Monday, 26 February 2024

ဓါတ်ပုံဆရာမလေး.....




AI က ဖုန်းဝိုင်ဖိုင်ဖွင့်တယ်ဆိုရင်ပဲ ကိုယ်စကားပြောတဲ့အသံက အချက်လက်တွေယူပြီး အကြောင်းအရာတွေကို ကိုယ်သုံးနေတဲ့ Tictok, IG, You Tube ကနေ တစ်နည်းနည်းနဲ့လာပြတော့တာပဲ ဘာမှမပြောရဲသလောက် တခါတလေတိုက်တိုက်ဆိုင်ဆိုင် ကိုယ်တွေးနေတဲ့ အတွေးတောင်ဖတ်တတ်နေသလားမသိ ဖုန်းဖွင့်တာနဲ့ သိချင်နေတာ ရှာချင်နေတာတွေကို အဆင်သင့်လာပြတာ...OMG!!!...။ ဒီရက်ပိုင်း တရုတ်ဆီချက်ခေါက်ဆွဲစားချင်တဲ့ ချဉ်ချင်းဖြစ်နေတာ ခုထိဝယ်စားမယ့်အစီစဉ်ကမအောင်မြင်သေးဘူး...။ အဲဒါဆီချက်ခေါက်ဆွဲစားချင်လိုက်တာလို့ ညည်းရင်း AI က ဆီချက်ခေါက်ဆွဲချက်နည်းတွေလာပြတော့တာပဲ...။ သွားစားဦမယ်ရအောင်တော့ တရုတ်တန်းက ဘောဂဆိုင်မှာ...။ တကယ်က ကျမ Food Blogger လုပ်ရမှာပဲ 😜...။

ဒီနေ့ရုံးက ကျမနဲ့အတူ စာအုပ်တွေဖတ်တတ်တဲ့ညီမတစ်ယောက်ကို ဆရာမပတ္တမြားခင်ရဲ့ "ကင်မရာကိုင်ခဲ့ရသောကျွန်မဘဝ" စာအုပ်လေးသိပ်ကောင်းကြောင်း ဖတ်သင့်ကြောင်းပြောပြတာ ညနေရုံးကပြန်တော့ လှည်းတန်းဂုံးတံတားဘေးမှာ ကားပေါ်ကနေ ဓါတ်ပုံဆရာမလေး (ကျမရဲ့ထာဝရစာဖတ်ပရိတ်သတ်လေး တခါက ကဗျာဆရာမလေး) အနှိုင်းမဲ့ကိုတွေ့လိုက်လို့ ကားမှန်ဖွင့်ရင်းလက်ပြနှုတ်ဆက်လိုက်တယ်  ။ ကျမတို့ညီအစ်မတွေ အသက်ကြီးလာတော့ စတိုင်လ်တူသွားကြတာက ဆံပင်ကိုထွေထွေထူးထူး ဘာပုံညာပုံမှညှပ်မနေတော့ဘဲ ထိပ်မှာစုထုံးလိုက်ကြတာပဲ...။ ညီအစ်မလို့သာပြောရတာ သူက ကျမထက် ဆယ်နှစ်တိတိငယ်တယ် ကျမကို တစ်ခါတစ်လေ အန်တီလို့ခေါ်တတ်တဲ့ ကလေးမလေး....။ သတိထားမိတာ ကျမတို့ ဆံပင်နဂိုကောက်ချင်းတူတယ် အနုပညာစာပေဝါသနာပါတာချင်းတူတယ် ဂီတကိုမက်မော သီချင်းတွေကိုချစ်ကြတာတူတယ်  သဘာဝရှုခင်းပုံတွေကိုရိုက်ရတာကြိုက်တယ်...။ စစ်တပ်ကို သောက်ရမ်းရွံမုန်းစက်ဆုပ်တဲ့ စစ်သား,သားသမီးဖြစ်တာချင်းလည်းတူတယ်...။ မတူတာက သူကလက်တွေ့လုပ်တယ် သတ္တိရှိတယ် ကျမက စိတ်ကူးပဲရှိတာ လက်တွေ့မကျဘူး...။ 

အနှိုင်းမဲ့က ခုတော့ ဒေါင်းတောင်နာမည်နဲ့ ဓါတ်ပုံတွေရိုက်တယ်.... လွန်ခဲ့တဲ့နှစ်များက ကျမသူ့ဓါတ်ပုံပြပွဲသွားခဲ့ဖူးတာကို ပို့စ်တင်ဖူးပါတယ်....။ သူ့တွေ့တော့ ကျမတို့ ဘလော့စရေးခါစ အချိန်တွေကို ပြန်သတိရမိတယ်....။ အဲတုန်းက ဘလော့ရွာမှာ စည်စည်ကားကား... မြိုင်မြိုင်ဆိုင်ဆိုင် စာတွေရေးကြနဲ့ ပျော်စရာကြီးပဲ...။ ဘယ်အရာမဆို ကုန်ဆုံးရက် (Expire) ဆိုတာရှိတယ်...။ ဒီလိုပဲ ဘလော့လောကလည်း ကုန်ဆုံးရက်တွေလွန်လို့ Expired ဖြစ်သွားတာကြာခဲ့ပေမယ့်... ကျမတစ်ယောက်ကသာ Update ဖြစ်နေတာ အံ့ဩစရာ...။





__________________
Revolution will prevail
မိုးငွေ့


Wednesday, 21 February 2024

နွေဦး.....(၁၄)

 




အိန်ဂျယ်ရေ.....


အလွမ်းတွေနဲ့ ပြည့်နှက်နေတဲ့ ရာသီအချိန်လေး တစ်ပတ်လည်ရောက်လာခဲ့ပြန်ပြီ.....

မြူခိုးတွေနဲ့ ညှို့ဆိုင်းနေတဲ့ ညနေ နေဝင်ချိန်ဟာ နွေဦးအတွက် တန်ဖိုးဖြတ်မရတဲ့ ပန်းချီကားတစ်ချပ်ပဲ....။

ဘယ်တော့မှ ထပ်ဆုံတွေ့ခွင့်မရတော့တဲ့ သူတွေအတွက် ကိုယ်တိုင်ဖန်တီးထားတဲ့  စကားလုံးတွေဟာ အသက်ရှိသရွေ့ ရှင်သန်နေမှာအသေအချာဆိုတာ နွေဦးက နှစ်တိုင်း သက်သေပြနေဆဲပါ...။


Miss U Angel

Still flying.....

Still loving.....


___________________
Revolution will prevail
မိုးငွေ့


Friday, 16 February 2024

My Doodles Art (5).....











ကျမ နောက်ဆုံးဝယ်ဖြစ်တဲ့ Doodle ဆွဲဖို့ Sketch Book လေး စာရွက်သားကောင်းပြီး ပိုဆွဲလို့ကောင်းတယ် ...။ သူက အဓိက ရေဆေးပန်းချီဆွဲဖို့ ထုတ်ထားတဲ့ စာရွက်သားတွေ....။ အရင်လောက် Doodle ပုံလေးတွေ ဆက်တိုက်မဆွဲဖြစ်တော့ဘူး အာရုံလာမှပဲ တစ်ပုံစ နှစ်ပုံစ တစ်လလုံးနေမှ အနည်းဆုံးတစ်ပုံ အဲလောက်ပဲ ...။ တကယ်တမ်းက အရမ်းပျင်းနေတဲ့အချိန် ဖိအားများနေတဲ့အချိန်မှာမှ ပိုဆွဲလို့ကောင်းတာ...။


































































 



_______________________
Revolution will prevail
မိုးငွေ့

Wednesday, 14 February 2024

အချစ်ရဲ့ Cafe.....




ချစ်သူများနေ့နီးလာရင် အင်းဝမှာ အချစ်နဲ့ပတ်သက်တဲ့ ချစ်သူစုံတွဲတွေနဲ့ပတ်သက်တဲ့ ချစ်ခြင်းမေတ္တာတွေကိုဖော်ကျူးတဲ့စာအုပ်တွေ အသည်းကွဲရင်ဖွင့်သံစာအုပ်ပါးလေးတွေ ထွက်နေကျမို့ ဒီနှစ် ဝယ်ဖတ်ဖြစ်တာက နေဗလ်ရဲ့ "အချစ်ရဲ့ Cafe" စာအုပ်လေးပါ....။ စာအုပ်တစ်အုပ်မှာ မျက်နှာဖုံးနဲ့ စာအုပ်ရဲ့ ခေါင်းစည်းလေးက စာဖတ်သူကို ပထမဆုံးဆွဲဆောင်တဲ့အရာမို့ ကျမကိုပိုပြီးဆွဲဆောင်သွားတာက Cafe ဆိုတဲ့စကားလုံးလေး အဲစကားလုံးလေးပါနေလို့ အဲစာအုပ်ကို ကျမ ကောက်ကိုင်ဖတ်ကြည့်မိတာပဲ....။

ဘယ်သူပြောလဲ အချစ်ဆိုတာ ကျမတို့အရွယ်မှာ မဖတ်သင့်တော့တဲ့ စာလို့....။ တကယ်တမ်း "အချစ်"ဆိုတာ ဘဝရဲ့ အစိပ်အပိုင်းသေးသေးလေးဆိုပေမယ့် လူတစ်ဦးတစ်ယောက်အတွက်တော့ စိတ်ခွန်အားတွေကို ဖြည့်တင်းပေးနိုင်တဲ့ နတ်ဆေး အားဆေးတစ်ခွက်ပါပဲ လူတိုင်းအတွက် လိုကိုလိုအပ်တဲ့အရာတစ်ခုဆိုတာ ဘယ်သူမှ မငြင်းသာဘူးထင်ပါတယ်...။ စုံတွဲရှိပြီးသားသူလည်း အချစ်လိုတယ် မရှိသေးတဲ့သူအတွက်လည်း အချစ်ဆိုတာ လိုအပ်တာပဲ...။

ကျမ ဒီစာအုပ်လေးကို စတွေ့တော့ လွန်ခဲ့သောနှစ်များစွာက ကျမ ဖေ့စ်ဘုတ်သုံးစဉ်အခါက ကျမရဲ့ Note မှာ အမြဲတင်ဖြစ်တဲ့ စာစုလေးတွေကို သွားသတိရမိတယ်...။ "ကျမရဲ့ကော်ဖီခွက်လေးများ" ဆိုတဲ့ ခေါင်းစဉ်နဲ့ အဲတုန်းက နေ့တိုင်း တစ်နေ့တစ်ပုဒ်လောက် တင်ဖြစ်တဲ့အချိန်လေးကို ပြန်လွမ်းမိတယ်...။ ကျမ ဖေ့စ်ဘုတ်ဖျက်လိုက်တော့ အဲစာတွေကို ပြန်မကူးထားဖြစ်ခဲ့ဘူး...။ အားလုံးကျမလက်နဲ့ Delete တဲ့ထဲ အကုန်ပါသွားခဲ့တယ်...။ ဘဝမှာ နောင်တရမိတာက ကိုယ်ရေးခဲ့ပြီးသားစာတွေကို မဆင်မခြင် Delete လုပ်လိုက်ခြင်းပဲ..။ ပြန်တွေးကြည့်တော့ နှမြောလိုက်တာ...။ အဲဒီအချိန် အဲလိုခံစားမှုမျိုး အဲလိုအရေးအသားမျိုးက နောက်တစ်ခါဆိုတာ ဘယ်တော့မှ မရနိုင်တော့ဘူးလေ...။


"လူတစ်ယောက်ကို နားလည်ရတာ လွယ်ပါတယ်
လူတစ်ယောက်ကို နားလည်သည့်တိုင်
သူ့ရဲ့ မကောင်းတဲ့ အချက်
တစ်ကိုယ်ကောင်းဆန်လွန်းတဲ့ အချက်တွေကို သိသည့်တိုင်
သူနဲ့ အတူတူနေထိုင်ဦးမလားဆိုတာကမှ ခက်တာ...။

လူတစ်ယောက်ကို ချစ်ရတာလည်း လွယ်ပါတယ်...
ဒါပေမယ့် ဘယ်လောက်ထိ သည်းခံပေးပြီး
ဘယ်လောက်အထိ အဲဒီလူနဲ့ ဘဝခရီးသွားချင်လဲ
ဘယ်လောက်အထိများ ချစ်ခြင်းမေတ္တာက အစ
ပကာသနပဆုံး ဖြည့်ဆည်းပေးချင်တဲ့
ချစ်ခြင်းမေတ္တာလဲဆိုတာမျိုးကတော့ ခက်တယ်...။

အချစ်တွေ အများကြီးရှိတယ်...။
တချို့အချစ်တွေကတော့ ဘဝကို မလုံခြုံစေဘူး
တချို့အချစ်တွေကတော့ စိတ်ကို မလုံခြုံစေဘူး....။"

နေဗလ်



"နှုတ်ခမ်းတွေကိုလည်း ရဲနေအောင် မဆိုးနဲ့
တစ်စုံတစ်ယောက်ကိုလည်း ရူးနေအောင် မချစ်နဲ့
ပုံမှန်လေးပဲ နေထိုင်ပြီး ပုံမှန်လေးပဲ ချစ်ပါ
ဒါဆို ဘဝမှာ နေသာမှာပါ.....။"

နေဗလ်


ဒီကဗျာလေး ဖတ်မိတော့ .... အင်း နေဗလ့် စာတွေကို ကဗျာလို့ခေါ်လို့ရမလား? ခေါင်းစဉ်မပါတဲ့ ခံစားမှု စာစုတွေလို့ပြောရမလား? ထားလိုက်ပါ ဒီစာတိုလေး ဖတ်မိတော့ ကျမ နှုတ်ခမ်းနီရဲရဲတွေ မဆိုးဖြစ်တာတော်တော်ကြာနေမှန်း သတိထားမိတယ်...။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ကျမ အနီရဲရဲ နှုတ်ခမ်းဆိုးဆေးကို အချိန်အတိုင်းတာတစ်ခုအထိ မက်မက်မောမော ဆိုးခဲ့ဖူးတယ်...။  ငယ်စဉ်ကတည်းက ကျမနှစ်သက်ခဲ့ဖူးတဲ့ အရောင်တွေထဲမှာ အနီရောင် လုံးဝမပါခဲ့ဘူး...။ ဒါပေမယ့် အသက်အရွယ်တစ်ခုရောက်တဲ့အခါ ကျမအကြိုက်တွေ အရောင်တွေ ပြောင်းလဲလာတယ်ဆိုတာ သိလာရတယ် လုံးဝမကြိုက်တတ်တဲ့ အရောင်တွေ အရာဝတ္တုတွေ အစားအစာတွေကို ကြိုက်တတ်လာတယ် ...။ နှင်းဆီပွင့်ဖတ်ရောင် နှုတ်ခမ်းနီရဲရဲဟာ လူတွေကို ဆွဲဆောင်တယ် Sexy ဖြစ်တယ်...။ "မင်းနဲ့ နှုတ်ခမ်းဆိုးဆေးအနီရောင်တွေက သိပ်လိုက်ဖက်တာပဲလို့" ဆိုတဲ့ စကားလုံးတွေအပြောတွေကို စွဲလန်းခဲ့ဖူးတယ်...။ ခုတော့လဲ.....အချိန်တွေတိုက်စားလို့ အဲလို ခံစားမှုတွေက မှေးမှိန်ကုန်ပါပြီလေ...။


"ငါတို့ ခန္ဓာကိုယ်ရဲ့ system က ထူးခြားပါတယ်
ငါတို့ရဲ့ ချစ်လှစွာသော Brain က
ငါတို့ မြင်ရ တွေ့ရဖို့ မလိုအပ်ဘူးလို့ ထင်တဲ့ အရာတွေကို
မမြင်ရအောင် Block ချထားတတ်တယ်တဲ့...။

ဒါကြောင့် နာကျင်စရာ ကောင်းတဲ့
တစ်စုံတစ်ခုကို မြင်ခဲ့ရတယ်ဆိုရင်
မမေ့နိုင်သေးဘူးဆိုရင်လည်း
အဲဒီအရာဟာ
ငါတို့ဘဝတွေအတွက် လိုအပ်နေသေးလို့‌ နေမှာပါ...။

နာကျင်ရတဲ့အခါ ငိုပါ
ဝမ်းနည်းတဲ့အခါ ရှိုက်ပါ
အသက်ကို ဝဝရှူပါ
တစ်နှစ်ထက်တစ်နှစ် ကြီးလာတဲ့ အသက်တွေနောက်မှာ
ငယ်စဉ်ကလောက်
ရိုးရှင်းလွန်းစွာ မရှင်သန်နိုင်တော့တဲ့အခါ
ငယ်စဉ်က
တစ်စုံတစ်ယောက်ကို ရူးခါအောင် ချစ်ခဲ့တယ်ဆိုတာဟာလည်း
ငါတို့ဘဝဒိုင်ယာရီရဲ့
သမိုင်းဝင်စာရွက်စာတမ်းတွေ ဖြစ်လာမှာ....။ "

နေဗလ်


အသက်ကို ဝဝရှူပါလို့ ပြောမှ ကျမတို့ဟာ အသက်ရှူဖို့‌မေ့မေ့နေတဲ့ အချိန်တွေများမလာစေဖို့ သတိထားရမယ်...။ (သန့်ရှင်းတဲ့လေကို)အသက်ရှည်ရှည် ဝဝရှူခြင်းဟာ ရောဂါကင်းဝေးစေတဲ့ နည်းလမ်းကောင်းတစ်ခုဆိုတာကို အယုံအကြည်ရှိရှိနဲ့မမေ့ကြစေဖို့ပဲ.....။ ကျမကို အသက်ရှူပါ အသက်ရှူပါလို့ အသိတစ်ခုထည့်ပေးသွားတဲ့ လူတစ်ယောက်ကို ကျမ အသက်ရှူတိုင်း သတိရကျေးဇူးတင်နေမိတယ်ဆိုတာ သိပါစေ....။


"လွင့်မျောမယ်ဆိုလည်း အဆုံးအစမရှိပေါ့
တိမ်တွေကို ချစ်တယ်ပြောရင်း
မိုးရွာတဲ့နေ့ တိမ်ကင်းတဲ့ နေ့တွေမှာလည်း
ကောင်းကင်ဟာ ချစ်စရာပါပဲ

တချို့မေ့းခွန်းတွေရဲ့ အဖြေကို
နှလုံးသားက သိတယ်
အချိန်က အဆုံးအဖြတ်ပေးတယ်....။ "

နေဗလ်


ကောင်းကင်နဲ့ တိမ်တွေကိုမော့မကြည့်ဖြစ်တာကြာခဲ့ပေါ့....။ ကျမ သဘာဝနဲ့ တော်တော် ကင်းဝေးနေပြီလား ကိုယ့်ကိုယ်ကိုမေးခွန်းထုတ်ကြည့်မိတယ်....။ ဟုတ်တယ်... ကျမ မြက်ခင်းတွေ မြေကြီးတွေ မနင်းရတာကြာပြီ ပန်းပွင့်လေးတွေနဲ့လည်း ဝေးနေခဲ့တာကြာပြီ.... ကောင်းကင်မိုးသားတိမ်တိုက်တွေနဲ့လည်း ဝေးခဲ့တာကြာပြီ....။ ယုဇနပန်းလေးတွေ ခူးလာပေးမယ့်သူနဲ့လည်း ဝေးခဲ့တာကြာပြီ....။


အချစ်ရဲ့ နွေဦး

ဝေးသွားတယ်ဆိုတဲ့ ခံစားချက်က
တုနှိုင်းပြစရာ မရှိပါဘူး...။

တစ်နေတာဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာတွေကို
သူ့ကိုပြောပြခွင့်မရှိတော့ဘူး..။

လမ်းမှာတွေ့တဲ့ ကော်ဖီဆိုင်လှလှလေးတွေ
စားသောက်ဆိုင်ကောင်းကောင်းလေးတွေ မြင်ရင်
အတူတူသွားစားကြမယ်ဆိုပြီး မှတ်ထားပြီး
ပြန်ပြောပြရမယ်လို့ တွေးတိုင်း
ရုတ်ခြည်းဝေးသွားတော့လည်း
ဪ...ဝေးသွားပါပြီ ဆိုတဲ့အတွေးက
ပြိုကျလာတဲ့ အချစ်စိတ်ကူး အိပ်မက်တွေကို
ရှေ့ကနေ ကန်ချလိုက်သလို အချစ်မိုးတွေ
ရပ်တန့်သွားရတာပဲ....။

လက်ဆောင်တွေ ဝယ်ပေးခွင့်မရှိတော့ဘူး
သူကြိုက်တဲ့ အင်္ကျီတွေ သူဆွတ်နေကျ ရေမွှေးရနံ့တွေ
သူကြိုက်တဲ့ အစားအစာတွေ
သူသုံးနေကျအသုံးအဆောင်ပစ္စည်းတွေကို တွေ့တဲ့အခါ
ဝယ်ပေးချင်တဲ့အခါမှာတောင်
သူနဲ့ငါက ဝေးသွားပြီပဲဆိုတဲ့
အသိက ဖြေဆည်စရာမရှိဘူး....။

အောင်မြင်မှုတွေရလည်း
အချစ်ရေလို့ ဝမ်းပန်းတသာပြေးပြီး
ပထမဆုံးပြောပြချင်တဲ့သူက မရှိတော့ဘူး
ဝမ်းနည်းစရာတွေ ကြုံရင်တော့
ပြောမပြတတ်လောက်အောင် သတိရတာပဲ...
အစကတည်းက တစ်ယောက်တည်းရှိတဲ့ ဘဝတွေ ဖြစ်ပြီး
ငါ့မှာလည်း အဲဒီတစ်ယောက်တည်းကိုပဲ
ဘဝနဲ့ချီပြီး ဆုံးရှုံးလိုက်ရပြန်တယ်.....။ 

နေဗလ်


ကဗျာလေးဖတ်ပြီး နွေဦးရဲ့အစမှာ အဆုံးသတ်လိုက်ရတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို အမှတ်ရမိသွားခဲ့တယ်...။ ခုဆို နှစ်ပတ်လည်တောင်ရောက်တော့မှာပဲ...။ အဖြူရောင် ကော်ဖီဆိုင်လှလှလေးမှာ အတူထိုင်ခဲ့ကြတဲ့ ညနေခင်းတွေ .... နေဝင်ဆည်းဆာကို အတူထိုင်ကြည့်ဖူးခဲ့တာတွေ .... လရောင်ဆမ်းတဲ့ညမှာ အတူရှိခွင့်ရခဲ့တာတွေ ရှေးဟောင်းမြို့ငယ်တစ်ခုမှာ အတူလက်တွဲလျှောက်ခဲ့ရတဲ့ လမ်းတွေ.... ဒါတွေဟာ ခုတော့ နွေဦးပုံပြင်တစ်ပုဒ်ဖြစ်သွားခဲ့ပြီတဲ့.....။


"ဆုံးရှုံးသွားတဲ့ အရာတွေကြောင့် မပင်ပန်းဘူးလားတဲ့
တချို့လူတွေက ပြောတယ်
ကျနော်ဟာ
အတိတ်တွေကို ပြန်လိုချင်တပ်မက်မှုမျိုးနဲ့
ဆုံးရှုံးခြင်းတွေကို ပြန်တီးခေါက်နေခဲ့တာ မဟုတ်ရပါဘူး...။

ကွဲကြေသွားတဲ့ အတိတ်တွေကြား
ကျပျောက်သွားတဲ့ ကိုယ့်ကိုယ်ကိုပြန်တွေ့လိုတွေ့ငြား
အများတွေကြား သင်ခန်းစာဒဏ်ရာတွေ
ရေရေရာရာ အမှားတွေများ တွေ့ခဲ့ရင်
ပစ္စုပ္ပန်မှာ ပိုကောင်းတဲ့ လူတစ်ယောက်ဖြစ်လာချင်ရုံပါ....။ "

နေဗလ်



"တစ်ခဏပဲဖြစ်ဖြစ် 
တစ်ဘဝပဲဖြစ်ဖြစ်
ချစ်ခဲ့တယ်ဆိုတာ
သေချာရင် ရပါပြီ"

နေဗလ်


ကျမဘဝမှာ ဘယ်သောအခါမှ မေ့ပျောက်ပစ်လို့မရနိုင်တဲ့ အချစ်ဆုံးသူ တစ်ယောက်ထဲပဲရှိတာ ခံစားတဲ့ဦးနှောက်ကရော စဉ်းစားတတ်တဲ့ဦးနှောက်ကပါ ကျမသိတယ်...။ ဒါပေမယ့် ကျမ အချစ်ကိုမရွေးချယ်ခဲ့တာ  ကျမကိုကျမပဲ ရွေးချယ်ခဲ့လိုက်တာဟာလည်း စဉ်းစားတဲ့ဦးနှောက်နဲ့ ဆုံးဖြတ်ခဲ့တာပါ....။ ဟုတ်တယ် ကျမ ဦးနှောက်ရှိလို့ကို အချစ်ကိုမရွေးခဲ့တာပါ...။ လူချင်းတွေ့ရင် ချစ်တယ်လို့ သေချာမပြောဖူးခဲ့ပေမယ့် သေသည်အထိ မေ့မရနိုင်တဲ့ ခံစားမှုမျိုးနဲ့ ကျမ နင့်နင့်နဲနဲချစ်တယ်ဆိုတာဝန်ခံပါတယ်...။ သူအမြဲပြောဖူးခဲ့သလိုပဲ ရင်ထဲမှာပဲ ချစ်နေပါ သတိရနေပါ ဆိုတာမျိုးပေါ့...။ ကျမ သူမှာခဲ့တဲ့ စကားတွေကို တိတိကျကျ လိုက်နာနေပါတယ်....။ ကိုယ့်အချိန်တွေကို သူများမပေးဖို့ ရေသောက်တာတို့ အသက်ရှူတာတို့ Air Plane Mote ဖွင့်ပြီးမှ အိပ်ရာဝင်ဖို့တို့ စတာတွေပေါ့...။



"တိုက်ဆိုင်တဲ့ သီချင်းလေးရရင် သတိရဖူးလား
ဒါမှမဟုတ် သူသုံးနေကျ ရေမွှေးနံ့လေးရတဲ့အခါ
သတိရတတ်လားတဲ့....။ "  

နေဗလ်


"ဝေးသွားတာ
တစ်ရက် တစ်ရက် ကုန်သွားသရွေ့တော့
သူလည်း အမှန်ကို သိလာမှာဖြစ်သလို
ကိုယ်လည်း အမှန်ကို သေချာမြင်လာခဲ့တာပဲ...။

ငါတို့ ဖြစ်ခဲ့တဲ့ အချေအတင်တွေဟာ
အခုငါတို့တစ်ယောက်နဲ့တစ်ယောက်
မခေါ်မပြောဖြစ်ကြတော့တဲ့ အခြေအနေနဲ့ နှိုင်းယှဉ်ရင်
အချစ်ရဲ့ ကျီစယ်မှုလေးသာ ဖြစ်ကြောင်း...။

အခုလို တစ်ယောက်က အဆင်မပြေရင်
တစ်ယောက်က ပြောလာခွင့်မရှိတော့တဲ့ ဘဝတွေရောက်မှ
အရင်တစ်ချိန်က ရန်ဖြစ်ပြီး
အခေါ်မပြောခဲ့တဲ့ သုံး လေး ရက်က
ဘယ်လောက် ခံသာစရာ ကောင်းလဲဆိုတဲ့အကြောင်း....။

မင်းနဲ့ မခေါ်မပြောဘဲ 
ဆယ်ရက်တောင် မနေနိုင်ခဲ့တဲ့ကိုယ်က
ကိုယ့်ကို ဘယ်တုန်းကမှ ပစ်မထားနိုင်ခဲ့တဲ့ မင်းက
ဘာလို့
ငါတို့ ဒီလောက် ဝေးသွားကြရတာလဲဆိုတဲ့ အတွေးကို
အိပ်မရတဲ့ ညဉ့်နက်တိုင်း ကိုယ်ပြန်တွေးလို့ မရပါဘူး...။

နှလုံးသားက
ပြင်လွယ် ဖျက်လွယ် လုပ်လို့ရတဲ့ အရာမဟုတ်ဘူး..
ဝေးသွားကြတဲ့ တစ်နေ့
တစ်ယောက်တန်ဖိုး တစ်ယောက်ပိုသိလာမယ်
ငါတို့ တစ်ယောက်ကို တစ်ယောက်
ဘယ်လောက်ချစ်ကြကြောင်း ငါတို့ ပိုသိလာမယ်...။

အဲဒီတစ်နေ့ ငါတို့ အချင်းချင်း
မျက်နှာချင်းတောင် ဆိုင်ခွင့်ရှိချင်မှလည်း ရှိမယ်
ဒါမှမဟုတ် မဆိုင်ရက်တော့တာလည်း ဖြစ်နိုင်တယ်....။ "

နေဗလ်


"ဗလာတွေ
တွေးစရာ အတွေးမရှိဘဲ အေးသွားတဲ့ ကော်ဖီတွေ
နက်လာတဲ့ ညတွေမှာ
လန့်နိုးလာတဲ့အခါ
မက်ခဲ့တဲ့ အိပ်မက်ကို မမှတ်မိခြင်းပေါ့...။

လူဆိုတာ ခံစားချက်နဲ့ အသက်ရှင်ကြတယ်
ဘဝမှာ ဘယ်လိုလူမျိုးက
သနားစရာ ကောင်းသလဲဆိုရင်
ချစ်ခြင်း မုန်းခြင်း မျှော်လင့်ခြင်းတွေ မရှိတော့တဲ့သူတွေပဲ...။

ဘဝပင်လယ်ထဲ ရွက်လွှင့်ရင်း
မုန်းတိုင်းတွေ လာရင်တောင်
ထိုင်ကြည့်နေချင်တဲ့ စိတ်အနေအထားတွေ....။"

နေဗလ်








"ငါတို့ တွေ့ဆုံခဲ့ရတဲ့အတွက်
ငါ့မှာ နောင်တရတာ မရှိပါဘူး
မင်းကြောင့် ငါ့ဘဝမှာ ဝမ်းနည်းမှုတွေ ရှိလာတယ်ဆိုရင်
မင်းကြောင့်ပဲ ငါ့ဘဝကို ပိုပြီး
အဓိပ္ပါယ်ရှိရှိ ရှင်သန်တတ်လာတာ နေမှာပါ...။ "

နေဗလ်


"အချစ်ရဲ့ဆောင်း
ကော်ဖီချိုချိုလေးတစ်ခွက်ဖျော်မယ်
စာအုပ်တစ်အုပ်ဆွဲယူပြီး
လတွေနဲ့ကြယ်တွေကို ကောင်းကောင်းငေးလို့ရမယ့်
ပြတင်းပေါက်တစ်ခုကနေ နေရာယူရင်း
ချမ်းချမ်းအေးအေး ရာသီဉတုတွေကြား
အချစ်ကိုပွေ့ဖက်ရင်း
အအေးဒဏ်ကို အန်တုမယ်
တကယ်ပြောတာ အချစ်သာရှိရင်
ဆောင်းဒဏ်မပြောနဲ့
လောကဓံလည်း ငါမကြောက်ဘူး....။ "

နေဗလ်


အချစ်ကထွေးပွေ့ထားရင်း အအေးဒဏ်ကို အန်တုလို့... အေးတဲ့ဆောင်းမှာ နွေးထွေးခဲ့ဖူးတဲ့ အမှတ်တရနေ့လေးတွေအကြောင်း....ဒီလိုဆိုတော့ အတူရှိခဲ့ဖူးတဲ့ ဆောင်းရာသီတစ်ခုကို သတိရမိတယ်....။ 


"ဆောင်းတစ်ဖန် နွေတစ်လှည့် ရာသီစက်ဝန်းတွေထဲ
ချစ်ခြင်းဟာ တစ်ခေါက်တော့
ကိုယ့်ကမ္ဘာဆီ ပြန်လှည့်လာဦးမှာပါပဲ
ငါလည်းပဲ တစ်စုံတစ်ယောက်ကို ထပ်ချစ်နိုင်ပါစေ
ငါ့ကိုလည်း အဲဒီတစ်စုံတစ်ယောက်က ချစ်ပါစေ....။ "

နေဗလ်




"ချစ်သူများနေ့"မှာ အနားမှာ ချစ်သူရှိနေဖို့မလိုပါဘူး အဲဒီချစ်သူကို တစ်သက်လုံး ချစ်နေဖို့ပဲလိုပါတယ်...


........... Happy Valentine ............ 



ချစ်သူများနေ့ ဘာညာသာရကာတွေလျှောက်ရေးနေလို့ နိုင်ငံအရေးကို သောက်ဂရုမစိုက်တာတော့မဟုတ်ဘူးနော်......။ ခု လပ်တီးက ထုတ်ထားတဲ့ Sသုံးမကျတဲ့ Yeeဉပဒေနဲ့ မိသားစုတွေရဲ့ အိမ်တံခါးလာခေါက်နေပြီ အရင်က ပြည်သူ့စစ်ထဲကို ဝင်သွားတဲ့လူငယ်တွေကို ပြောဆိုနေကြတဲ့ မိဘတွေ အခုကိုယ့်သားသမီးထိတော့ တုန်လှုပ်ချောက်ချားနေကြပြီ ကိုယ်ချင်းစာတရားဆိုတာ ကိုယ့်ဉထိမှသိကြတာတွေ....။ လပ်တီးကို တစ်ကမ္ဘာထင်နေကြတဲ့ Ball Ma တွေ, ဖွတ်တွေ နင်တို့ သားသမီးကို အရင်ချကျွေးကြလေ....။ ဒီတော့ အားလုံးခေါင်းသုံးကြပေါ့ ဘာလုပ်သင့်လဲဆိုတာ.....။ ခုချိန်မှာ ဘားတက် ကလပ်တက် မူးရစ်သောက်စားပျော်ပါးနေကြတဲ့ ရေပေါ်ဆီတွေ , နိုင်ငံရေးဆရာကြီးလိုလို ကမ္ဘာကြီးကိုပဲ ကယ်တင်ရှင်လိုလို ကိုယ့်ကိုယ်ကို $ထင်ကြီးနေတဲ့ ဝေလေလေ အလုပ်မရှိအကိုင်မရှိ အချောင်ရအချောင်စား ဖွန်ကြောင်ဆေးကြောင်နေတဲ့ပိုင်းလုံးအကောင်တွေ နင်တို့အလှည့်ရောက်ပြီ...... ။ နင်တို့ဘာလုပ်မလဲ  ဖက်ဆစ်တပ်ရဲ့ကျွန်ဖြစ်ခံမလား? အမြစ်ပျက်တိုက်မလား?

ကြမ်းတမ်းတဲ့စကားလုံးတွေအတွက် ခွင့်လွတ်ပါလို့ တောင်းပန်ပါတယ် ....။ ခွင့်မလွတ်တဲ့သူတွေကိုလဲ ကျမကတော့ သောက်ဂရုကိုမစိုက်တာ..။



__________________
Revolution will prevail
မိုးငွေ့
 

Wednesday, 7 February 2024

Dyson အစွမ်း.....





စာဖတ်သူတွေ အလွမ်းပြေ ပုံလေး Update လာတင်တာပါ.....။ ကျမ ခုနောက်ပိုင်း ဆံပင်ပြန်ရှည်လာတော့ ရိုးရိုးရှင်းရှင်း ထိပ်မှာစုထုံးထားတဲ့ ပုံနဲ့ပဲနေ့စဉ်နေလာခဲ့တာ အဲပုံအတိုင်းပဲ ကျမနေရတာသဘောကျတော့တယ်...။ ဆံပင်မှာ ဘာအဆင်အယဉ်မှ မဆင်တော့ဘူး တတ်နိုင်သမျှ ခန္ဓာကိုယ်မှာဆင်ရမယ့်ပစ္စည်းတွေ လျှော့လို့ရနိုင်သမျှပေါ့ ခေါင်းနဲ့ပတ်သက်ပြီး ကျမ ဆေးမဆိုးဘူး မကောက်ဘူး မဖြောင့်ဘူး ဆံပင်ညှပ်တာတောင်မှ ဆိုင်မသွားတော့ဘူး ကိုယ့်ဘာသာကိုယ်အဖျားတိတယ် ဒီလောက်ပဲ... သဘာဝနဲ့ နီးစပ်လို့ရသလောက်နေမယ်ပေါ့...။ ဒါကြောင့်အရင်က ဝယ်ထားတဲ့ ကလစ်တွေ ဘာတွေညာတွေ အကုန်ပေးပစ်လိုက်တယ်...။ ခေါင်းစည်းကြိုးလည်း အနက်ရောင်တစ်ခုရှိရင်ရပြီ....။ ကျမ ဆံပင်နဲ့ပတ်သက်တာ လက်သည်းခြေသည်းနဲ့ပတ်သက်တဲ့ အလှဆင်တာ လုံးဝမလုပ်တော့တာ ငါးနှစ်ရှိသွားပြီ....။

ခုပုံလေးက Dyson နဲ့ ပုံသွင်းထားတုန်းလေး ကိုယ့်ကိုယ် Selfie ထားတာလေး လာပြတာ.... ကော်ဖီခါးခါးအကြိုက်နဲ့ဖက်ရှင်တအားမိုက်တဲ့ "မိုးငွေ့နှင့်အတူ" ဘလော့ဂါ ပိုင်ရှင်လေးရဲ့ Update ပုံလေးပေါ့....။ ဆံပင်က ဘယ်ဖက်နဖူးထိပ်မှာ အဖြူတွေစုပေါက်နေပြီ....။ အရောင်မဆိုးဘူး ဖြူချင်သလောက် ဖြူစမ်း...။ အဲဆံပင်ဖြူကပဲ ကိုယ့်အသက်အရွယ်ကို ညွှန်ပြနိုင်မှာလေ မဟုတ်ရင် ကိုယ့်အသက်နဲ့ရုပ်ကိုပြောပြရင် မယုံကြလွန်းလို့ ... ဒါလေးနဲ့ပဲ ဂုဏ်ဆာပါရစေနော်...။










 မိတ်ကပ်က (Everyday office look) ကိုယ်တိုင်လိမ်းတာ Eye Liner က Sephora ,
 Mascara က Mac, Eye Shadow Palette နဲ့ Blush က Dior, နှုတ်ခမ်းဆိုးဆေးက Catrice .




___________________
Revolution will prevail
မိုးငွေ့


Friday, 2 February 2024

အကြည့်ရိုင်း.....






သူနဲ့ အကြည့်ချင်းဆုံတိုင်း သူ့မျက်လုံးတွေကို ကျမ သတိထားထားမိနေတာကြာပြီ....။ သူ့အကြည့်စူးရှရှတွေကို ကျမ တစ်ခါမှ အဓိပ္ပါယ်မဖော်ခဲ့ဘဲ ဒီလိုပဲ တမန်ကာရှန်ကာ မေ့မေ့ရော့ရော့ထားလိုက်မိတယ်...။ တကယ် ကျမတို့က မကြာခဏဆုံဖြစ်ကြတဲ့သူတွေတော့မဟုတ်ပါဘူး....။ သူ့အလုပ်ရှိရာဆီ ကျမကိစ္စပေါ်မှရောက်ဖြစ်တာပါ... တစ်လနေမှ တစ်ခါလောက်တောင်မဆုံဖြစ်တဲ့သူတွေမို့ ကျမ သူနဲ့အကြည့်ချင်းဆုံဖြစ်တဲ့အခါမှာပဲ သူ့မျက်လုံးတွေကို မှတ်မိတာ ပြီးတာနဲ့မေ့သွားတာပါပဲ...။ သူနဲ့ဆုံတိုင်းလည်း ကျမက သူအကြည့်ကို မျက်လုံးမလွဲဘဲ ပြန်စိုက်ကြည့်ဖြစ်တာများတယ်....။ ဒီတစ်ခါနောက်ဆုံး သူနဲ့တွေ့ဖြစ်တော့မှ ကျမသူ့အကြည့်တွေကို ပုံဖော်မိတယ်...။ ကျမတို့ဆုံတိုင်းလည်း ကျမဖက်က ကျမလိုချင်တဲ့စာရွက်စာတမ်းကဘာလဲဆိုတဲ့ စကားလေးတစ်ခွန်းပဲသူ့ကိုပြောပြီး သူက ကျမကို တစ်ချက်လှမ်းကြည့်တယ် အဲဒီအကြည့်တစ်ချက်ကလဲ စူးရဲတောက်ပလွန်းတယ်လို့ ဆုံတိုင်း ခံစားရစမြဲပဲ....။  လူတစ်ယောက်ကို သဘောကျချစ်ခင်နှစ်သက်မှုတစ်စလေးမှမတွေ့တဲ့ သူ့အကြည့်တွေက အမုန်းအာဃာတတစ်ခုခုတောင်ပျော်ဝင်နေတဲ့ အရိုင်းဆန်တယ်လို့ ခံစားရစေတယ်....။ ပြီးတော့ သူက ကျမဆီက အကြည့်ကိုလွဲပြီး ကျမလိုချင်တဲ့ စာရွက်တွေကို ထုတ်ပေးဖို့လုပ်တယ် ဒီလောက်ပါပဲ....။ ကျမတို့ အပြန်အလှန်တောင် စကားမပြောဖူးဘူးထင်တာပဲ သေချာတောင်မမှတ်မိဘူး....။ သေချာတာကတော့ သူ ကျမကို ကြည့်နေတာကြီးက ကျမကို တစ်ခုခုမနှစ်မြို့တဲ့ပုံမျိုး .... ကျမတို့ကြားမှာ ဘာမှပတ်သက်မှုမရှိခဲ့တဲ့အတွက် သူဘာကြောင့် ကျမကို ဒီလိုကြီးကြည့်တယ်ဆိုတာကို ကျမ ခုနောက်ဆုံး သူ့အကြည့်ကို သေသေချာချာ ပုံဖော်တော့မှ စူးစမ်းချင်လာခဲ့မိတယ်....။ ဒါကလည်း ကျမ စိတ်ကူးသက်သက်ပါ တကယ်တမ်းက ကျမနဲ့သူက နောက်တစ်ကြိမ်ပြန်ဆုံဖို့ဆိုတာတောင် မသေချာတဲ့သူတွေ.....။

သူ့အကြည့်ရိုင်းတွေနဲ့ပတ်သက်ပြီး ကျမရဲ့ စူးစမ်းချင်စိတ်ကို မေ့မေ့လျော့လျော့ရှိခဲ့တာ တစ်နေ့မှာတော့ သူနဲ့ပက်ပင်းတွေ့ဖို့ အလုပ်အပြန်ကို ဘတ်စ်ကားစီးရတာနဲ့ စတာပဲ....။ ကျမအလုပ်မှာ ကျမက Ferry အကြိုအပို့ ရုံးကလုပ်ထားပေးပြီးသား ဒီနေ့မှ ကားစက်ပျက်လို့ ကျမ တက်စီမငှားစီးရဲတာနဲ့ ဘတ်စ်စီးဖို့ ကားမှတ်တိုင်မှာ ရက်စောင့်နေခဲ့တယ်...။ ပြောဖို့မေ့နေတယ် ကျမတို့က မဆုံမယ့်သာ မဆုံဖြစ်ကြတာ သူ့ရုံးနဲ့ ကျမတို့ရုံးက မျက်နှာချင်းဆိုင်မှာပဲ ဟိုဖက်ဒီဖက်ကားလမ်းကူးရုံလေးပဲ...။ ကျမက ဘတ်စ်ကားစီးနေကျမဟုတ်တော့ သူဒီမှတ်တိုင်ကနေ အိမ်ပြန်တယ်ဆိုတာ မသိခဲ့ဘူးလေ...။ ကားစောင့်နေတုန်း ကျမဘေးနား ကျမထက် ခေါင်းတစ်လုံးစာမြင့်တဲ့သူတစ်ယောက်လာရပ်လို့ လှည့်ကြည့်တော့ သူဖြစ်နေတယ်...။ သူ့ကိုပြုံးပြနှုတ်ဆက်ဖို့အားယူနေဆဲ ကျမကို သူက သာမန်ပဲ တစ်ချက်ကြည့်ပြီး ကားအလာဖက်ကို အကြည့်ပို့လိုက်တယ်...။ တိုက်ဆိုင်ချင်တော့ စီးမယ့်ကားနံပါတ်ချင်းလာတူနေတယ်....။ ကားရောက်လာတော့ သူက အရင်တက်သွားခဲ့တယ်...။ ကျမ သူ့နားရပ်ရမှာစိုးလို့ သူ့နောက်က ကပ်မလိုက်သွားဘဲ  နှစ်ယောက်လောက်ခြားပြီးမှတက်သွားလိုက်တယ်....။ ရုံးဆင်းချိန်မို့ ကားထဲမှာ လူတိုးကြိတ်ကျပ်ညှပ်နေတာ...။ ဆင်းဖို့မှတ်တိုင်က လိုသေးတာမို့ အထဲကိုတိုးဝင်သွားလိုက်တယ်....။ သူဘယ်နေရာရောက်သွားလဲဆိုတာကို စပ်စုဖို့နေနေသာသာ ဘယ်နေရာမှာ ရပ်ရင်အဆင်ပြေမလဲ တိုးရင်းရှာရသေးတယ်...။ ကားအလယ်ပိုင်းလောက်ကျမှ ကျမလက်ထဲက ခြင်းတောင်းကို လာဆွဲပြီး "ဒီမှာလာထိုင်" ဆိုပြီး သူက ကျမကို နေရာဖယ်ပေးတယ် သူက ဒီမှာ နေရာရနေတာကိုး....။ ကျမ ထိုင်ခုံနားမှာ သူ့ရုံးလွယ်အိတ်ကို လက်တစ်ဖက်က ကိုင်ပြီး တစ်ဖက်က တန်းကိုကိုင်ထားတယ်...။ ကျမသူ့ကိုမော့ကြည့်ပြီး "ကျေးဇူး" လို့ ခပ်တိုးတိုးပြောလိုက်တယ် ပြီးတော့ သူ့လက်ထဲက အနက်ရောင် သရေလွယ်အိတ်ကို ယူပြီး ပေါင်ပေါ်တင်ထားလိုက်တယ်...။ ကျမ သူ့ဆီက လစ်ခနဲပြုံးလိုက်တာမြင်လိုက်တယ် ခနလေးမှခနကလေး စက္ကန့်ပိုင်းလေး နှုတ်ခမ်းတွန့်ကွေးသွားလောက်တဲ့ မျက်နှာအသားစိုင်တွေရွေ့လျားသွားလောက်တဲ့ အပြုံးမျိုးတောင်မဟုတ်ဘူး သူ့မျက်လုံးတွေဆီက လာတဲ့ အလင်းတန်းလေးတစ်ခု အပြုံးလေးတစ်ခုကို ကျမဖျတ်ခနဲ မြင်လိုက်တာပါ...မျက်စိတစ်မှိတ်လေးပါပဲ....။ ကင်မရာရှိရင် ကျမရိုက်ထားမိမယ်ထင်တယ် သူ့ဆီက မြင်ရခဲတဲ့ ရှားရှားပါးပါးလေး....။ ဒါပေမယ့် ကျမ Memory မှာတော့ အဲဒီပုံရိပ်လေး က ဖျက်ပစ်လို့မရအောင် ထင်ဟပ်သွားခဲ့ပြီဆိုတာ ကျမ အချိန်နောက်ကျမှသိခဲ့ရတာ...။ ကျမ‌ပေါင်ပေါ်က သူ့သားရေလွယ်အိမ်လေးပေါ်မှာ ပင်အပ်စိုက် အင်္ဂလိပ်အက္ခရာတွေနဲ့တစ်လုံးချင်း စီထားတဲ့ နာမည်တစ်ခုကို ကျမဖတ်လိုက်ရတယ်... "ဉာဏ်မင်းခ" တဲ့....။ သူ့ရဲ့ Client တစ်ယောက်အနေနဲ့ ကျမ နာမည်ကို ကောင်းကောင်းသိနေပေမယ့် ကျမကတော့ သူ့ နာမည်ကို အခုမှသိရတာ....။ ငါးမှတ်တိုင်မြောက်မှာပဲ ကျမဆင်းရတော့မှာမို့ မှတ်တိုင်မရောက်ခင် ကျမနေရာကနေမထခင်သူ့ကို အိတ်လှမ်းပေးလိုက်ပြီး ကျမနေရာမှာထိုင်ဖို့ပါသူ့ကိုဖယ်ပေးလိုက်တယ်...။ သူက အိတ်ယူပြီး ကျမထွက်ဖို့ အနောက်ကိုဆုတ်ပေးလိုက်တယ်....။ ကျမနဲ့သူ ဘာစကားတစ်ခွန်းမှ အပိုနှုတ်မဆက်ကြပါဘူး ကျမလည်း အပေါက်ဝနားတိုးသွားလိုက်တယ်....။ အဆင်းပေါက်ရောက်ပြီး ခနလေးပဲ မှတ်တိုင်ရောက်လို့ ကားရပ်တော့ ကျမကားပေါ်ကအဆင်း ယိုင်ကျသွားသလိုဖြစ်လို့ အနောက်ကနေ တစ်ယောက်ယောက်လှမ်းဆွဲတာခံလိုက်ရတယ်...။

"ဂရုစိုက်မှပေါ့" တဲ့.... သူ့ဆီက ထွက်လာတဲ့အသံက ကျမကို ဂရုဏာသက်တာထက် အပြစ်တင်သံပိုပေါက်နေတယ်...။ ကျမကို သေချာဂရုတစိုက်မဆင်းရကောင်းလားဆိုပြီးတော့လေ...။ နေပါဦး သူကလည်း ဒီမှတ်တိုင်ကဆင်းမယ့်သူပဲလား....။ ကျမက သူဆွဲထားလို့ ဟန်ချက်ပျက်မသွားတာကို ကျေးဇူးတင်စကားပြောရမယ့်အစား သူ့ရဲ့ "ဂရုစိုက်မှပေါ့" ဆိုတဲ့ စကားသံကို ပြန်ကြားယောင်ပြီး သူ့ကို မျက်စောင်းထိုးလိုက်မိတယ်...။ ကားပေါ်ကနေ ပလက်ဖောင်းပေါ်သေသေချာချာရောက်မှ သူက ကျမနားရပ်နေသေးတာကို သတိထားမိတယ်...။ ကျမ သူ့ကိုမော့ကြည့်တော့ သူက မျက်မှောင်ကျုံ့ကြီးနဲ့ ကျမကိုကြည့်နေတယ်...။ သူ့ဘာသာသူ ဘာတွေ စိတ်ရှုပ်နေမှန်းမသိ ကျမ သူ့ကို နှုတ်မဆက်ဘဲ လှည့်ထွက်လာလိုက်တယ်...။ အိမ်တန်းမပြန်သေးဘဲ လမ်းထိပ်က ကော်ဖီဆိုင်လေးမှာထိုင်ဖို့ စိတ်ကူးရှိပြီးသားမို့ ကော်ဖီဆိုင် မှန်တံခါးကိုတွန်းဖွင့်ပြီး ဝင်သွားလိုက်တယ်...။

ကျမတစ်ခုခု မှာဖို့မီနူးကြည့်နေတုန်း ကျမအနောက်ကနေ အသံတစ်ခုထွက်လာတယ်...။ 

"Americano အပူနှစ်ခွက်" 

ပြီးတော့ ကျမဘေးနားရောက်လာတာ သူ....။

"ခင်ဗျားအတွက် ကော်ဖီပိုမှာလိုက်ပြီ ကျန်တာ ခင်ဗျားစားချင်တာပဲမှာလိုက်တော့" တဲ့ သူ့လေသံက သူနဲ့ ရင်းနီးပြီးသားလူတစ်ယောက် ကော်ဖီဆိုင်အတူထိုင်နေကျ မိတ်ဆွေတစ်ယောက်ကို ပြောလိုက်သလိုမျိုး...။ ဟာ ဘာကြီးလဲပေါ့....။ ဘေးနားကသူ့ကို နားမလည်စွာနဲ့ ကျမ ထပ်မော့ကြည့်ရပြန်တယ် ဘာလဲပေါ့...။ ဒီနေ့ သူ့ကိုမော့ကြည့်ရတာ သုံးကြိမ်မြောက်....။ သူက ကျမကိုမကြည့်ဘဲ သူစားမယ့်မုန့်တစ်ခုခုကို မီးနူးမှာရွေးနေတာ အေးအေးဆေးဆေးနဲ့...။

ကျမ စပါ့ဂတီနာပိုလီတစ်ပွဲမှာပြီး မှန်ပြူတင်းနားက စကားပွဲဝိုင်းမှာ နေရာယူလိုက်တယ်....။ ဒီဆိုင်က စားပြီးမှ ဘေလ်ရှင်းရမှာမို့ ကျမက ရှင်းခါနီးကျ American system နဲ့ရှင်းဖို့ စိတ်ကူးထားပြီးသား...။ ခနနေတော့ သူရောက်လာတယ်....။

"အပြင်မှာမထိုင်ဘူးလား.... တစ်နေကုန် လေအေးပေးစက်ခန်းထဲနေနေရတာ အပြင်လေလေးဘာလေးမရှူချင်ဘူးလား"

"မထိုင်ချင်ပါဘူး အပြင်မှာက ကားဆီငွေ့တွေ ဖုန်တွေနဲ့...."

သူက ကျမပြောတာကို ခေါင်းညိတ်ပြီး သူ့အိတ်ထဲက တစ်ခုခုကို ရှာနေတယ်...။ နောက်တော့ စီးကရက်ဗူးနဲ့ မီးခြစ်လေးထုတ်လိုက်တာတွေ့တယ်...။

"ခနလေးနော် ကျနော် အပြင်မှာ ဒါလေး သွားဖွာလိုက်ဦးမယ်..." ကျမ သူ့ကို သွားသွားဆိုပြီးမေးဆတ်ပြလိုက်တယ်...။ သူက ကျမပုံစံကို သဘောကျသွားလို့လား ဘာလားမသိ ကျမကိုရယ်ပြသွားတယ်...။ ကျမသူ့ ရဲ့ အပြုံးကို ပထမဆုံးအကြိမ် ပီပီပြင်ပြင်မြင်ဖူးလိုက်ခြင်းပေါ့....။ အပြင်မှာ စီးကရက်ဖွာနေတဲ့ သူ့ကို ကျမငေးကြည့်မိတယ်...။ စိမ်းမြနေအောင်ရိတ်ထားတဲ့ သူ့ပါးမြိုင်းမွှေးတွေက သူ့မေးရိုးမှာ ယောကျားပိုပီသစေတယ်...။ သူ့မျက်ခုံးထူထူနဲ့ သူ့အကြည့်ရိုင်းတွေက အတွဲညီညီ....။ စီးကရက်ကြောင့်လား အညိုဖက်သန်းနေတဲ့ သူ့နှုတ်ခမ်းထူထူတစ်စုံက သူပြုံးလိုက်တဲ့အခါ ဘေးဖက်ကို ပါးလျားကျယ်ဝန်းသွားတာလေးကြည့်ကောင်းတယ်...။ ရုံးဝတ်စုံ ရှပ်လက်ရှည်အဖြူရောင်ကို လည်ပင်းနားထိစေ့အောင်ကြယ်သီးတပ်ထားတာ ပုဆိုးကို ညီညီညာညာသေသေသပ်သပ်ဝတ်ဆင်ထားတာလေး သဘောကျမိတယ်...။ ပုံမှန်ကျမတို့ဆုံဖြစ်ရင် သူကထိုင်လျက်မို့ သူ့ကိုယ်တစ်ပိုင်းကိုပဲ ကျမကမြင်ဖူးခဲ့တာလေ...။

သူစီးကရက်တစ်လိပ်ကုန်သွားတော့ အထဲပြန်ဝင်လာတယ်...။ စားပွဲမှာ သူမှာပေးတဲ့ ကော်ဖီနှစ်ခွက်က ရောက်နှင့်နေပြီ....။ 

"ဆောရီး ကျနော် ခံတွင်းချဉ်လို့ စီးကရက်ထွက်ဖွာလိုက်တာ..."

"ကျမဘာသာ ကျမ ဒီဆိုင်လာထိုင်တာလေ ရှင်က ဘာကိစ္စလိုက်လာရတာလဲ"

"ကျနော်လည်း အိမ်ပြန်တာလေ ပြီးတော့ ဒီဆိုင်ကလည်း ကျနော်ထိုင်နေကျဆိုင်"

ကျမ မျက်ခုံးပင့် ပခုံးတွန့်မိတော့ သူတစ်ချက်အသံထွက်အောင် ရယ်လိုက်သေးတယ်...။

"ကျမ အမေရိကန်နိုသောက်တာရော ဘယ်လိုသိ..." 

"ဒါလည်း ခင်ဗျား ဒီဆိုင်လာရင်မှာနေကျ ကျနော်ခနခနတွေ့နေလို့ပဲ...ခင်ဗျားက ကျနော့်ဘယ်မြင်မလဲ စာအုပ်ပဲငုံ့ဖတ်နေတာ... ကျနော်နဲ့ခင်ဗျားတစ်ရပ်ကွက်ထဲနေတာ မသိဘူးမဟုတ်လား ခင်ဗျားက ကားအကြိုပို့နဲ့ဆိုတော့ ကျနော်နဲ့ခုမှဘတ်စ်ကားစီးကြုံတာကိုး... "

"အော်..." ကျမဇာတ်ရည်လည်သွားတဲ့ချိန်မှာပဲ ကျမမှာထားတဲ့ အီတလီခေါက်ဆွဲရောက်လာတယ်...။ သူကအသားညှပ်ပေါင်မုန့်မှာထားတယ်...။ ကျမမှာတဲ့ နာပိုလီကို သူကကျမထည့်စားနေကျ အစာပလာတွေကိုထည့်ပြီးမွှေပေးနေသေးတယ်....တားချိန်တောင်မရလိုက်...။

"ရပါတယ် ရှင်ကလည်း ကျမကို ကလေးကျနေတာပဲ ကိုယ့်ဘာသာ ကိုယ်မွှေလိုက်မယ် ပေးပေး..."

"ခင်ဗျားက ကလေးလေးပဲလေ စောစောက ကားပေါ်ကပြုတ်ကျတော့မလို့ ကျနော်လှမ်းဖမ်းထားတာ..."

သူ့စကားကိုသဘောကျလို့ ဒီတစ်ခါ ကျမရယ်လိုက်မိတယ်...။ 

"ရှင်တို့လို့ ဝန်ဆောင်မှုလုပ်ငန်းလုပ်နေတဲ့သူတစ်ယောက်ရဲ့မျက်နှာမှာ အပြုံးကအမြဲတွဲနေရမှာမဟုတ်လား ကျမကတော့ ရှင်ပြုံးတာ ခုမှမြင်ဖူးတာ...သိပ်ထူးဆန်းတာပဲ..."

"ဘာလည်း ကျနော်က ခင်ဗျားတွေ့တိုင်း တခါမှမပြုံးပြလို့လား ခင်ဗျားကိုမို့လို့ သက်သက်မပြုံးပြတာ အမြင်ကပ်လို့လေ..."

"ဟာ...ဘလိုင်းကြီးပါလား..."

"ဟဟ... နောက်တာ တကယ်လည်းအမြင်ကပ်တယ် ခင်ဗျားအကြည့်တွေကို ဒါနဲ့ခင်ဗျားကို တစ်ခုလောက် တောင်းဆိုလို့ရမလား..."

"ဟင် ဘာလို့လဲ ဘာကိုအမြင်ကပ်ပြီး ဘာကိုတောင်းဆိုမလို့လဲ..."

ကျမတို့ရဲ့ ပထမဆုံးအတူထိုင်ဖြစ်တဲ့ ညနေစာကော်ဖီစားပွဲလေးမှာ ကျမတို့နှစ်ယောက်ရဲ့ အခုပုံစံက တော်တော်ရင်းနှီးနေတဲ့ မိတ်ဆွေတွေပုံပေါက်မနေဘူးလား......။

သူက တံတောင်နှစ်ဖက်ကို စားပွဲပေါ်ကျကျနနထောက် သူ့လက်ဖမိုးနှစ်ဖက်ပေါ် မေးတင် ကျမကို သေသေချာချာစိုက်ကြည့်ပြီး....

"ခုနလို အပြုံးမျိုး .... ပြီးတော့ ကျနော့်ကို အမြဲကြည့်တတ်တဲ့ အကြည့်မျိုး ဟုတ်တယ် ဟုတ်တယ် အခုလိုအကြည့်မျိုးပဲ...." သူက စကားတောင်မဆုံးသေးဘဲ သူ့ကိုပြန်ကြည့်တဲ့ကျမအကြည့်ကို ချက်ချင်း အတည်ပြုပြီးပြောနေတယ်...။ ကျမက နားမလည်စွာနဲ့ သူ့ကိုဆက်ပြောလေဆိုပြီး အကြည့်နဲ့ဆက်ပြောဖို့ ကြည့်လိုက်တယ်...။

"တခြား ဘယ်ယောကျာ်းကိုမှ အဲလိုမျိုးမကြည့်နဲ့ မပြုံးပြနဲ့လို့ ပြောတာ အဲဒါပြောချင်တာ"

"အင်း...အဲဒီတော့ဘာဖြစ်လဲ ဘာလို့ ကျမက ရှင်ပြောတဲ့အတိုင်းလိုက်လုပ်ရမလဲ..."

"ဘာဗျာ..... ခင်ဗျားကို ကျနော် သဘောကျလို့ပေါ့ တခြားသူတွေကို အဲလိုမကြည့်စေချင်လို့ပေါ့ ကျနော်မကြိုက်ဘူးဗျာ အဲဒါပဲ..."

"ဟင်....."

ဒါ... သူ ကျမကို ရည်းစားစကားပြောလိုက်တာပဲလို့ သဘောပေါက်ချိန်မှာ ကျမ လက်ထဲက ခရင်းကိုပန်းကန်ထဲပြန်ချပြီး ရယ်လိုက်မိတယ်...။

"ဘာရယ်တာလဲ.... ခင်ဗျားက ကျနော့်ကိုလှောင်တာလား..."

"မဟုတ်ပါဘူး... ကျမကိုယ်ကျမ ရယ်တာပါ... ရည်စားစကားပြောခံလိုက်ရတာကို ခုမှသိလိုက်ရလို့"

ကျမစကားကြောင့် သူက ရှက်ကိုးရှက်ကန်းနဲ့ ထိုင်ခုံနောက်ကျောကို မှီချလိုက်ပြီး ကုတ်ပိုးကိုပွတ်လိုက်တယ်...။ သူရှက်ရင်လုပ်နေကျ အပြုမူလို့ ကျမမှတ်ချက်ချလိုက်တယ်...။

နောက်တော့မှသေချာသိလိုက်ရတာ သူက ကျမသူ့ဆီစာရွတ်စာတမ်းတွေသွားထုတ်တိုင်း သူ့အလိုမကျအကြည့်တွေက ကျမကိုသူက အူတိုလို့ဖြစ်တာလို့ သူပြောပြမှ... တခြား သူ့ဘေးနားက ဝန်ထမ်းတွေကိုပါ ကျမက အဲလိုကြည့်မှာ ကြည့်လိုက်မှာ သူကစိုးရိမ်စိတ်နဲ့တဲ့...။ ကျမသူ့ကို ဒီကော်ဖီဆိုင်လေးမှာပဲ တစ်လတိတိပြည့်တဲ့နေ့မှာ အဖြေပေးလိုက်တာ...အဲချိန်မှ ကျမတို့ တရားဝင်ချစ်သူရည်းစားဖြစ်သွားကြတာ...။ တကယ်တမ်းကျတော့ ကျမတို့နှစ်ယောက်က အကြိုက်တူတာဆိုလို့ ကော်ဖီဆိုင်ထိုင်တာနဲ့သီချင်းနားထောင်တာပဲရှိတာ ကျန်တာ တော်တော်များများကျမတို့ ညှိယူရမှာ....။ သူက စီးကရက်ကြိုက်တယ်ကျမက အနံ့တောင်မခံနိုင်တဲ့သူ....။ ကျမနဲ့လာတွေ့ရင် ကျမနဲ့စကားပြောရင် စီးကရက်မသောက်ရဘူးလို့ အဲလိုတော့ သူလိုက်နာပါတယ်...။ ကျမနဲ့အတူလမ်းသွားရင် တခြားဘယ်ယောကျားကိုမှ ကြည့်တာ မျက်လုံးချင်းဆိုင်တာတောင်သူက မကြိုက်ဘူး အဲတော့ ကျမက သူနဲ့အပြင်သွားရင် စိတ်ကျဉ်းကြပ်ရတယ်...။ တခါတလေကျမတောင်မသိလိုက်ဘဲ စိတ်ထဲပါတာမဟုတ်ဘဲ ကြည့်မိသွားရင် သူက ပြဿနာရှာတတ်တာ ...အဲခါမျိုးဆို ရန်ဖြစ်စကားမပြောဖြစ်ကြတော့ နှစ်ရက်သုံးရက်လောက်က...။ ပြီးတော့ သူပဲ ကျမကို စပြီး ပြန်ချော့ရတာပါပဲ...။

ကျမနဲ့သူ ချစ်သူဖြစ်ပြီးနောက်ပိုင်း ကျမက ရုံးကဖယ်ရီမစီးဖြစ်တော့ဘဲ သူနဲ့အတူကားလိုက်တိုးစီးဖြစ်တယ်....။

"လဝန်းရေ....ကိုယ်တို့ ဒီညနေ ရုပ်ရှင်သွားကြည့်ရအောင်" လို့သူမက်ဆေ့ချ်ပို့လာတော့ ကျမအံ့ဩမိ...။ ကျမနဲ့သူ ချစ်သူသက်တမ်း ၃လမှာ ဒါပထမဆုံးအကြိမ် ရုပ်ရှင်အတူကြည့်ဖူးခြင်းပဲ...။ သမ္မတရုံမှာကျမတို့ "Last Christmas" ကြည့်ကြတယ်....။ ရုပ်ရှင်ကားပြီးတဲ့အထိ ကျမငိုနေရလို့ သူက ဘေးနားကနေ ကျမကို စက္ကူလက်ကိုင်ပဝါတစ်ရွက်ပြီးတစ်ရွက်ထုတ်ပေးရတယ်...။ 

"ကြည့်ဦး ငိုထားလိုက်တာ မျက်ခွံတွေကို မို့ဖောင်းလို့ လဝန်းရယ် ကလေးကျနေတာပဲ ဒီလိုပုံနဲ့ အိမ်ပြန်ရမှာ"

"ဘာဖြစ်လဲ ကိုကိုက ရှက်လို့လား ..."

အိမ်အပြန်သူက ကျမကို ကားပေါ်မှာ ပွေ့ဖက်ထားပြီး ကျမ မျက်ခွံဖောင်းအစ်အစ်တွေကို သူ့နှုတ်ခမ်းထူထူနဲ့နမ်းပြီး ကျပ်ပူလုပ်ပေးတာတဲ့....လူလည်ကြီး...။


__________________________________________


အကြည့်ရိုင်းတစ်ခုနဲ့ ကျမတို့ စတွေ့ကြတယ်.... အကြည့်ရိုင်းနဲ့ပဲ ကျမတို့ဆုံဆည်းကြတယ်...အချိန်တစ်ခုရောက်တော့လည်း အဲဒီအကြည့်ရိုင်းတစ်ခုကြောင့်နဲ့ပဲ ကျမတို့ခွဲခွာသွားကြရတယ်...။ တဒင်္ဂအကြည့်ရိုင်းတစ်ခုက ကျမတို့နှစ်ယောက်ဆီကို အချိန်ကာလတစ်ခုအနေနဲ့ တစ်သက်တာအမှတ်တရတွေ ချစ်ခြင်းတွေ မွတ်သိပ်မှုတွေ ကတောက်ကဆတွေ မပြေလည်မှုတွေ...စတဲ့ ရသစုံစုံလင်လင်နဲ့ ဝင်ရောက်လည်ပတ်သွားခဲ့တယ်....။ အဆုံးသတ်မှာတော့ အကြည့်ရိုင်းကြောင့် ကျမတို့ကွဲကွာသွားကြရတယ်...။ သေချာတာကတော့ အကြည့်ရိုင်းကို အသက်ရှင်သရွေ့ ကျမတို့နှစ်ယောက်စလုံး ဘယ်အချိန်ရောက်ရောက် နှလုံးအိမ်ထဲစွဲမြဲ အမှတ်ရနေကြဦးမှာပဲ......။


မှတ်ချက်။    ။ ရေးထားတာကြာပြီး မတင်ဖြစ်တဲ့ စာတစ်ပုဒ် နိုင်ငံခြား ဝတ္ထုတိုလေးတစ်ပုဒ်ကို သဘောကျလို့ Inspiration ယူပြီး ဆီလျော်သလိုပြန်ရေးထားတာပါ...။



__________________
Revolution will prevail
မိုးငွေ့