ပို့ရတဲ့ ခံစားချက်က တကယ်ဆန့်ကျင်ဘက်ပါပဲလားနော်.. သွားကြိုတုန်းကတော့ သူ့ကိုတွေ့ရတော့မယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပျော်လိုက်ရတာ...။ သူ့ကိုတွေ့တော့လဲ ပွေ့ဖက်ဆီးကြိုရတာ ရင်ထဲ ကြည်နူးဝမ်းသာတာလေးတွေကို ခုပြန်လိုက်ပို့ ချိန်မှာတော့ အဲဒီကြည်နူးမှုတွေကို အကုန်နှုတ်ယူ သိမ်းဆည်းသွားတဲ့အပြင် ရင်ထဲဟာတာတာ ကျန်ခဲ့တာ...။ ခြောက်ကပ်ကပ်နိုင်လှတဲ့ ဒီလိုခံစားမှုမျိုးကို ကိုယ်တစ်သက်လုံး သယ်ဆောင်သွားရတော့မှာပါလားလို့ ကိုယ့်ကိုယ်ကိုမယုံချင်ပေမယ့်လည်း ယုံရတော့မယ်..။ လေယာဉ်ကွင်းမှာ သူဘာတွေပြော ဘာတွေမှာနေလဲ ကိုယ်ဘာမှမကြားတော့ဘူး အတွေးတွေကလွင့်နေတယ်.. အာရုံတွေထွေပြားနေတယ်...။ ခြေအစုံလဲ မြေနဲ့မထိ လူက ၀ါဂွမ်းစိုင်လိုပေါ့ပြီး အခွံသက်သက်ကြီး ခံစားနေရတယ်...။
အပြန်လမ်း တစ်လျှောက်ကားသာမောင်းနေရတာ အာရုံကမရဘူ့း..။ သူ့ဆီက နောက်ဆုံးကြားလိုက်ရတဲ့ မှာတမ်းက အိမ်အပြန်ကို ကားဂရုစိုက်မောင်းပါ ကိုယ်မရှိရင်လဲ အစားကို မှန်မှန်စားပါးလို့ ကတိပေးရမယ် အဲဒါပဲ...ကိုယ်မှတ်မိလိုက်တယ်..။ ဘုရားရေ.... ကိုယ့်ပါးပြင်ပေါ်မှာ မျက်ရည်တွေပါလား...။ မြင်ကွင်းတွေေ၀၀ါးလာလို့ ကားကို လမ်းဘေးခဏထိုးရပ်လိုက်တယ်..။ ကိုယ်ဘာလို့ငိုရမလဲ...။ ခုနေသာ ကိုယ့်ဘေးနားမှာ သူရှိနေရင် “မငိုပါနဲ့ ညီမလေးရယ်...”လို့ ပြောပြီး ကိုယ့်ပါးပြင်ပေါ်က မျက်ရည်စတွေကို သူ့လက်ဖ၀ါးနဲ့ ညင်ညင်သာသာ သုတ်ပေးမှာသေချာတယ်..။ အို... ကိုယ်ဘာလို့ သူ့ကိုတောင်းတနေမလဲ...။ ကိုယ့်ဆီဘယ်တော့မှ ပြန်မလာတော့မယ့် သူကို ဘာလို့ မျှော်လင့်နေမလဲ...။ ကိုယ်ဟာ သူ့ဘ၀ရဲ့ ပါရမီဖြည့်ဖက်ဖြစ်ဖို့အတွက် လုံလောက်တဲ့ အရည်အချင်း မရှိဘူးလို့သူတွက်ဆထားခဲ့လို့ တခြားမိန်းကလေးကို ရွေးချယ်ခဲ့တာလား...။ ဒါဆို ကိုယ်တို့နှစ်ယောက်ကြားက သံယောဇဉ်ဆိုတာအလကားပေါ့...။
တော်ပြီကွယ်...။ ဒီလိုနာကျင်မှုမျိုးကို ထမ်းပိုးပြီး ကိုယ့်ဘ၀ကို ဆက်လျှောက်ဖို့ခက်ခဲလိမ့်မယ်..။ ဒီတော့ ဒီနေ့ကစပြီး ဒီဝန်ထုပ်တွေကိုတဖြေးဖြေး လျှော့ချဖို့ပဲ ကိုယ်ကြိုးစားရတော့မယ်..။ ရုတ်တရက် မိုးချိန်းသံကြောင့် ကိုယ်တုန်လှုပ်သွားတယ်..။ ကောင်းကင်ကို မော့ကြည့်တော့ တိမ်ညိုတွေ လေနင်ရာ လွင့်မျောနေကြတယ်...။ ကောင်းကင်ကြီးကတောင် ကိုယ့်ဝေဒနာကို သိလို့ စာနာစွာရွာချ လိုက်တယ်...။ ဆောင်းရာသီမှာ... မိုးတွေကို...သည်းလို့လေ....။
မိုးငွေ့
6 comments:
သံယောဇဉ်မိုး....ဖွဲဖွဲ ဆိုပေမယ့်
ရွှဲရွှဲစိုသွားခဲ့တာ...ကိုယ့်နှလုံးသားလေပဲလား။
တစ်ဖက်သတ်ဆိုတာ တစ်ဖက်တည်းကို သတ်ပစ်လိုက်သလဲပါပဲ... ပွင့်လင်းမှု မရှိခဲ့တာတွေကြောင့် နှလုံးသည်းပွတ် ပွင့်ထွက်မတတ် ပါပဲ.. လောင်ကျွမ်းမှုတွေ ပွက်ပွက်ဆူလို့ မျက်ရည်ပူတွေ လျှံတက်ကုန်တာများလား... ဆောင်းရဲ့ အကူ မိုးနဲ့ အတူ အေးပါစေသား...
ပြန်မဆုံနိုင်တော့မဲ့လူကို သတိရလွမ်းဆွတ်နေမိတာဟာ
ဝဋ်ကြွေးတစ်မျိုးနဲ့ တူပါတယ်..
တကယ်ခံစားခဲ့ရတယ်ထင်တယ်။ ကျွန်တော်ပြောနေကျလိုပါပဲ။ စကားပြေကတော့ နိုင်နေတုန်းပါပဲ။
အို...ဝမ်း ဂိုး
တူး ကမ်း..
သရီး ဝိတ်..
ဖိုး အပလီကိတ်တဲ့....
အမှန်ကတော့ မပွင့်လင်းတာမဟုပ်ဘူး။ ရှေ့မတိုးတာ။
ဒီလိုလူတွေ အတွက် စိတ်ထဲက အတတ်နိုင်ဆုံး ဖြောက်ပြစ်လိုက်ပါ။ ကိုယ့်စိတ်ကို နာကျင်ခံစားတဲ့ ဝေဒနာအောက်မှာ မထားပါနှင့်။
Post a Comment