Thursday, 18 January 2024

လမ်းဆုံးမရောက်ခင်......

 



ကျမ ဖြစ်ချင်တာ မသေခင်လုပ်ဖို့ အလုပ်တွေထဲ အမှတ်တရ စာအုပ်တစ်အုပ်ထုတ်ဖို့ဆိုတာပါတယ်...။ တခြားဘာတွေ လုပ်ချင်သေးလဲတွေးကြည့်တဲ့အခါ စာအုပ်ထုတ်ဖို့က ပထမဆုံးပေါ်လာတယ်...။ တခါတခါ လုပ်ချင်တာတွေလုပ်ရပြီး ပြီးတော့ သေရမှာပဲလို့တွေးမိရင် ဘာမှလုပ်ချင်စိတ်မရှိတော့ပြန်ဘူး...။ ကျမတို့ရဲ့ လမ်းဆုံးက သေခြင်းတရားပဲ..လို့ တွေးမိရင် လုပ်ရမှာတွေက အဓိပ္ပါယ်မရှိတော့သလိုလို ခံစားရတယ်...။ တခါတခါကျပြန်တော့ မသေခင်တော့ လုပ်ဦးမယ်လို့ စိတ်အားထက်သန်တဲ့အခါလည်းရှိ...။ ဘာမှန်းကိုမသိတော့ပါဘူး...အရှေ့အနောက် မလိုအပ်ဘဲအတွေးတွေများတဲ့အခါ စိတ်ပင်ပန်းရတယ်....။ ဒါကြောင့် ပစ္စုပ္ပန်တည့်တည့်ကိုကြည့် လုပ်စရာတွေကိုလုပ်ရတယ်...။ နောက်နေ့ဘာဖြစ်မလဲ ဘာလုပ်မလဲ ကြိုတွေးတဲအခါတွေး မတွေးတဲ့အခါမတွေးနဲ့ အချိန်တွေ တဖြည်းဖြည်းကုန်လာခဲ့တယ်...။ 

လုပ်စရာရှိတာတွေ အရင်လို စနစ်တကျ စည်းကမ်းရှိရှိ မလုပ်ဖြစ်တော့ဘူး စာအုပ်တွေက ကျမရှိတဲ့နေရာတိုင်းမှာ ဟိုတစ်ပုံဒီတစ်ပုံ  အိပ်ရာဘေးနား အလုပ်စားပွဲ ဆိုင်ကစာအုပ်စင် လွယ်အိတ်ထဲ ...။ ဒါပေမယ့် အနည်းဆုံးတော့ အနားမှာရှိလို့ ကောက်ဖတ်ဖြစ်တာပဲလေလို့ ဖြေသိမ့်မိတယ်...။  "မသေခင် ဘာမဆို သဘောရှိတာဖြစ်အောင်လုပ် ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ ကန့်သတ်တားစီးမှုကိုမှ ဂရုမစိုက်နဲ့ အစောထဲကလည်း မင်းက ဂရုစိုက်တဲ့ သူတစ်ယောက်တော့မဟုတ်ပါဘူး..."  အဲလို ကျမကို လူတစ်ယောက်ပြောခဲ့ဖူးတယ်...။ ဟုတ်တယ် ကျမသာ စည်းကမ်းရှိတဲ့ မိသားစုကနေ ကြီးပြင်းမလာခဲ့ဘူးဆိုရင် ခုချိန်မှာ ဘယ်လိုဖြစ်နေမလဲလို့ တွေးကြည့်ဖူးတယ်...။ ကျမရဲ့ ပင်ကိုယ်စိတ်က ပတ်ဝန်းကျင်ကို နည်းနည်းကလေးမှ ဂရုမစိုက်တတ်တဲ့အပြင် လမ်းသရဲလည်းဆန်သေးတယ်...။ ကျမဖြစ်ချင်တိုင်းဖြစ်နေမှာ တက်တူးတွေ နေရာအနှံ့ ဗြောက်တောက်ထိုး ဆံပင်ပုံလည်း ရှိုတ်ထိုးချင်ထိုးထားမှာ နှာခေါင်းတွေဘာတွေလဲ ကွင်းတွေတပ် Cargo Pant ဝတ်ပြီး သောင်းကျန်းနေမလားပဲ...။ အခုတော့ ကျမဟာ ကာလဒေသနေရာဌာနအရ ဝတ်စားဆင်ရင် စတိုင်လ်တစ်ခွဲသားနဲ့ နေနေတာပေမယ့် တကယ်တမ်း ကျမက ဖရီးဒမ်းသမားစစ်စစ်ကြီး....။ ဒီကြားထဲ ထထဖောက်ရင် ဌာနဆိုင်ရာရုံးသွားလည်း 925 ဆွဲကြိုးကြီးကြီးတွေနဲ့ ပြောက်ကျားတီရှပ်ဝတ်ချင်ဝတ်သွားတတ်သေးတာ...။ အဲတုန်းက ဂိတ်စောင့်တဲ့ ခေါင်းဖြူရဲအိုကြီးတွေက ကျမကို ဟိုဖက်ပေါက်ကနေဝင်ပါ ဒီဖက်ပေါက်ကဝင်ပါနဲ့ တစ်ဂိတ်နဲ့ တစ်ဂိတ် ဘော်လီဘောတွေပုတ်ပြီး အထဲပေးမဝင်လို့ နောက်ဆုံး ကိုယ်တွေ့ရမယ့် ဌာနမှူးဆီ ဖုန်းဆက်ရတဲ့အဆင့်ရောက်တယ်....။ ဆရာက "ညည်းကလဲ ဘယ်နှယ့်ပုံစံတွေပြောင်းပြီး ဂေါ်နေတာတုန်းတဲ့" ကျမကိုတွေ့တော့ စီးပြောတာပဲ အခါတိုင်း သူနဲ့ဝင်တွေ့ရင် ဗမာဝတ်စုံနဲ့မြင်နေကျဆိုတော့ အံမယ် ကျမဂေါ်တာကို သဘောကျနေတာ... တကယ်က...။

ဘဝမှာ ဖြစ်ချင်တာတွေက အရင်ကအိပ်မက်တွေဆို ကော်ဖီဆိုင်ကို စာအုပ်ဆိုင်နဲ့တွဲဖွင့်ချင်တာတွေလည်းပါတယ်...။ ကိုယ်က စိတ်ကူးယဉ်သမား သူများတွေက လက်တွေ့ထလုပ်ကြလို့ ခုဆို ကော်ဖီဆိုင်တွေက မှိုလိုပေါက်....။ ငါဆိုင်ဖွင့်ပြီး ဘယ်လောက်မှမကြာဘူး ငါအိုတော့မှာ သေတော့မှာပဲဆိုတဲ့ အတွေးတွေက ဝင်ဖျက်စီး အဲလို ချာလပတ်လည်တာလည်း ပါတယ် ပြီးတော့ ခေတ်အရ ဈေးကွက်အရ ရင်းနှီးမြှုပ်နှံမှုတွေက ပိုပိုကြီးလာ... လိုက်လေ ဝေးလေ ဖြစ်.....။ ဒါပေမယ့် ကျမက အသက်ကြီးလာရင် ကိုယ့်အိမ်ကိုယ့်ခြံဝင်းနဲ့ တနိုင်တပိုင် မုန့်လေးတွေလုပ်ရောင်းဖို့တော့ စိတ်ကူးထားပြီးသား...။ မုန့်ဆိုင်လေးမှာ စာဖတ်ဝါသနာပါတဲ့ ကလေးတွေ စာလာဖတ်ဖို့ စာအုပ်စင် စားပွဲ ကုလားထိုင်လုပ်ထားပေးမယ်ပေါ့...။ စိတ်ကူးဆိုတာ ပိုက်ဆံပေးဝယ်စရာမှမလိုဘဲ....နော့.... :)


______________________
Revolution will prevail
မိုးငွေ့

No comments: