Tuesday, 1 April 2025

Welcome Back !!!!



ကျနော့်ဘလော့ကို ပြန်ဖွင့်ချိန်ဟာ တိုက်တိုက်ဆိုင်ဆိုင် April တစ်ရက်နေ့ဖြစ်နေတယ်... ။ တကယ်တမ်းကျတော့ တိုက်ဆိုင်မှုဆိုတာ လောကမှာမရှိပါဘူး လူတစ်ယောက်ဟာ ဘာပြီးရင်ဘာဖြစ်မယ်ဆိုတာ သူ့အချိန်နဲ့သူ သူ့နေရာနဲ့သူပါလာပြီးသားပဲ...ကျနော်ကတော့ ဒီလိုယုံကြည်ထားတယ်...။

ပြီးခဲ့တဲ့သောကြာနေ့က စစ်ကိုင်းပြတ်ရွေ့ကြော ဗဟိုပြုငလျင်လှုပ်သွားတယ် အဓိက မန္တလေး နဲ့ စစ်ကိုင်း အပျက်အစီးများပြီး တစ်နိုင်ငံလုံးလိုလို အဖျားခတ်သွားတယ်....။ ပျော်ဘွယ်မှာလည်း လူမဆန်တဲ့ နာမည်ကြီးဘဏ်သူဌေးရဲ့ တစ်ကိုယ်ကောင်းဆန်လုပ်ရပ်ကြောင့် ဝန်ထမ်းတွေအားလုံးနဲ့ customer တွေတစ်ယောက်မှအသက်မရှင်ကြဘူး တစ်မြို့လုံး ပုပ်နံ့တွေလှိုင်လို့....။ သဘာဝဘေးတစ်ခုကျရောက်တိုင်း ကျရောက်တိုင်း လူတွေရဲ့ လောဘဇောနဲ့ ဇာတ်ရုပ်အမှန်တွေပေါ်ပေါ်လာကြတယ်...။ ကျနော်တို့နိုင်ငံအခုလို ဒုက္ခတွေဝေနေရတဲ့ အကြောင်းရင်းက လူလူချင်းမေတ္တာတရားခေါင်းပါးလာတာရယ် လူစိတ်မရှိကြတာရယ်ကြောင့်ပဲလို့ ကျနော်မြင်တယ်...။

နိုင်ငံတော်ဘတ်ဂျက်ကို လူကယ်ဖို့ ပစ္စည်းကိရိယာယန္တရားရှိနေဖို့ထက် လူသတ်ဖို့လက်နက်တွေမှာ ရင်းနှီးမြှုပ်နှံတယ်...။ မင်းနဲ့စနစ်မကောင်းရင် တိုင်းပြည်တစ်ခုလုံးသွားတာပဲ..။ မင်းလို့တော့ အဲဒီ ကျက်သရေတုံး လူသတ်ကောင်ကို နာမ်စားမတပ်ချင်ပါဘူး...။ ဒုက္ခရောက်နေတဲ့ကျနော်တို့နိုင်ငံကို တခြားလူစိတ်ရှိတဲ့နိုင်ငံက ကူညီပါရစေလို့ လူပီသစွာလာရောက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းကိုလုပ်နေတဲ့အချိန် အဲလူသတ်ကောင်ကတော့ ဗုံးကျဲလို့ကောင်းဆဲတဲ့ အကယ်အံ့ဩစရာပဲ....။ ဘယ်လိုစိတ်ဓါတ်မျိုးနဲ့လူဖြစ်လာလဲ မတွေးတတ်တော့ဘူး...။ ဒီနေ့ နေ့လည် တစ်နာရီကို ဝမ်းနည်းခြင်းအထိမ်းအမှတ်နဲ့ ငြိမ်သက်ဖို့ အမိန့်ထုတ်သတဲ့...ဒီချိန်မှာ နင်လုပ်ရမှာက ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်နိုင်ရေးကိစ္စဟ... စိတ်ပျက်ပါတယ်..။ ကိုယ့်တစ်ဖို့ပဲကိုယ်ကြည့် တိုင်းပြည်တစ်ခုလုံးရဲ့ စီးပွားရေးကို လက်ဝါးကြီးအုပ်ပြီး ခွေးတစ်ကောင်လောက်တောင် အသုံးမဝင်တဲ့ $စစ်တပ်... သတင်းအမှန်တွေဖုံး ပြည်သူတွေကပဲ  speak out ပြန်လုပ်နေရ...။

ဆရာအောင်သင်းပြောခဲ့တဲ့ "လူညစ်တစ်ယောက်ပေါ်လာတိုင်း ကမ္ဘာကြီးအလုပ်ရှုပ်ရတယ်"ဆိုတာ တကယ်မှန်တယ်...။

ဘလော့ကို ပြန်လာတဲ့ Welcome back ပို့စ်မှာ ဒီလို စိတ်မကောင်းစရာအကြောင်းအရာတွေရေးရလိမ့်မယ်လို့ ထင်မထားဘူး...။ 2011 တုန်းက ကျနော့်မွေးဇာတိမှာ 6.8 ရေချစကေးငလျင်ဒဏ်ကြောင့် တစ်မြို့လုံးနီးပါးပျက်စီးသေကျေကြတယ်...။ ကျနော်ငယ်ငယ်က နေခဲ့တဲ့ အဖိုးဆောက်ခဲ့တဲ့တိုက်အိမ်လေးက နံရံလေးတစ်ချက်ပဲကျန်ခဲ့တယ် ဒီပို့စ်မှာ ကျနော်တင်ထားခဲ့ဖူးပါတယ် ...။ ကျနော်တို့အိမ်ရှေ့တည့်တည့်က နှစ်ထပ်အိမ်က အောက်ထပ်တစ်ခုလုံး မြေကြီးထဲကျွံဝင်သွားလို့ အမျိုးသမီးတစ်ယောက်ရဲ့  DB ကို သုံးရက်လောက်ရှာဖွေတူးဖော်လိုက်ရတယ်...။ မြို့သေးသေးလေးက လူတွေအားလုံး လပေါင်းများစွာ စိတ်ချောက်ခြားမှုဒဏ်ကို ခံစားခဲ့ရတယ်...။ အဲတုန်းကလည်း တတ်နိုင်သလောက်အကူလေးပေးဖြစ်ခဲ့တယ်...။

အခုငလျင်မှာလဲ မန်းလေးထက် စစ်ကိုင်းကိုပဲ target ထားပြီး ကူဖြစ်တယ် အဲဖက်မှာက အပျက်အစီး အသေအကျေများ ကူကယ်ရာမဲ့တွေများနေတယ် ဒုက္ခရောက်နေကြတဲ့ သံဃာတွေ မယ်သီရှင်တွေကိုသွားကူမယ့်အဖွဲ့ကိုပဲ အဓိကထားပြီးလှူဖြစ်နေပါတယ်....။ ဒီလို အလှူလေးဖြစ်ဖို့အတွက် ကျနော့်ဘလော့ရဲ့ ထာဝရပရိတ်သတ်စာဖတ်သူလေးတစ်ယောက်က ကိုယ်တိုင်ကိုယ်ကျမြေပြင်ကိုလက်တွေ့သွားလုပ်ဆောင်ပေးနိုင်လို့ သာဓုခေါ်ရပါတယ်...။ ပြီးတော့ ကျနော်တို့ရဲ့ ဦးဇင်းလည်း ပခုက္ကူကနေ ဆရာဝန်ပါ ပါတဲ့ အဖွဲ့နဲ့ ဆေးဝါးအစားအသောက်တွေနဲ့ လိုအပ်ရင်ဆေးကုပေးဖို့ မနက်ဖြန်စထွက်ပါမယ်...။ လူပီသစွာ လူသားဆန်စွာ ကျနော်တို့အတူတူ တတ်နိုင်သလောက် ကူညီကြရအောင်... together we can....။


ငါတို့မှာ ငါတို့ပဲ ရှိတယ်.....


အားလုံးဘေးရန်ကင်းကင်းနဲ့ နောက်ဆက်တွဲသဘာဝဘေးကနေ ကင်းလွတ်နိုင်ကြပါစေလို့ ဆုတောင်းပါတယ်...။

ps: ထိုင်းနိုင်ငံတောင်ပိုင်း ကော်စမွီမှာ မုန်တိုင်းဝင်နေပြီလို့သိရတယ် ကျနော်တို့ဆီ အဖျားခတ်လာမလား သတိနဲ့နေကြပါ....။


Friday, 17 January 2025

Dear Angel.....(22)

 



ချစ်သော အိန်ဂျယ်.....,

နေကောင်းလား မတွေ့တာကြာပြီ....

ဘလော့မှာစာရေးပြီး Official Publish မတင်ဖြစ်တော့ဘူးဆိုပေမယ့် မင်းကိုတော့ ကိုယ်ရင်ဖွင့်စရာရှိရင် လာပြောလို့ရတယ်မဟုတ်လား....။

ဒီမနက်အစောကြီးပဲနိုးလာခဲ့တယ် မနက် သုံးနာရီလောက်ပဲရှိဦးမယ်ထင်တယ်...။ ပြန်အိပ်ပျော်သွားတော့ ငါးနာရီမထိုးခင်ဆိုတာကို သိတယ်...။ အဲမှာ အိပ်မက်တွေ ဆက်တိုက်မက်တော့တာပဲ...။ ခုနောက်ပိုင်း အိပ်မက်တွေ မက်တာ ကျဲသွားတယ်လို့ သတိထားမိတယ်...။ အရင် အသက်ငယ်တုန်းကတော့ အိပ်မက်မက်ရတာကို သဘောကျတယ် ပျော်ရွှင်စရာ ကြည်နူးစရာအိပ်မက်တွေဆို တစ်သက်လုံးမမေ့အောင် သိမ်းထားချင်တယ် စွဲလန်းခဲ့တာတွေရှိတယ်...။ ခုချိန်ထိ မမေ့သေးတဲ့ အိပ်မက်တချို့လဲရှိတယ်...။ တကယ်တော့ အိပ်မက်မက်ရတာက ပင်ပန်းမှန်း အသက်ကြီးလာမှ သိရတယ်...။ အိပ်မက်မက်တယ်ဆိုတာ အိပ်ချိန်မှာ ဦးနှောက်ကို တောက်လျှောက်မနားတမ်းအလုပ်ပေးနေတာ သိပ်ပင်ပန်းမှန်း နောက်ပိုင်း အိပ်ရေးပျက်ပါများလာတော့မှ နားလည်လာတယ်...။ 

မနက်က အိပ်မက်ထဲမှာ ကိုယ်သံယောဇဉ်ဖြစ်ပြီး ချစ်ခင်တဲ့သူတွေပါတယ်...။ အိပ်မက်ထဲမှာ သူတို့ ကိုယ့်အပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာနဲ့ အန္တရာယ်တွေနဲ့ရင်ဆိုင်ရတဲ့အခါကိုယ့်ကိုကာကွယ်ပေးတဲ့ သူတို့ရဲ့ ဂရုဏာနဲ့စိတ်စေတနာတွေကိုပဲ အချိန်တိုတို အိပ်မက်လေးထဲ ခံစားသိ သိရလို့ အိပ်မက်ကနိုးလာတော့ ကျေနပ်ပီတိဖြစ်ရတယ်...။ အဲဒီအတွက်လည်း ချစ်ခင်သူတွေကို ကျေးဇူးတင်ရပါတယ်.....။

အပြင်မှာတကယ်ဖြစ်မယ့် နိမိတ်ဆန်ဆန်အိပ်မက်တွေကို မက်ခဲ့ဖူးလွန်းလို့ ကိုယ် အိပ်မက်မက်မှာကြောက်မိတဲ့ အချိန်တွေလည်းရှိခဲ့တယ်...။ သဘာဝပတ်ဝန်းကျင်နဲ့ပတ်သတ်တဲ့ ဘေးတွေ အရေးအခင်းဖြစ်မယ့်နိမိတ်တွေကို ကိုယ်ကြိုပြီးမက်ဖူးတာတွေ ကြုံခဲ့ဖူးလို့ အဲလိုထူးခြားတဲ့ အိပ်မက်မက်တိုင်းကိုယ်ရေးမှတ်ထားမိတယ်...။ တကယ် လက်တွေ့ဖြစ်လာတာကို တိုက်တိုက်ဆိုင်ဆိုင် မြင်ရတော့ ကိုယ့်ကိုယ်ကို တခါတခါ ကြောက်လာပြန်ရော...။ ကိုယ်အမြဲတွေးမိတယ် ကိုယ်တကယ်ထဲထဲဝင်ဝင် ဝိပဿနာကိုသေချာလုပ်ရင် ကိုယ့်အတွက် တကယ်အကျိုးရှိစေမှာပဲဆိုတာလေ...ဒါပေမယ့် အခုထိမလုပ်နိုင်သေးဘူး....။

ကိုယ့်အိပ်မက်ရဲ့ အဝေးဆုံးတစ်နေရာကိုရောက်နေတဲ့ မင်းကတော့ ကိုယ့်အိပ်မက်ထဲအလည်ရောက်လာဖို့ မဖြစ်နိုင်တော့ပေမယ့် ကိုယ်မင်းကို ဒီနေရာလေးမှာတော့ စကားလာပြောလို့ရသေးတယ်မဟုတ်လား...။


Still flying....

Still loving....


မိုးငွေ့