ဒီနှစ် မိုးသည်းတွေ အစောကြီးရောက်လာလို့ ဝမ်းသာရတယ်.....။
ဘာလို့လဲ.....သိလား
ကျွန်မ လပေါင်းများစွာ မျှော်လင့်နေခဲ့ရတဲ့ သူ့အသံကို ကြားရတော့မှာမို့လေ......။
မိုး တစ်ဖြောက်နှစ်ဖြောက် စရွာပြီဆိုတာနဲ့ မှန်ပြူတင်းနား ကော်ဖီပူပူတစ်ခွက်နဲ့ စာအုပ်တစ်အုပ်နဲ့ သူ့ကဗျာရွတ်သံကို ကြားရဖို့ ကျွန်မအမြဲအဆင်သင့်ဖြစ်နေတတ်တယ်....။
ဒီအကြောင်းအရာတွေကို ရှင်ရော သိရဲ့လား မိုးထဲက အသံရှင်ရေ.......။
မိုးစက်တွေကြားထဲ ပေါ်လာတတ်တဲ့ သူ့အသံတွေက သာမန်စကားပြောသံမျိုးမဟုတ်ဘဲ ကဗျာစာသားတချို့ကို ရွတ်နေတာမျိုး...။ မိုးသံတွေထဲက ကြားရတဲ့ သူ့ကဗျာလေးတွေကို လိုက်ရေးမှတ်ရတာလည်း စာအုပ်တစ်အုပ်နီးပါးရှိပြီ....။
"အခုပဲ မိုးတွေရွာစေချင်တယ်.... စံပယ်တွေသည်းနေအောင် ပွင့်စေချင်တယ်
ရင်ဘတ်ထဲက တစ်ယောက်ယောက်ကို သတိရကြောင်းတွေ ဝန်ခံဖို့
အဲဒီမြို့ကလေးဆီ ပြန်ပြေးသွားချင်တယ်...."
မိုးတွေရွာစေချင်တာဆိုတော့ အခုသူရှိတဲ့ နေရာမှာ မိုးမရွာလို့လား .... ကျွန်မအသံထွက် မေးလိုက်တဲ့ မေးခွန်းကို သူကြားလိုက်သလိုနဲ့...."ဟင့်အင်း ....မိုးကစရွာနေပါပြီ သည်းသည်းထန်ထန်မရွာသေးလို့ စောင့်နေတာ" တဲ့...။ မိုးထဲက သူပြန်ဖြေတဲ့ အသံကိုကြားလိုက်ရတယ်....။
"ကိုယ်ချစ်တဲ့ သူတွေအနားမှာ နေချင်စိတ်ရှိလည်း မနေဖို့ကြိုးစားမယ် ကိုယ့်ကိုချစ်တဲ့သူတွေ အနားမှာပဲနေမယ်...."
ကြားရဖန်များတဲ့အခါ မိုးစက်မိုးပေါက်ကြားကနေ သူ့အသံတွေဟာ ကျွန်မအတွက် အထူးအဆန်းမဟုတ်တော့ဘဲ မိုးရွာရင် ကော်ဖီတစ်ခွက်နဲ့ ရေဒီယို ဇာတ်လမ်းတစ်ပုဒ် နားထောင်နေရသလိုမျိုးပါပဲ....။
"စကားမစပ် ကိုယ်ချစ်တာ ဘာမျှော်လင့်ချက်မှမပါဘူး မင်းပျော်ဖို့ အဓိကပါကွယ်ဆိုတာ ကိုယ်ညာတာ သိလား...."
"နှင်းတွေလဲကျတယ် မိုးတွေလဲ သိပ်ရွာတာပဲကွယ် ပြောချင်တာက အရာရာဟာ ပုံမှန်မဟုတ်ဘူး အချစ်ရဲ့ နေဝင်တာ စောတယ် ညဖက်တွေ ကြယ်မစုံဘူး မရေကြည့်လည်း ကိုယ်သိတယ်...."
ဒါဆို အခု သူ့ဆီမှာက ညဖက်လား ကျွန်မဆီမှာတော့ မနက် ဆယ်နာရီခွဲပြီ....။ ပြီးတော့ တနင်္ဂနွေနေ့....လို့ ကျွန်မစိတ်ထဲကနေ သူ့ကိုပြန်ပြောမိတယ်....။ "မိုးတိမ်တစ်ခုထဲအောက်မှာ ကိုယ်တို့အတူရှိနေပါတယ်..." တဲ့ ကျွန်မကို သူပြန်ဖြေသလိုထင်ရပေမယ့် တကယ်တော့ သူ့ဘာသာသူရွတ်နေတဲ့ စကားလုံးတွေသက်သက်.... နောက်တော့ သူ့ဆီက ဘာမှထပ်မကြားရတော့ဘူး....။
ကျွန်မဆီမှာ မိုးကျသံထဲကနေ လူတစ်ယောက်ရဲ့ အသံ (သူ့အသံ)ကို ကြားနိုင်စွမ်းတဲ့ သတ္တိရှိတယ်ဆိုတာ ဘယ်သူ့ကိုမှ မပြောပြရဲခဲ့ဘူး....။ ကျွန်မကို ရူးနေတယ်လို့ပဲ ထင်ကြမှာလေ....။ ကျွန်မက မိုးသံထဲကနေ သူရွတ်ပြခဲ့တဲ့ ကဗျာတွေ စာသားတွေကို စာအုပ်ထဲချရေးခဲ့တယ်....။ "Voice In The Rain" ဆိုတဲ့ အယ်လ်ဘမ်ထဲမှာ သူ့ဆီက ခွင့်ပြုချက်မရဘဲ ကျွန်မ Page မှာ မနှစ်က မိုးရာသီကစပြီး Update တင်ဖြစ်ခဲ့တယ်....။ တချို့က ကျွန်မကို စာအုပ်ထုတ်ပါလားလို့ ကောမန့်မှာလာပြောကြတယ်....။ သူ့ရဲ့ ကိုယ်ပိုင်စကားလုံးတွေကို ဘယ်မှာရှိနေမှန်းမသိတဲ့ သူ့ခွင့်ပြုချက်မရဘဲ ကျွန်မ ပေ့ချ်မှာ Credit နဲ့ တင်တာပဲအတော်အားနာလှပြီ....။ ဒါပေမယ့် သိပ်လှတဲ့ စကားလုံးတွေ နင့်နင့်နဲနဲဖွင့်ဆိုထားတဲ့ စာသားတချို့တွေကို အမှတ်ရသိမ်းထားချင်ခဲ့လို့....။ တနေ့နေ့ ကျွန်မ ပေ့ချ်ကိုရှာတွေ့ခဲ့ရင် ကျွန်မ ရှင့်ဆီက တရားဝင်ခွင့်ပြုချက် ယူချင်ပါတယ် မိုးသံလေးရယ်....။
"ကျွန်တော်ဟာ ...တိမ်တွေလို..."
အဲစကားစုကို ပြောပြီး သူ့ဆီက အသံခေတ္တခဏ တိတ်သွားခဲ့တယ်....။ ပြီးမှ......
" တစ်ပတ်လုံးလုံးစွေနေတဲ့ မိုးတွေတိတ်သွားတော့လည်း ကျွန်တော်ဟာ ဝမ်းနည်းမြဲပါပဲ အခုတော့ မိုးက သူမဟုတ်သလို ထူးထူးဆန်းဆန်းပါပဲ မိုးရာသီမှာ ဘယ်မြင်ကွင်းမှ စိမ်းလမ်းမနေခဲ့ဘူး....."
ဒီလိုဆို ကျွန်မမြင်ဖူးနေကျ ကျွန်မသိပ်နှစ်သက်တယ်လို့ ပြောပြောဖူးခဲ့တဲ့ မိုးရာသီမှာ ဖြစ်နေကျအရောင် မီးခိုးရောင် မှုန်မှုန်မှိုင်းမှိုင်းလေး ဖြစ်နေတာပေါ့....။ အခုလည်း အပြင်ပတ်ဝန်းကျင်တစ်ခုလုံးမှာ အဲအရောင်ပဲ....။
"ခင်ဗျားက မိုးပြေးဆန်တယ်မဟုတ်လား ဘယ်တတ်နိုင်မလဲ ချစ်ခြင်း မေတ္တာအတွက် ကျွန်တော်ဟာ တိမ်ဆန်ပြခဲ့ရပါတယ်....."
"ကျွန်တော်ဟာ တိမ်တွေလို . .
.
.
. .
တိမ်တွေလိုပါပဲ....."
" စိတ်ရော ကိုယ်ရောဖျားနေတယ်... အနားနားမှာ တစ်ယောက်ယောက်ကို လိုအပ်နေတယ်.. တစ်ယောက်ယောက်ကလည်း တစ်ယောက်တည်းဖြစ်နေတယ်....."
တခါတလေ သူရွတ်ပြတတ်တဲ့.... မဟုတ်ဘူး... ပေါက်ကွဲတယ်လို့ ပြောရမယ် ဟုတ်တယ် ...။ တချို့ သူပေါက်ကွဲချလိုက်တဲ့ စကားလုံးတွေဆိုရင် Censor တွေပါတတ်သေးတယ်....။
"ဘာမျှော်လင့်ချက်မှမပါဘဲ ခဏခဏနိုးထလာရတဲ့ မနက်တွေ.... စောက်ရမ်း အဓိပ္ပါယ်မဲ့ပါတယ်.. တစ်ယောက်တည်းဆိုတဲ့ အသိကို ဘယ်ပျော်ရွှင့်မှုမျိုးနဲ့မှ ချေဖျက်လို့မရခဲ့ဖူးဘူး ခင်ဗျားနဲ့ ပတ်သက်ရင် ကျွန်တော်က အကုသိုလ်ကြီးလွန်းပါတယ်.." တဲ့.... အို!!!!!
" သတိရခြင်းက ရင်နဲ့ မဆံ့တဲ့အခါ ဒဏ်ရာတွေက ခံနိုင်ရည်နဲ့ မမျှစွာ တစ်ဆစ်ဆစ်ကိုက်တဲ့အခါ စိတ်လွတ်ကိုယ်လွတ်ခရီးတွေ ထွက်ဖြစ်သေးတယ် ခရီးသွားခြင်းက အချစ်ဆုံးကို ပိုလွမ်းဆွတ်စေကြောင်း နောက်လူတွေကို မှာရဦးမယ်...."
"အခန်းတံခါးခေါက်သံကို တုံ့ပြန်ရမှာ စိတ်မပါဘူး ဖုန်းမြည်သံ မက်ဆေ့ချ်ဝင်လာသံက အစ ခင်ဗျားလက်ဆီက မြစ်ဖျားခံတာမဟုတ်ရင် မတုံ့ပြန်ချင်ဘူး...."
ဒီနှစ်မိုးရာသီမှာ သူရဲ့အသည်းကွဲရောဂါက ပိုသည်းလာသလိုပဲ....။ သူရွတ်ဆို သုံးနှုန်းတဲ့ စကားလုံးတွေကနေ နားထောင်ရတာ နာကျင်ရတယ်...။ သူ့ကိုမမြင်ဖူးပေမယ့် တခါတခါ သူ့အသံဆီကနေ ကြေကွဲဝမ်းနည်းခြင်းတွေကို ကူးစက်ခံစားမိတယ်....။
" သီချင်းအသစ်တွေထွက်တယ် စစ်ပွဲတွေအကြောင်းကြားတယ် လမ်းထိပ်က ရှမ်းခေါက်ဆွဲဆိုင်လေး ပိတ်သွားတယ် ပြီးတော့.... ခင်ဗျားအသစ်တစ်ယောက်တွဲနေပြီဆိုတာကြားတယ် တစ်ဆက်တည်း ဒါဟာ လွတ်မြှောက်ခြင်းမဟုတ်ဘူးဆိုတာ ထပ်နားလည်ရတယ်...."
ရှမ်းခေါက်ဆွဲဆိုင်ရှိတာဆိုတော့ သူလည်းမြန်မာပြည်မှာနေနေတာပေါ့....။ ကျွန်မတို့ တစ်မြို့ထဲမှာ အတူရှိနေတာလား တစ်နိုင်ငံထဲမှာအတူရှိနေတာလား...။ တစ်မြို့ထဲလို့ ကိုယ်လိုရာကိုယ်ဆွဲတွေးမိသွားတယ်... ရှမ်းခေါက်ဆွဲဆိုင်ဆိုတာ မြို့တိုင်းမှာ နေရာတိုင်းမှာရှိနေတတ်တာမျိုးမဟုတ်လား....။ မိုးသံလေးရေ.... ကျွန်မတော့ ရှင့်အသံကို နားထောင်ရင်း ခန့်မှန်းရလွန်းလို့ မောလှပြီ....။ ဒီလိုအစွမ်းမျိုးလဲ မလိုချင်တော့ဘူး....။ တခါတလေ သူ့အသဲကွဲသံတွေကို နားမထောင်ချင်တော့လို့ မိုးရွာမှာကြောက်တဲ့နေ့တွေရှိနေတတ်ပြီ....။
"ဘဝကို ကျွန်တော်ဘယ်လို ဆိတ်ဆိတ်ငြိမ်ငြိမ် ကျော်ဖြတ်နေရလဲ... ခင်ဗျား စိတ်ဝင်စားမှာမဟုတ်ဘူး..." ... တဲ့... ဟမ်!!!
တိုက်တိုက်ဆိုင်ဆိုင် ကျွန်မစားနေကျ လမ်းထိပ်က ရှမ်းခေါက်ဆွဲဆိုင်လဲ ပိတ်ပြီး တခြားပြောင်းသွားတယ် ဆိုတဲ့အကြောင်း ဆိုင်ရှေ့မှာ လိပ်စာအသစ်ကပ်ထားတာကို နောက်နေ့မှာတွေ့လိုက်ရတယ်....။
ဒီနေ့ တစ်နေ့လုံး မိုးမရွာဘူး.....။ ဒါကြောင့် မိုးစက်တွေကြားက သူ့အသံကို ကျွန်မ မကြားရဘူး....။
ညရောက်တော့ ညစာထမင်းမစားချင်လို့ ခေါက်ဆွဲပြုတ်စားတယ်...။ ဝရံတာနားမှာ ကျကျနနလေးထိုင်စားဖြစ်တယ်...။ မိုးမရွာပေမယ့် အပြင်မှာ အုံ့မှိုင်းပြာရီ.....။ အိပ်တန်းပြန်ငှက်တွေ တချို့ ဆူညံစွာ ပျံသန်းနေကြတယ်...။ တိမ်တွေက ခဲသားအနုအရင့်နဲ့ အုပ်လိုက်ရွေ့လျားနေကြတယ်...။ ဒီလိုရာသီဉတုလေးနဲ့ ခေါက်ဆွဲပူပူလေးကလိုက်ဖက်လိုက်တာ...။ ညအိပ်မပျော်မှာကို မစဉ်းစားလောက်အောင် ခေါက်ဆွဲစားပြီး ကော်ဖီပူတစ်ခွက်ဖျော်သောက်လိုက်သေး...။
သောက်တော်ရေချမ်းလဲ ဘုရားမီးပူဇော် ဘုရားရှိခိုးပြီး ပုံမှန်အတိုင်းပဲ အိပ်ရာဝင်ခဲ့တယ်...။ အိပ်ရာထဲရောက်တော့မှ အပြင်မှာ လေတွေစတိုက်တော့တာပဲ...။ ပြူတင်းမှန်ကြားက လေတိုးသံတဝူးဝူးက ထိတ်လန့်စရာ ကျွန်မ စောင်ခြုံထဲကွေးနေလိုက်တယ်...။ လျှပ်စီးလက်လိုက်ပြီး စက္ကန့်ပိုင်းမှာပဲ မိုးခြိမ်းသံအကျယ်ကြီးထွက်ပေါ်လာတယ်....။ မိုးတွေ ပိုးပိုးပေါက်ပေါက် ကျွန်မ အိပ်ရာနဘေးက မှန်တွေကိုလာထိစင်သံကြားနေရတယ်....။ မျက်စိမှိတ်ပြီး အိပ်ဖို့ ကြိုးစားနေဆဲမှာပဲ......
" ခင်ဗျားကို ကျွန်တော်ချစ်တယ်......." ဆိုတဲ့ သူ့အသံကို ပြတ်ပြတ်ထင်ထင်ကြီးကြားလိုက်ရတယ်....။ နားထဲ Ear Ph ထည့်ထားပြီးကြားရသလို ကြည်ကြည်လင်လင်ကို ကြားရတာမျိုး....။ သူ့အသံက လေးနက်ပေမယ့် ကြေကွဲစို့နင့်မှုတွေပျော်ဝင်နေတယ်လို့ ခံစားလိုက်မိတယ်...။
ရုတ်တရက်ကြီး " ခင်ဗျားကို ကျွန်တော်ချစ်တယ်......."လို့ ကြားလိုက်ရတဲ့ မိုးချိန်းသံကြားက စောင်ခြုံကွေးထဲမှာ ကျွန်မ Shock ရသွားခဲ့မိသေးတယ်...။ ကိုယ်တိုင်ပဲ အပြောခံရသလို ပြီးတော့မှ သူတစ်ယောက်တည်း ညည်းညူရွတ်ဆိုလိုက်တဲ့အသံ ဆိုတာကို ပြန်သတိဝင်လာမိတယ်...။
သူ့ဆီက ဘာအသံထပ်ထွက်လာဦးမလဲလို့ စောင်အောက်ကနေ ငြိမ်ပြီးနားထောင်နေမိတယ်....။ ကျွန်မအဖြစ်က အိပ်ခါနီး ညအိပ်ရာဝင်ပုံပြင်စောင့်နားထောင်ရသလိုမျိုးလေးပါပဲ.....။
"ကျွန်တော်တို့ မနက်ဖြန်တွေအကြောင်းပြောရအောင်...." တဲ့
သူပြောထွက်လာတဲ့ အသံကြားလိုက်ရတော့ ကျွန်မ နဲနဲနောက်ချင်သွားခဲ့တယ်...။ တကယ်တမ်း ကျွန်မ ပြန်နောက်တော့ရော သူကြားရမှာမဟုတ်ဘဲနဲ့လဲ.....။
"အင်းပြောလေ.... မနက်ဖြန် ကျွန်မကို မနက်စာရှမ်းခေါက်ဆွဲလိုက်ကြွေးမယ့် အကြောင်းလား..." လို့ အသံထွက်ပြောလိုက်မိတယ်....။ ချက်ချင်းပဲ .....
"မနောက်ပါနဲ့ ကျွန်တော် အတည်ပြောမှာ....." လို့ သူပြန်တုံ့ပြန်လို့ ကျွန်မ အလန့်တကြား ထထိုင်လိုက်မိတယ်...။
"ကျွန်မ....ကျွန်မအသံကို ရှင်ကြားနေရတာလား..." လို့ မဝံ့မရဲ မေးကြည့်မိတယ်....။ မဖြစ်နိုင်ဘူးဆိုပေမယ့် သူ့အသံကိုတောင် ကျွန်မကြားရတာ သူလည်း ကျွန်မအသံကို မိုးသံကြားကနေ ကြားရနိုင်ချေရှိတာပဲလို့ တွက်လိုက်မိလို့ပါ....။
"ရယ်ရတယ်.... ဟက်...ဟက်....." ဆိုပြီး သူအသံထွက်ရယ်လိုက်တယ်...။
ကျွန်မ မိုးစက်တွေဆီကနေ သူ့အသံကြားရတဲ့ တလျှောက်သူ့ရယ်သံကို ဒါပထမဆုံးကြားရတာပဲ....။ ဒါပေမယ့် ရယ်ရတယ်လို့ပြောပြီး အသံထွက်ရယ်လိုက်တဲ့ သူ့အသံက မရယ်ရပါဘူး....။ ကြေကွဲလွမ်းဆွတ်မှုတွေက အပြည့်.....။
"ဒီလို အစချီပြီး မနေ့ကလို့ထင်ရတဲ့အကြောင်းအရာတွေကို ရွာချတော့မယ်မဟုတ်လား...."
ဒီတစ်ခါတော့ သူ့အသံတွေက ကဗျာရွတ်နေတာမျိုးမဟုတ်ဘဲ တစ်စုံတစ်ယောက်ကို စကားပြောနေသလိုမျိုးပါ....။ ကျွန်မအသံကို ကြားရလားလို့ မေးတာ သူပြန်မဖြေဘူး....။ ဒါဆို သူတကယ်မကြားရလို့ပေါ့ ကျွန်မ တစ်ယောက်ထဲ စိတ်ကူးလွန်သွားတာ...။
" ရှေ့မှာ မြင်နေရတဲ့ လမ်းတွေဟာ မိုးကြိုသည်းနေပါပြီ တစ်ယောက်တည်းဆိုတဲ့ အကြောင်းတွေ မတွေးမိအောင် ကျွန်တော့်ဆီ ဖုန်းခေါ်ပါ ခင်ဗျားတစ်ယောက်တည်းလို့ အတိအကျခံစားရတဲ့ မိုးညတွေမှာပေါ့...."
ဖုန်းနံပါတ်ပေးလေ....." လို့ ကျွန်မ စိတ်ထဲကနေ သူ့ကို ထပ်နောက်လိုက်မိသေး.....။
" ပြီးတော့ အငြိုးတကြီး ကမ္ဘာပေါ်ပြေးဆင်းလာတဲ့ မိုးစက်တွေကို ငေးလိုက် အမာရွတ်တွေကို ပြန်စမ်းကြည့်လိုက် မျက်ရည်တွေ ဝဲလိုက်နဲ့ပေါ့ကွာ..."
"ကိုယ့်ဆီက မိုးသည်းနေ့တွေကတော့ သတိရစိတ်နဲ့ ပဲနာဖျားနေခဲ့ပါပြီ...."
ဒီမိုးသည်းညမှာ သူ ကဗျာတွေအရှည်ကြီးပဲ ရွတ်တယ် အကြာကြီးပဲ.... ကျွန်မ ညဉ့်တော်တော်နက်မှ အိပ်ရတယ်.....။
"ဘယ်ဆီ ဘယ်ဝယ်ရယ်မဟုတ်ပါဘူး တိမ်တွေပျံတဲ့ နောက်လိုက်ခဲ့တဲ့ စိတ်ဦးတည့်ရာ ခရီးတွေပါပဲ တစ်နေရာရာမှာတော့ ချစ်ခြင်းမေတ္တာတွေရွာချတယ်ဆိုတဲ့ ယုံကြည်ချက်မျိုးနဲ့....."
" ဘာလို့ ခင်ဗျားမရှိတဲ့ နောက်ပိုင်းမှ ရာသီတွေက ရှည်ကြာလွန်းသလဲလို့ပါ မိုးတွေသိပ်ရွာတဲ့ ညတွေပေါ့ စာတိုလေးတစ်စောင်ဖြစ်ဖြစ် အဝင်ကောလ်လေးတစ်ခုဖြစ်ဖြစ် ကျွန်တော့်ဆီအလည်လာမလားလို့ မိုက်မဲမိသေးတယ် အိပ်ရာဝင်ပုံပြင်တစ်ပုဒ်လို ပြီးဆုံးခဲ့ပါပြီလို့ ဝမ်းနည်း တွေးတွေးပြီး အိပ်ရာဝင်နောက်ကျတဲ့ ညတွေအကြောင်း အခွင့်သာရင် ပြောပြချင်သေးတယ်....."
"ရန်ကုန်ဟာ ကျဉ်းပါတယ် ဒါပေမယ့် ပြန်မဆုံနိုင်တော့ဘူး....."(Credit to Poet Win myint)
အိုး!!!! ရန်ကုန်.... ရန်ကုန်မှာ ပဲသူရှိနေတာလား.....။ သူ့ကဗျာတွေ စာသားတွေဆီကနေ ကျွန်မ သိချင်စိတ်ဇောတွေနဲ့ ညအိပ်ငိုက်ဖို့တောင်မေ့မျော....။ ဒီတော့မှ ကျွန်မကိုယ့်ကိုယ်ကို သတိထားလိုက်မိတယ်...။ မိုးစက်တွေကနေ ကျွန်မ သူ့ကို သံယောဇဉ်တွေ တွယ်ငြိနေခဲ့မိပြီဆိုတာပဲ....။ သူဘယ်သူလဲ ဘာလုပ်လဲ ဘယ်မှာနေတာလဲ ဘာဆို ဘာမှမသိရဘဲ အသံလေးကြားရရုံနဲ့ ကျွန်မ ဘာကို တွယ်တာနေမိတာလဲ...။ ပြီးတော့ အသံကြားရတယ်ဆိုတာကလည်း ဖုန်းကတဆင့်မဟုတ်ဘူး အွန်လိုင်းကတဆင့် မဟုတ်ဘူး ....။ သဘာဝဖြစ်ရပ်လွန်တစ်ခုကနေ မတော်တဆ ကြားလိုက်ရတဲ့အသံရှင်ကို ကျွန်မဘာလို့ သတိလွတ်ပြီး စွဲလန်းချင်ရတာလဲ...။
ကျွန်မ မိုးသံကို နှောင်တွယ်မိပြီလို့ ရိပ်မိတဲ့နောက် မိုးရွာတိုင်း ကျွန်မ Ear Ph ကိုနားထဲထည့်ပြီး သီချင်းနားထောင်နေလိုက်တော့တယ်....။ အဲခါကျရင် သူ့အသံကို မကြားရတော့ဘူး...။ မိုးစက်မိုးပေါက်ကျသံကြားရမှသာ သူ့အသံက ရောက်လာတတ်တာပါ...။ မိုးတွင်းတစ်တွင်းလုံး မိုးတွေရွာနေသရွေ့ ကျွန်မ နားကြပ်တပ်ထားရမယ့်အဖြစ်ကို တွေးပြီး စိတ်မချမ်းသာရပြန်ဘူး....အဆင်ပြေမနေဘူးလေ.....။
"ခုတော့.....ကျွန်တော့် အသံတွေကို ခင်ဗျားစိတ်ပျက်နေပြီမဟုတ်လား..." တဲ့
ကျွန်မ မနက်စာ ပေါင်မုန့် ကြက်ဉကြော်နေတုန်း မိုးတွေရွာလို့ ပြူတင်းပေါက်ဆွဲပိတ်ရင်း သူ့အသံကိုကြားလိုက်ရတယ်...။ ခုမှ မိုးစရွာလို့ နားကြပ်မတတ်ထားလိုက်မိ....။ ကျွန်မ သူဘာဆက်ပြောမလဲလို့ ကော်ဖီသောက်ရင်း ငြိမ်နားထောင်နေမိတယ်....။
"Good Morning .....ပါ .....ကျွန်တော်တို့ တစ်နေ့နေ့ ဆုံဖြစ်ကြမှာပါ..... " လို့ သူဆက်ပြောတယ်...။ သူ့ဘာသာသူ ပြောနေတာလား တစ်ယောက်ယောက်နဲ့ စကားပြောနေတာလား ဆိုတာ မသည်းကွဲဘူးဖြစ်နေတယ်....။ သေချာတာကတော့ ကဗျာမဟုတ်ပါ....။
"ခင်ဗျားဟာ...
မကြာခင် ရွာချပျောက်ကွယ်သွားတော့မယ့် တိမ်စိုင်လေးပဲဆိုပါစို့ ကျွန်တော်ကတော့ ဆုံးရှုုံးမှာ သိသိနဲ့ တမြတ်တနိုး ငေးတတ်တဲ့ တိမ်ငေးသူပေါ့...."
သူ အဲကဗျာစာသားတွေရွတ်နေချိန်မှာ ကျွန်မက ဝရံတာနား ကော်ဖီသောက်ရင်း တိမ်တွေကို ငေးကြည့်နေချိန်ပေါ့....။ ကျွန်မကို ရည်ရွယ်ပြီးပြောနေသလိုလို....ဒါပေမယ့် သူတကယ်ရည်ရွယ်တာက သူ့ချစ်သူကောင်မလေးကို ဆိုတာ ကျွန်မမမေ့ထားသင့်ဘူး....။
"တိတ်တိတ်လေးပါပဲ အရာရာက တိတ်တိတ်ကလေးပါပဲ မနက်ခင်းတွေကလည်း လိုတာထက်ပို ဆိတ်ငြိမ်တယ် ကော်ဖီတစ်ခွက် စီးကရက်တစ်လိပ် ကိုယ့် ကမ္ဘာသစ်တစ်ခုဆီက Morning ဆိုတဲ့ အသံလေးရယ် ဒီလောက်ပါပဲ....."
သူ့ ကဗျာလေးအဆုံးသတ်မှာ ကျွန်မနှုတ်က မောနင်းဆိုပြီး ခပ်တိုးတိုး အသံထွက်သွားခဲ့မိတယ်....။
"ကျေးဇူးတင်ပါတယ်......" လို့ သူ ချက်ချင်းပြန်ပြောလို့ ကျွန်မတုန်လှုပ်စွာ လက်ထဲက ကော်ဖီခွက်ကို လွှတ်ချမိမတတ်...။ ဟင့်အင်း သူတစ်ယောက်ယောက်ကို ပြောတာဖြစ်မှာပါ.....။ ကျွန်မစိတ်တွေ သူ့စကားလုံးထဲ မယိမ်းယိုင်စေနဲ့.....။
ဒီလိုနဲ့ ကျွန်မ ဒီမိုးတွင်းမှာ နားကြပ်တပ်ထားတဲ့အချိန်ဆို သူ့အသံမကြားရပေမယ့် မတပ်ထားလိုက်ရဘဲ ရုတ်တရက်မိုးတွေရွာချလာရင်တော့ သူ့ ကြေကွဲဖွယ်ကဗျာရွတ်သံတွေကို ကြားနေခဲ့ရတယ်....။ တခါတခါ သူ့ ကဗျာတွေထဲ ပျော်ဝင်မိတဲ့အခါ မျက်ရည်ကျရတဲ့အထိ လိုက်ခံစားရသေး...။
"Come Back To Me... ကို အ ကြိမ်ကြိမ် နားထောင်ရင်း မိုးတွေရွာနေတာကို ငေးပေါ့ ဒီသီချင်းက တကယ် ပြန်လာစေတတ်တယ်လို့ သူငယ်ချင်း တစ်ယောက်က ပြောတာကို ငါလိုလူက ယုံယုံကြည်ကြည်နဲ့ အကြိမ်ကြိမ် Repeat လုပ် နားထောင်နေတယ်တဲ့ ဘယ်လောက်ငိုရတဲ့ ဟာသလဲ...."
မိုးရာသီ ကုန်ဆုံးသွားပြီးတဲ့ နေ့တစ်ခုမှာ ကျွန်မဆီကို Massage Box ကနေ လူတစ်ယောက်လာနှုတ်ဆက်တယ်...။ ကျွန်မ ပေ့ချ်မှာ တင်ထားတဲ့ ကဗျာစာသားတချို့ နဲ့ပတ်သက်ပြီး ဆွေးနွေးချင်လို့ အပြင်မှာ တွေ့ဖို့ တောင်းဆိုလာပါတယ်....။ သူ့အကောင့်နာမည်က မိုးရိပ်ညိုတဲ့....။ ကျွန်မ သူ့ကို ကဗျာပိုင်ရှင်လားလို့ မေးတော့ သူကမဖြေဘဲ "ကျွန်တော်တို့တွေ့ရင် အဖြေတစ်ခုခုရမှာပါ ခင်ဗျားလာတွေ့ဖို့ အဆင်ပြေတယ်မဟုတ်လား..." တဲ့ ...။ "ဟုတ်ကဲ့ ဒါဟာ နောက်ပြောင်မှုတစ်ခုမဟုတ်ဘူးလို့ ကျွန်မယုံကြည်လို့ လာတွေ့ပါမယ်..."
ကျွန်မတို့ ကော်ဖီဆိုင်တစ်ခုမှာ ဆုံဖို့ သဘောတူလိုက်တယ်....။ အဲကော်ဖီဆိုင်လေးက ကျွန်မနေတဲ့နားနဲ့ သိပ်မဝေးတဲ့ လာဖွင့်တာမကြာသေးတဲ့ ကျွန်မတစ်ခါမှမရောက်ဖူးသေးတဲ့ ဆိုင်လေး....။ Cloud 9 Cafe တဲ့....။
မိုးကုန်လို့ ဆောင်းဦးပေါက်ရောက်ပေမယ့် ရန်ကုန်ဆောင်းက ထုံးစံအတိုင်း တစ်စက်ကလေးမှ မအေး....။ ကော်ဖီဆိုင်နဲ့အိမ်နဲ့က သိပ်မဝေးလို့ လမ်းလျှောက်လာလိုက်တယ်...။ ဆယ်မိနစ်လောက်လျှောက်အပြီးမှာ ချွေးစို့နေပြီ....ဒါ ရန်ကုန်ဆောင်း.....။ ကော်ဖီဆိုင်ရဲ့ မှန်တံခါးကိုတွန်းဖွင့်လိုက်တော့မှ လေအေးပေးစက်နဲ့အတူ ပန်းရနံ့တစ်ခုရဲ့ မွှေးမြမှုက ရင်ထဲကို လန်းဆန်းသွားစေခဲ့လို့...အမောကိုပြေသွားတာပဲ....။ ပထမဆုံး မွှေးတဲ့ရနံ့နဲ့တင် ကော်ဖီဆိုင်လေးကို ကြိုက်နေပြီ....။ ပြီးတော့ ကော်ဖီကြိတ်စက်က ထွက်လာတဲ့ လတ်လတ်ဆတ်ဆတ် ကော်ဖီနံ့လေးကလဲ သင်းလို့....။ ကျွန်မဆိုင်ထဲကို ဝေ့ကြည့်လိုက်တော့ စားသုံးသူတစ်ယောက်မှမရှိသေး...။ အပြင်ဖက်မြင်ကွင်းရှိတဲ့ မှန်နားလေးက နေရာလေးကို ရွေးထိုင်လိုက်တယ်...။
ခဏနေတော့ အနက်ရောင်ဂျင်းဘောင်းဘီနဲ့ အဖြူရောင်ရှပ်လက်ရှည်ကို တတောင်နားထိခေါက်ထားပြီး Apron အနက်ရောင်အပေါ်ကထပ်ထားတဲ့ Coffee Barista တစ်ယောက် စာအုပ်လေးတစ်ခုကိုင်ပြီး ကျွန်မနားရောက်လာတယ်...။
"ဘာသုံးဆောင်မလဲ ခင်ဗျာ..."
"ကျွန်မကို Hot Latte တစ်ခွက်ပေးပါ စားစရာဘာတွေရလဲ....ဒီဆိုင်ရဲ့ Signature တို့ ဘာတို့ပေါ့"
ကျွန်မက သူ့ကိုမော့ကြည့်ရင်းပြောတော့ သူ့ရဲ့ စူးစူးစိုက်စိုက်မျက်ဝန်းတစ်စုံနဲ့ဆုံမိသွားတယ်....။ ကျွန်မ သူ့ကိုဘယ်မှာမြင်ဖူးပါလိမ့်...။
"ဟုတ်ကဲ့ Today Special အနေနဲ့တော့ရှိတယ် ဒီနေ့အတွက်က မိုးကုတ်ဆီချက်ခေါက်ဆွဲရတယ် ဘိုစာဆိုရင်တော့ Bagel Sandwich ရမယ် Set အနေနဲ့ဆို ကြိုက်ရာကော်ဖီတစ်ခွက်ပါမယ်ဗျ..."
"ဒါဆို ကျွန်မ Bagel Sandwich ကို Set မှာချင်တယ် ကော်ဖီက Hot Latte ပဲနော်..."
"ဟုတ်ကဲ့ ခဏစောင့်ပေးပါဗျ...."
သူအနောက်ထဲ ပြန်ဝင်သွားပြီး တအောင့်နေတော့ ကြွေပန်းကန်ပြားလေးတစ်ခုကိုင်ပြီး ကျွန်မဆီရောက်လာတယ်....။
"စားစရာတွေစောင့်နေတုန်း ကျွန်တော်ဒီမနက်လုပ်တဲ့ English Biscuit လေး လက်ဆောင်ပေးမြည်းချင်လို့ ဒီနေ့ရောင်းတဲ့အထဲမပါပါဘူး ကျွန်တော်ကိုယ်တိုင် စားချင်လို့သက်သက်လုပ်ထားတဲ့မုန့်ပါ...။ အရည်အသွေးကောင်းတဲ့ ထောပတ်နဲ့ နို့နဲ့လုပ်ပြီး သစ်သီးခြောက်တွေပါထည့်ထားပါတယ် သုံးဆောင်ကြည့်ပါ ...နောက်..လူကြိုက်များရင် ဆိုင်မှာတင်ရောင်းမယ်လို့ စိတ်ကူးထားလို့..."
"အိုး!!! ကျေးဇူးတင်လိုက်တာ ကျွန်မက Scone ကို သိပ်ကြိုက်တာ ရန်ကုန်မှာ ဒီမုန့်လုပ်ရောင်းတဲ့ဆိုင်က လက်ချိုးရေလို့ရတယ်..."
" Scone တနည်းအားဖြင့် British Scone လို့ခေါ်ကြတယ် သူကတကယ်တော့ ဘီစကစ်အမျိုးစားမဟုတ်ဘူး ဒါပေမယ့် English Biscuit လို့လဲ ရံဖန်ရံခါခေါ်တတ်ကြသေးတယ် လူသိများတာကတော့ Scone ပေါ့.. ဒီမုန့်ကိုသိတယ်ဆိုတော့ ခင်ဗျားလဲ ကော်ဖီဆိုင်တော်တော်ထိုင်တဲ့သူဖြစ်ရမယ်...."
"သေချာတာပေါ့...."
သူက မုန့်နာမည်လေး ကျွန်မကို စိတ်ရှည်လက်ရှည်ရှင်းပြပြီး ကျွန်မရဲ့ ကော်ဖီဆိုင်ထိုင်တဲ့ Skill ကိုရိပ်မိသွားလေရဲ့....။
"ဟုတ်ကဲ့ ဒါဆို စားကြည့်ပါဦး လိုတာရှိရင် ကျွန်တော့်ကို အကြံပေးနိုင်ပါတယ်...." ဆိုပြီး မုန့်ပန်းကန်ကို ကျွန်မရှေ့မှာချပြီး အနောက်ထဲပြန်ဝင်သွားတယ်....။ တစ်ဆိုင်လုံးမှာသူတစ်ယောက်ထဲရှိတာလား....။ ကော်ဖီဖျော်လဲသူ မုန့်လုပ်လဲသူ စားပွဲထိုးလဲသူပဲပေါ့....။ အမှန်တော့နိုင်ငံခြားမှာဆိုရင်လဲ ကော်ဖီဆိုင်သေးသေးတွေဆို ဆိုင်ရှင်တစ်ယောက်ထဲပဲအကုန်လုပ်တာ အပိုလူမလိုဘူး သူက အဲလိုပုံစံမျိုးလေးလုပ်ထားတာနေမှာ....။ သူ့မုန့်က အကြီးကြီးတော့မဟုတ် နှစ်ကိုက်စာအရွယ် တစ်လက်မလောက်အထူရှိတဲ့ အဝိုင်းပုံစံလေး....။ ထောပတ်နဲ့ ဂျုံ ကောင်းတော့ မုန့်က ဆိမ့်မွှေးနေရောပဲ တစ်မျိုးပါသေးသလိုပဲ Cheese ထည့်ထားသေးတယ်ထင်တယ် ငံဆိမ့်အရသာလေးပါရ....။ မုန့်ကစားကောင်းလို့ ချိန်းထားတဲ့သူကိုတောင် ခဏမေ့သွားတယ်.....။
၁၀မိနစ်လောက်နေတော့ ကျွန်မမှာထားတဲ့ မုန့်နဲ့ကော်ဖီရောက်လာတယ်....။ ကော်ဖီကိုတကြိုက်အရင်သောက်ကြည့်လိုက်တယ်....။ မွှေးမြဆိမ့်သက်တဲ့ အရသာနဲ့ ကော်ဖီစေ့အကောင်းစားသုံးထားတာသိသာတယ်...။ ပြီးတော့ အပူချိန်ကလည်း ချက်ချင်းသောက်လို့ရတဲ့ အနေထားနဲ့ဖျော်ထားတာဆိုတော့ တခါတည်းသူ့ရဲ့ကျွမ်းကျင်မှုအဆင့်ကိုသိနိုင်တယ်....။ ဒါတွေက အရင် ထိုင်ခဲ့ဖူးတဲ့ ကော်ဖီဆိုင်တွေတုန်းက စပ်စုထားလို့သိတာ...။ ကော်ဖီသောက်ရင်း မုန့်စားရင်း အပြင်ဖက်ကို ငေးကြည့်မိတယ်...။ ဆောင်းဦးမနက်ခင်း ၈နာရီမှာ ရာသီဉတုက သိပ်မအေးပေမယ့် ပတ်ဝန်းကျင်တစ်ခုလုံး ခပ်မှိုင်းမှိုင်း ဆောင်းပုံရိပ်တော့ထင်ဟပ်နေတယ်...။ ပိတ်ရက်မို့ လမ်းပေါ်မှာ လူတွေ သိပ်မတွေ့ရဘူး....။ စောသေးတာလဲပါမယ်...။ ကျွန်မကိုရှစ်နာရီချိန်းထားပေမယ့် သူခုထိမရောက်သေး ကျွန်မက ကော်ဖီဆိုင်ကို ၁၅မိနစ်ကြိုရောက်နေတာ...။
ရှစ်နာရီထိုးဖို့ ၃ မိနစ်အလိုမှာ.........
" ဆောင်းဝင်စ မနက်ခင်း မြူငွေ့ပါးပါး ကော်ဖီပူပူတစ်ခွက် မင်းလက်ဖျားလေးတွေ အေးနေမလား သတိရခြင်းကရော ဝတ်မှုန်ကူးလို့ရလား...."
မိုးမရွာဘဲ ရုတ်တရက် သူ့အသံကြားလိုက်ရလို့ အလန့်တကြား ကျွန်မသောက်လက်စ လက်ဖဝါးနှစ်ဖက်နဲ့အုပ်ကိုင်ထားတဲ့ ကော်ဖီခွက်ကို စားပွဲပေါ်ချ လိုက်ရတယ်....။ ပြီးတော့ သူရောက်လာပြီမို့လို့လား တစ်ဆိုင်လုံးကိုလှည့်ကြည့်လိုက်တော့ ကျွန်မတစ်ယောက်တည်းရယ်....။ ကျွန်မအနောက်စားပွဲမှာတော့ စာအုပ်ထိုင်ဖတ်နေတဲ့ Coffee Barista ကို ပဲတွေ့ရတယ်...။ ရှစ်နာရီလဲထိုးနေပြီ ကျွန်မနဲ့ချိန်းထားတဲ့ မိုးရိပ်ညို ဆိုတဲ့ အကောင့်ပိုင်ရှင်ကိုတော့ ခုထိအရိပ်ယောင်တောင်မတွေ့ရ...။ ကျွန်မနားကြားမှားသွားတာဖြစ်မှာပါ.....။ မဟုတ်သေးပါဘူး ပြတ်ပြတ်သားသားနဲ့ကို ကြားလိုက်ရတာပါ....။
"ဒီမှာရှင့်.... စောစောက ကဗျာရွတ်သံတစ်ခုကို ရှင်ကြားလိုက်မိသေးလား...."
မနေနိုင်တဲ့အဆုံး ကျွန်မ နောက်ကျောဝိုင်းမှာ စာအုပ်ထိုင်ဖတ်နေတဲ့ Coffee Barista ကိုမေးလိုက်တယ်....။
"ဗျာ.... ဘာကဗျာရွတ်သံလဲ ကျွန်တော်တော့ ဘာမှမကြားလိုက်မိပါဘူး ကျွန်တော်ဖွင့်ထားတဲ့ သီချင်းထဲကများလား..."
ခပ်တိုးတိုးဖွင့်ထားတဲ့ သီချင်းက Adele ရဲ့ Million Years Ago ပါ .....။ ကျွန်မကြားလိုက်ရတဲ့ ကဗျာက ဘယ်လိုလုပ် အဲသီချင်းထဲကထွက်လာပါ့မလဲ...။ ထားပါတော့... ကျွန်မဆက်မေးနေရင် ကျွန်မပဲအရူးဖြစ်တော့မှာ ဒီပုံတိုင်းဆို...။
ကော်ဖီဆက်သောက်ပြီး Facebook CB မှာ ကျွန်မနဲ့တွေ့ဖို့လာပြောထားတဲ့အကောင့်ပိုင်ရှင်ကို စာပို့ထားဖို့ရှာတော့ ဘယ်လိုမှ ရှာမရတော့ ဘလော့လုပ်သွား..။ ကျွန်မကို သက်သက်နောက်သွားတာလား...။ လူတစ်ယောက်ရဲ့ ခံစားမှုကိုတော့ ပျက်ရယ်မပြုသင့်ပါဘူး...။ တဆက်တည်း ကျွန်မ ကိုယ့်ကိုယ်ကို သတိပြန်ပေးနေတယ်...။ ခု ကြုံနေတဲ့ အဖြစ်ပျက်ဟာ ဘယ်သူ့ကိုမှပြောပြမရ ရင်ဖွင့်မရတဲ့ကိစ္စ ကျွန်မတစ်ယောက်တည်းပဲ သိပြီး သိမ်းထားရမယ့်အကြောင်းအရာတွေ ပြီးတော့ အတိုင်းအတာတစ်ခုရောက်တဲ့အထိ မထိခိုက်မခံစားဖို့ Serious မထားဖြစ်အောင်ပေါ့...။
ကျွန်မ ကော်ဖီဖိုးရှင်းပြီး အိမ်ပြန်လိုက်တယ်...။ အိမ်ရောက်တော့ တစ်အိုးထဲ အပင်တွေပွားနေတဲ့ ရှားစောင်းလက်ပက်ပင်ကို အိုးခွဲစိုက်ဖို့ မြေဆွေးထုပ်ကိုတွေ့တော့ နောက်ပန်းအိုးအသေးနှစ်လုံးကို မြေဆွေးဖြည့်ပြီး ရှားစောင်းအပင်ပွားအသေးလေးတွေကို တစ်ပင်စီစိုက်ဖြစ်လိုက်တယ်...။ ကျွန်မ မိုးထဲကအသံကို ဒီနေ့ကစပြီး မေ့ပစ်တော့မယ်လို့...။ Replant လုပ်ပြီး နေ့လည်စာအတွက် လွယ်လွယ်ကူကူ သီးစုံထမင်းပေါင်းပဲလုပ်လိုက်တယ်...။ ရေမိုးချိုးအဝတ်စားလဲပြီး စာကြည့်စားပွဲမှာ ခဏထိုင်ဖြစ်တယ်....။ စားပွဲပေါ်က အညိုရောင် သရေအဖုံးနဲ့ စာအုပ်ကို ဖွင့်လိုက်တယ်...။ Voice In The Rain ဆိုပြီး ပထမစာမျက်နှာမှာ ခပ်ကြီးကြီး ခေါင်းစည်းတပ်ထားတယ်...။ ရေးထားတဲ့ နောက်ဆုံးစာမျက်နှာကိုလှန်ပြီး စာ မျက်နှာအလွတ်တစ်ခုပေါ်မှာ ကျွန်မမနက်က ကြားလိုက်ရတဲ့ ကဗျာတိုလေးကို ရေးချလိုက်တယ်....။ မနက်က ကော်ဖီခွက်လေးနဲ့မုန့်မစားခင်ဖုန်းနဲ့ရိုက်ထားတဲ့ ပုံကို ပေ့ချ်မှာတင်ပြီး ကဗျာလေးကိုပါ ရေးလိုက်တယ်.....။ ဒီစာကြောင်းလေးဟာ မိုးထဲကအသံရှင်ဆီကနေ ကျွန်မနောက်ဆုံးကြားရမယ့် ကဗျာလဲဖြစ်နေနိုင်တာပဲ....။
" ဆောင်းဝင်စ မနက်ခင်း
မြူငွေ့ပါးပါး
ကော်ဖီပူပူတစ်ခွက်
မင်းလက်ဖျားလေးတွေ အေးနေမလား
သတိရခြင်းကရော
ဝတ်မှုန်ကူးလို့ရလား...."
ကျွန်မတစ်ခါတည်းကြားပြီး ချက်ချင်းမရေးမှတ်လိုက်ပေမယ့် အကုန်လုံးအလွတ်ရမှတ်မိနေတာကိုက အံ့ဩစရာပါ....။ သူ့ကဗျာသံတွေကို ကြားနေကျမို့လား သူရွတ်တိုင်းလက်တန်းလိုက်ပြီး ချရေးနေကျမို့လား နားထောင်အားပဲကောင်းလို့လား ဘာကြောင့်လဲဆိုတာ ကျွန်မကိုယ်တိုင်တောင်မဝေခွဲတတ်တော့...။
ကျွန်မနေတဲ့ ကွန်ဒိုနဲ့လဲနီးတော့ နောက်ပိုင်း ကျွန်မ Cloud 9 မှာထိုင်ဖြစ်တာများတယ်....။ အလုပ်မသွားခင် အလုပ်ပြန်ချိန် စသဖြင့်ပေါ့...။ ကျွန်မထိုင်နေကျ စားပွဲဝိုင်းလေးက အပြင်ဖက်ကို လှမ်းကြည့်လို့ရတဲ့ မှန်ပြူတင်းဘောင်လေးမှာ A4 ဆိုဒ်လောက်ရှိတဲ့ Black Board တစ်ခုမှာ မရမ်းရောင်မြေဖြူခဲနဲ့ စားသားတချို့ တစ်နေ့တစ်မျိုးရေးထားတာကို သတိထားဖတ်မိလိုက်တယ်....။ ပြီးတော့ အဲနားမှာ မဂ္ဂဇင်းစာအုပ်အဟောင်းတွေကို တင်ထားတဲ့ စာအုပ်စင်လေးတစ်ခုရှိသေးတယ်....။
" ခုထိ နှင်းမကွဲသေးတဲ့ ဆောင်းမနက်ခင်းတွေ....."
"ကော်ဖီဆိုင်လေးထဲကနေ မြူတွေဝေ့ဝဲကျနေတာကို တိတ်တိတ်ကလေး အတူငေးကြည့်ချင်တာမျိုး..."
"ကျွန်တော်ဟာ အအေးမိနေသော အနွေးထည်လေးနဲ့တူပါတယ် သတိရစရာတွေဟာ ဆောင်းမနက်နှင်းစက်တွေလိုပါပဲ ကပ်ငြိတွယ် အင်း..... ပြီးတော့...အေးစက်တယ်...."
ကျွန်မ တစ်ခါလာထိုင်တိုင်း စာသားတစ်မျိုးပြောင်းတယ်...။ ဖတ်ကြည့်ရတာ ဒီစာလေးတွေက မိုးသံထဲကကြားနေကျ ကဗျာပိုင်ရှင်ရဲ့ ခံစားချက်နဲ့ဆင်တူနေသလို သေချာတာကတော့ ကျွန်မကြားရပြီး စာအုပ်ထဲရေးကူးထားတဲ့အထဲတော့မပါဘူး...။ ဒါပေမယ့် ခံစားသိသိနေသလိုပဲ...။ အိုး!!! ကျွန်မ ဒီအကြောင်းနဲ့ပတ်သက်ပြီး မေ့ပစ်လိုက်တော့မယ်လို့ ကိုယ့်ကိုယ်ကို သတိထားပြီးခါမှ....။ ကျွန်မ ဆိုင်ရှင်ကို ခေါ်မေးကြည့်လိုက်တယ်....။ ကျွန်မလာထိုင်နေကျမို့ သူနဲ့မျက်မှန်းတန်းမိနေပြီ....။ မရဘူး သိချင်တာရှိရင် ချက်ချင်းသိရမှ....။
"ဒီ ဘုတ်မှာရေးထားတဲ့ စာသားလေးတွေက ဘယ်သူ့ ကဗျာစာသားတွေလဲ သိခွင့်ရမလား..."
သူက ချက်ချင်းမဖြေဘဲ ကျွန်မကို ပြုံးစစနဲ့ ပြန်ကြည့်သေးတယ်....။ ဘာလဲ ကျွန်မရုပ်က တအားသိပ်ချင်နေပုံများပေါက်နေလို့လား....။ အို ဘာဖြစ်ဖြစ်မေးကြည့်လို့ သိရလဲ အမြတ်ပဲမဟုတ်လား ...။
"ကျွန်တော်က စာလေးကဗျာလေးတွေ ဝါသနာပါတော့ ဆိုင်မှာ ရာသီအလိုက်လေးတွေ ကဗျာစာတိုလေးတွေ ကြိုက်တာတွေ့ရင် ကူးပြီးသိမ်းထားတတ်လို့ အဲဒါတွေကထဲက စိတ်ကူးတည့်ရာလေးတွေ ရေးထားတာပါ..."
"ကျွန်မ ရင်းနှီးနေတဲ့ ကဗျာလေးတွေနဲ့ Sense လေးတွေတူနေလို့မေးကြည့်တာပါ ကျေးဇူး..."
"မိုးစက်မေက ဖက်ရှင်ဒီဇိုင်နာတစ်ယောက်မဟုတ်လား..." လို့ သူကဆက်မေးလာတယ်....။
"ကျွန်မကို သိနေတယ်.....ဟုတ်ကဲ့ ကျွန်မက ခုမှ ဒီလောကထဲကို စဝင်လာတာ မကြာသေးပါဘူး..."
"ကျွန်တော် မဂ္ဂဇင်းတစ်ခုမှာတွေ့ဖူးလို့ပါ... ဒါကြောင့် ခင်ဗျား စတိုင်လ်က အမြဲတမ်း Trending ဖြစ်နေတာ...."
"ဟုတ်ပါပြီ ကျွန်မ ရှင့်ဆိုင်က ကော်ဖီနဲ့ ပြန်ဧည့်ခံရမလား...."
ကျွန်မတို့ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ပြိုင်တူရယ်လိုက်မိကြတယ်.....။ ပြီးတော့ ကျွန်မ အိုင်ဒီယာတစ်ခုရသွားခဲ့တယ်....။ ကျွန်မရဲ့ ပထမဆုံးလုပ်မယ့် Collection ကို ဒီကော်ဖီဆိုင်လေးမှာပဲ Runway လုပ်ရင်ကောင်းမလား...။ ဆိုင်လေးက သိပ်မကျယ်ပေမယ့် Tea Party နဲ့ Cocktail လေးနဲ့ပဲ အရေးကြီးတဲ့ သူတချို့နဲ့ဆို အဆင်ပြေမှာ....။ ကျွန်မ ဒီအိုင်ဒီယာလေးကို စာအုပ်ထဲချရေးမှတ်ထားလိုက်တယ်....။
နောက်ရောက်လာမယ့် မိုးရာသီမှာ ကျွန်မ အိပ်မက်လေးကို အကောင်ထည်ဖော်ခွင့်ရခဲ့တ ယ်....။ ထူးဆန်းစွာပဲ ဒီနှစ်မိုးမှာတော့ ကျွန်မ ဘာကဗျာရွတ်သံကိုမှ မကြားရတော့ပါ...။ ကျွန်မမေ့ပျောက်ချင်ခဲ့တာကို ကူညီပေးတဲ့အတွက် မိုးထဲက အသံရှင်ကို ကျေးဇူးတင်ပါတယ်....။ တကယ်ကျွန်မတို့ အပြင်မှာဆုံနိုင်ခွင့်ရှိကြမှာမှမဟုတ်ဘဲလေနော်......။ ပြီးတော့ အဲဒီအသံရှင်ကရော အပြင်မှာတကယ်ရှိနေလို့လား ဘာမှမသေချာ မရေရာတဲ့ အဖြစ်ပျက်တွေ......။
ကျွန်မ မိုးရာသီနဲ့ ပတ်သက်တဲ့ ဝတ်စုံ Collection ၁၅စုံလောက်ဖန်တီးပြီး Cloud 9 Cafe ထဲမှာပဲ Voice In The Rain ဆိုတဲ့ နာမည်နဲ့ Runway သေးသေးလေးတစ်ခု Tea Party နဲ့အတူလုပ်ဖြစ်ခဲ့တယ်....။ ကျွန်မ Facebook Pages မှာတခါတည်း Live လွှင့်တယ်....။ အစကတည်းက ကျွန်မ Page မှာ ကဗျာစာသားလေးတွေတင်တတ်တော့ ဒီ Show လေးမှာ ကော်ဖီဆိုင်ပိုင်ရှင်လေးက ကျွန်မကို သူစုထားတဲ့ မိုးနဲ့ပတ်သက်တဲ့စာသားတချို့ကိုဆိုင်ပတ်ပတ်လည်မှာ ရေးပြီး တင်ထားပေးတယ်...။ Follower တွေရဲ့ အားပေးမှုတွေကိုလည်း အတိုင်းထက်လွန်ရခဲ့တယ်....။
"အနောက်မြောက်အရပ်ဆီ သတိရခြင်းတွေ ငွေ့ရည်ဖွဲ့စေ....."
"အချိန်အခါမဟုတ် မင်းရှိတဲ့ မြို့လေးမှာ မိုးတွေရွာတဲ့အခါ ကိုယ့်သတိရခြင်းတွေ ငွေ့ရည်ဖွဲ့လာတယ်လို့တွေးပါ...."
"နှင်းတွေလဲကျတယ် မိုးတွေလဲ သိပ်ရွာတာပဲကွယ်...
In The Rain ဖက်ရှင် နဲ့ဆို ဒီမိုးတွင်းမှာ အရမ်းမိုက်သွားမှာ ....." အမယ် အဲလို ကျွန်မကို ကြော်ငြာဝင်ပေးတာလဲ ပါသေးတယ်....။
"ချစ်ခြင်းမေတ္တာဟာ နေရာကွက်ကျားရွတ်တတ်တဲ့ မိုးပြေးလေးပဲဖြစ်မှာပါ..."
Cloud 9 ရဲ့ ပိုင်ရှင် ကိုမင်းမြတ်ညိုရဲ့ ကူညီပေးမှုတွေကြောင့်လည်းအများကြီးပါပါတယ်....။ ဒီလို ကော်ဖီဆိုင်လေးထဲမှာ Show လုပ်တဲ့သူကရှားတယ်လေ....။ လူစိတ်ဝင်စားမှုလဲအများကြီးရလိုက်တယ်ဆိုတော့ အောင်မြင်တဲ့ပွဲလေးတစ်ခုဖြစ်သွားခဲ့တယ်....။ ကိုမင်းမြတ်နဲ့လည်း တော်တော်လေး ခင်မင်ရင်းနှီးသွားခဲ့တယ်....။
@@@@@@@@@@@
နောက်နှစ်နွေဦးရာသီ....... ကျွန်မမွေးနေ့မှာ ကျွန်မအတွက် ကျွန်မဘဝအတွက် တစ်ခါမှမျှော်လင့်မထားတဲ့ မှတ်မှတ်ရရမွေးနေ့လက်ဆောင်တစ်ခု သူ့ဆီကရလိုက်တယ်.....။
ကျွန်မရှေ့တည့်တည့်ကနေ ကျွန်မကို စိုက်ကြည့်ပြီး သူရွတ်လိုက်တဲ့ ကဗျာကြောင့် ကော်ဖီခွက်ကိုအုပ်ပြီးကိုင်ထားတဲ့ လက်ဖဝါးနှစ်ဖက်ကို ပြန်ကြည့်ပြီး သူ့ဆီက အကြည့်ကိုလွှဲလိုက်တယ်...။ ကျွန်မ ဘာမှန်းမသိ ရှက်ကိုးရှက်ကန်းဖြစ်သွားခဲ့မိ....။ ခုလို အရှင်လတ်လတ်ရှေ့မှာ ကဗျာလာရွတ်ပြနေတော့ ရင်ခုန်စိတ်လှုပ်ရှားမိသွားတာတော့ အမှန်ပဲ....။
"ငိုရတဲ့ ရာသီပေါ့ကွာ သစ်ရွက်တွေကြွေတော့လည်း ကြွေတဲ့အလျောက် မိုးတွေစွေတော့လည်း စွေတဲ့လျောက်...."
"မိုးတွေကလဲစွေလိုက်တာ အဆင်ပြေပါတယ်လို့ မညာတော့ပါဘူး...."
"ကျွန်တော်ကတော့ တခါတလေ ခင်ဗျား အခန်းပြူတင်းဝပေါ်လာနားတဲ့ မိုးစိုငှက်ကလေးပေါ့ ဒီနေရာကနေ ပျံလည်း မပျံသန်းချင်ခဲ့ ပျံလည်း မပျံသန်းနိုင်ခဲ့......"
"ကျွန်တော်ဟာ တခါတလေကျတော့လည်း ခရီးတစ်ထောက်မှာ ဖြတ်ပျံသွားတဲ့ တိမ်တွေကို တမေ့တမော လိုက်ငေးတတ်တဲ့ တိမ်ငေးသူ....."
"ခင်ဗျားက... မကြာခင် ရွာချပျောက်ကွယ်သွားတော့မယ့် တိမ်စိုင်လေးပဲဆိုပါစို့ ကျွန်တော်ကတော့ ဆုံးရှုံးမှာသိသိနဲ့ အမြတ်တနိုး ငေးတတ်တဲ့ တိမ်ငေးသူပေါ့...."
"မရှိတော့ဘူး မိုးရွာထဲမှာ ထီးတစ်ချောင်းအောက် အတူရှိခဲ့ဖူးတဲ့ တစ်ယောက်ယောက်မရှိတော့ဘူး..."
"ထားပါတော့ တစ်ယောက်က တကယ်မျှော်နေခဲ့တယ် ဆိုရင်တောင် တစ်ယောက်က တကယ်ပြန်မလာတော့ပါဘူး.. အပြင်မှာလည်း မိုးတွေက တကယ်သည်းနေပါပြီ...."
"တစ်ယောက်ယောက်ကို ကယောင်ကတမ်း ဖုန်းခေါ်ပြီး အဲဒီမှာရော မိုးတွေရွာနေလားလို့ မေးဖူးလား...."
"တယ်လီပသီတို့ အပြိုင်စကြာဝဠာ သီအိုရီတို့ကိုတောင် ယောင်ကန်းကန်းနဲ့ ယုံသေးတာမဟုတ်လား..."
" ကျွန်တော်တို့ ချစ်ခြင်းမေတ္တာကို သံသယဝင်စရာ တစ်စွန်းတစ်စမျှမရှိပါ ဒီမှာ မိုးတွေရွာနေတာ သိစေပေါ့...."
" မိုးတွေသည်းတဲ့ ညဆို တစ်ယောက်ယောက်ကို သေလုမတတ် သတိတရဖြစ်တဲ့ အကြောင်းတွေရေးမယ် တစ်ယောက်တည်းလည်း စကားတွေပြောတတ်ခဲ့ပေါ့..."
"ဘာပဲဖြစ်ဖြစ်လေ ကိုယ်တို့ ကျန်းမာရေးကိုတော့ ဂရုစိုက်သင့်တယ်မဟုတ်လား တစ်ယောက်ယောက်မပါတော့တဲ့ မိုးနေ့တွေကို ဘယ်လို ဖြတ်သန်းရကြောင်း စာတွေအရှည်ကြီးရေးဖို့ဖြစ်ဖြစ်ပေါ့ကွာ ကိုယ့်ဆီက မိုးသည်းနေ့တွေကတော့ သတိရစိတ်နဲ့ပဲနာဖျားနေခဲ့ပါပြီ..."
"အခုဆို အဲဒီမှာ မိုးတွေရွာနေရောပေါ့ သတိမရဘူးလို့ ဘယ်တုန်းကမှ မငြင်းခဲ့တာမျိုးက ကိုယ့်ရဲ့အိပ်မက်ရှည်ကြီးပါပဲ အရာရာအကောင်းအတိုင်း ပြန်ဖြစ်ဖို့ မိုးတွေ သည်းနေတဲ့ ရန်ကုန်ညနေတွေမှာ အတူတူညစာကို အပြင်ထွက်စားဖို့ အဲဒီကိုယ်သင်းနဲ့လေးနဲ့ ကိုယ့်တစ်နေ့တာကို အစပြုဖို့...."
"ဘယ်တုန်းကမှ မပိုင်ဆိုင်ခဲ့ရတဲ့ သူတစ်ယောက်ကို ဆုံးရှုံးရမှာ ကြောက်နေတာလည်း ချစ်ခြင်းမေတ္တာပဲဖြစ်မှာပါ နီးမလိုလိုနဲ့ဝေးဝေးသွားတဲ့ အိမ်ပြန်ခရီးလေးဟာ ခင်ဗျားပါပဲ အိမ်ရဲ့အဝေးမှာ မိုးတွေလည်း နေ့တိုင်းသည်းတယ်...."
"ကျွန်တော်က ခင်ဗျားကောင်းကင်မှာ လင်းလက်ခဲ့ဖူးပါတယ် ဒါပေမယ့် အစောကြီးကြွေသွားရတဲ့ ကြယ်လေးပေါ့..."
"ရှင်က ကဗျာပိုင်ရှင်လား..."
သူက ကျွန်မမေးတာကို မဖြေသေးဘဲ ကျွန်မ မျက်လုံးတွေကို သေချာစိုက်ကြည့်နေတယ်...။ သူ့အကြည့်တွေက စူးရှထက်မြတ်လိုက်တာ....။
"ခင်ဗျား မျက်လုံးတွေက ကျွန်တော် စိတ်ကူးပုံဖော်ထားတဲ့အတိုင်းပဲ...."
"ဆောရီး ခင်ဗျားနည်းနည်းရှုပ်ထွေးသွားပြီထင်တယ် တကယ်ဆို ဒီစကားတွေကို ခင်ဗျားနဲ့ ဒီဆိုင်မှာစတွေ့တဲ့နေ့ကတည်းက ပြောချင်ခဲ့တာ ကျွန်တော်အချိန်ဒီလောက်အကြာကြီးမျိုသိပ်ထားရတာ ပြီးတော့ ကျွန်တော်က ကဗျာပိုင်ရှင်မဟုတ်ဘူး..."
"ရှင်....."
"ခု ရှင်ရွတ်လိုက်တဲ့ ကဗျာ အဲအသံက ကျွန်မအရင်မိုးရွာရင် ကြားနေကျအသံပါ ဟုတ်တယ် သေချာပါတယ်..."
"မိုးမရွာတော့ဘူးဆိုတော့ ခင်ဗျား ကျွန်တော့်အသံကို ဘယ်ကြားရတော့မလဲ...."
"မိုးရွာထဲကနေ ကျွန်မ ကဗျာရွတ်သံတွေကြားရတာကို သိနေခဲ့တာလား..."
"သိဆို ကျွန်တော်လဲ ခင်ဗျားအသံကို မိုးထဲကနေ ကြားရလို့ပဲ..."
"အိုး.....!!!!"
ကျွန်မအသံကိုလည်း သူကြားရတယ်တဲ့.....။ မိုးရွာနေတဲ့အချိန်မှာ ကျွန်မဘာတွေများပြောခဲ့ဖူးလည်း အသည်းအသန် အပြေးအလွှားပြန်တွေးကြည့်ပေမယ့် ကျွန်မရှေ့မှာ ငုတ်တုတ်ထိုင်နေတဲ့သူ့ကိုကြည့်ပြီး ကျွန်မဖြင့် ဘာတွေပြောခဲ့ဖူးတယ်ဆိုတာကို လုံးဝစဉ်းစားမရခဲ့....။
"ဒါပေမယ့် ခင်ဗျားက မိုးရွာရင် တိတ်တိတ်ဆိတ်ဆိတ်ပဲနေတတ်တာထင်တယ် ကျွန်တော် ခင်ဗျားအသံကို အများကြီးမကြားဖူးပါဘူး တခါတလေ ခင်ဗျားသီချင်းလေးညည်းတတ်တာတွေ ကျွန်တော်ပြောတာကို ပြန်စနောက်ပြောတဲ့အခါတွေလောက်ပါပဲ....စိတ်မပူပါနဲ့ ခင်ဗျား ကျွန်တော်မကြားသင့်တဲ့စကားတွေမပြောပါဘူး ခင်ဗျားမျက်လုံးတွေက စိုးရိမ်ကြောင့်ကျမှုတွေရှိရင်လဲ တဖျတ်ဖျတ်လက်နေတာပဲ ကြိုက်တယ်.... "
အော်....ဒါကြောင့် ကျွန်မသူ့ကို စနောက်ပြီးပြောမိတဲ့အခါဆို သူပြန်ဖြေတတ်တာကိုး....။ ကျွန်မကတော့ တိုက်ဆိုင်မှုတစ်ခု ဒါမှမဟုတ် တခြားတစ်ယောက်ယောက်နဲ့စကားပြောတယ်ပဲမှတ်ခဲ့တာ...။
ကျွန်မလေ.... အသံရှင်ကို အပြင်မှာ တကယ်တွေ့ရလိမ့်မယ်လို့ တိတ်တိတ်ကလေး မျှော်လင့်ခဲ့ဖူးတယ်.....။တကယ်တမ်းလက်တွေ့ ဆုံရတဲ့အခါမှာတော့ မှင်သက်ဆွံအသွားခဲ့ရ....။ လောကမှာ ဒီလို ဆန်းကြယ်တဲ့ ဖြစ်ရပ်မျိုးရှိတယ်ဆိုတာ တစ်ယောက်ယောက်ကို ပြောပြရင် ယုံမှာမဟုတ်ဘူး...။
တကယ်တော့ သူက ကျွန်မထင်သလို ကဗျာဆရာတစ်ယောက်မဟုတ်ဘူး ကဗျာပိုင်ရှင်လည်းမဟုတ်ဘူး....။ လွန်ခဲ့တဲ့နှစ် မိုးဦးပေါက်လောက်တုန်းက ဒီဆိုင်ကိုပြောင်းမလာခင် အရင်ဆိုင်ဟောင်းမှာ ကော်ဖီလာသောက်သွားခဲ့တဲ့ ဧည့်သည်တစ်ယောက်ကျန်ရစ်ခဲ့တဲ့ စာအုပ်တစ်အုပ်ကို သူကောက်ရခဲ့ဖူးတယ်...။ သူရွတ်ရွတ်နေတဲ့ ကဗျာအပိုင်းအစတွေက အဲစာအုပ်ထဲက ကဗျာတွေတဲ့....။ မိုးရွာလို့ အသံတစ်သံစကြားရတဲ့ အစွမ်းသတ္တိ မနှစ်က မိုးရာသီမှာစခဲ့တာ....။ အစပိုင်းတော့ တော်တော်လေးအံ့ဩခဲ့မိပေမယ့် မိုးစက်တွေကျလာရင် အသံတစ်သံ (ကျွန်မရဲ့အသံ)ကိုကြားရတာ အထူးအဆန်းမဖြစ်တော့ဘဲ မိုးရွာရင်ကျွန်မသူ့စကားတချို့ကို ပြန်တုန့်ပြန်တတ်တာကို သတိထားမိရင်း သူ့အသံကိုပါ ကျွန်မကြားရတယ်ဆိုတာကို သိလာခဲ့ရတာတဲ့....။ စကြားကြားချင်းတော့ အိမ်နီးနားချင်း အခန်းကပ်ရပ်က စကားသံလို့ပဲထင်ခဲ့တာတဲ့....။ ဒီလိုဆို ကျွန်မတို့နှစ်ယောက် မိုးသံထဲကနေ အချင်းချင်းကိုယ့်အသံသူ့အသံကြားရတဲ့ အစွမ်းသတ္တိရတဲ့အချိန်ချင်းအတူတူပဲဖြစ်နိုင်တယ်...။
"ခင်ဗျားကို အပြင်မှာတွေ့ရတော့ ကြိုးစားပြီး ဘာကြောင့် ဒီလိုမိုးကျသံကြားကနေ အသံတွေကြားနေရသလဲဆိုတာကို မသိချင်တော့ဘူးဗျာ .... ကျွန်တော်ကတော့ ဒီဖြစ်ရပ်ဟာ ကျွန်တော်တို့ နှစ်ယောက်အတွက် အကြောင်းမဲ့သက်သက်တော့မဟုတ်လောက်ဘူး ရေစက်ဆုံစေတဲ့ဖြစ်ရပ်တစ်ခု အတိတ်ဘဝကံကြောင့်လို့ပဲသတ်မှတ်ချင်တယ် ခင်ဗျား ဗုဒ္ဓဘာသာ ပဲမဟုတ်လား..... ဒါပေမယ့် ခင်ဗျားကျွန်တော့်ဆိုင်ရောက်လာတဲ့ ပြီးခဲ့တဲ့မိုးရာသီကစပြီး ကျွန်တော်ခင်ဗျားအသံကိုမကြားရတော့ဘူး....ခင်ဗျားလဲအတူတူပဲထင်တယ်...."
"ဟုတ်တယ် ပြီးခဲ့တဲ့မိုးတုန်းက ကျွန်မဘာကဗျာရွတ်သံမှထပ်မကြားရတော့ဘူး..."
"ဖြစ်နိုင်တယ်ဗျ ကျွန်တော်တို့ အပြင်မှာ လူချင်းဆုံပြီးသွားလို့ မိုးထဲကအသံကြားရတဲ့အစွမ်းတွေမရနိုင်တော့တာလားတော့မသိဘူး.....အဲဒါတွေထားပါတော့ ခုကျွန်တော်တို့ အပြင်မှာဆုံနေပြီပဲမဟုတ်လား..."
ကျွန်မ သူပြောတာကို နားထောင်ပြီး ခုမှသေချာ သူ့ကိုကြည့်မိတယ်... ကျွန်မကဗျာရွတ်သံတွေကြားရတဲ့အချိန်တုန်းက ကျွန်မသူ့ကို စိတ်ကူးကြည့်ဖူးတဲ့ မျက်ခုံးနက်နက်တွေ မျက်ဆံနက်နက်တွေနဲ့ ဗာဒံစေ့ပုံမျက်အိမ်တွေက တစ်ထပ်တည်းပဲ ပြုံးလိုက်ရင် အပေါ်နှုတ်ခမ်း ပိုပြီးပါးလွှာကျယ်ပြန့်သွားတာရော... သွားစွယ်ဖွေးဖွေးတွေ နှာတံဖြောင့်စင်းစင်းတွေဟာ အပြင်မှာခုမြင်တွေ့နေရတဲ့ သူ့ရုပ်နဲ့ တော်တော်နီးစပ်နေတာ....။
"တစ်ခုထူးဆန်းတာက ကျွန်မ ကဗျာစာသားတချို့ကို Credit ပေးပြီး ဒီလောက်တင်တာ ကဗျာစာအုပ်ပိုင်ရှင်ကတော့ ခုထိ မဖတ်မိသေးဘူးထင်တယ်....ဒါပေမယ့်လဲ....."
ကျွန်မစကားမဆက်ခင် သူက နှုတ်ခမ်းပေါ် လက်ညှိုးနဲ့ပိတ်ပြီးဆက်မပြောဖို့တားတယ်.....။ ကျွန်မ ဘာဆက်ပြောမယ်ဆိုတာ သူသိနေလို့လား....။
"ခင်ဗျား ကျွန်တော့်ကိုမယုံသေးဘူး ကျွန်တော့်ကို ကဗျာပိုင်ရှင်လို့သံသယရှိနေတုန်းမလား... ကဗျာစာအုပ်ပိုင်ရှင်က ဖေ့စ်ဘုတ်မသုံးတဲ့သူလဲဖြစ်နိုင်တာပဲလေ...."
"ထားပါတော့...."
"ဘာလဲ ထားပါတော့ဆိုတာက ကျွန်တော့်ကို ခင်ဗျားသံသယရှိနေတုန်းနော် မိုးစက်မေ...."
"ဟာ.... ဟုတ်ပါပြီ ရှင်စာအုပ်ပိုင်ရှင်မဟုတ်ဘူးဆိုတာ ကျွန်မယုံလိုက်ပါပြီ ဒါပေမယ့် အဲလူအသဲကွဲချက်ကတော့ မိုင်ကုန်ပဲနော် ဒါကြောင့်လဲ ဒီလောက်လှတဲ့ စကားလုံးတွေထွက်လာတာနေမယ်..."
ကျွန်မအဲလိုပြောတော့ သူက သဘောကျစွာ အသံထွက်ရယ်မောလို့...။
"အဲဒါပဲ ကျွန်တော်အာမခံနိုင်တာက ကျွန်တော့်ဘဝမှာ တစ်ခါမှအသဲမကွဲဖူးခဲ့ဘူး ဆိုတော့ ဒီလိုစာတွေ ကဗျာတွေထွက်လာဖို့ဆိုတာ လုံးဝမဖြစ်နိုင်...."
" ဒါပေမယ့် သိလား အဲကဗျာတွေကို ရှင်ရွတ်တာ တကယ်ခံစားချက်ပါပါ ဈာန်ဝင်စားမှန်းသိသာတယ် အစက အသံနားထောင်ပြီး ကဗျာဆရာ ကိုယ်တိုင်ပဲလို့ တထစ်ချယုံထားခဲ့တာ... မထင်ရဘူး...."
"ဟက်..ဟက် ကျွန်တော် အဲလောက်အစွမ်းမရှိပါဘူး သူများစာတွေပဲအားပေးတဲ့သူတစ်ယောက်ပါ...စာဖတ်တာဝါသနာပါပေမယ့် ကျွန်တော် စာရေး ဘယ်လောက်ပျင်းလဲဆိုတာ ခင်ဗျာ တစ်နေ့ကျသိလာလိမ့်မယ်..."
ဆိုလိုတာ ကျွန်မတို့တွေ နောက်ပိုင်းမှာလည်း အမြဲ အဆက်အသွယ်မပြတ် ရှိနေကြဦးမယ် အဲလိုလား မိုးသံ......။
"အဲတုန်းက ကျွန်တော့်ကို ခင်ဗျားက မိုးသံလို့ နာမည်ပေးထားတာမလား..." တစ်နှစ်ကျော်ကြာသွားခဲ့ပေမယ့် သူမမေ့သေးဘူးဘဲ....။
"ဟင်.... ဘယ်လိုသိလဲ..."
"ခင်ဗျားခေါ်ခေါ်နေတာ ကြားရတယ်လေ..."
ကျွန်မလျှို့ဝှက်ချက်ပေါ်သွားသလို မလုံမလဲဖြစ်သွားခဲ့ရတယ်....။
"အဲနာမည်လေးကျွန်တော်ကြိုက်တယ် ကျွန်တော့်နာမည် မိုးရိပ်ညိုအစား မိုးသံလို့ပဲမှတ်ထားလိုက်ပေါ့...."
"ဟုတ်ကဲ့...."
ကျွန်မတို့နှစ်ယောက် မိုးကတဆင့် တစ်ယောက်အသံတစ်ယောက်ကြားရကတည်းက ရင်းနှီးတဲ့အရင်းခံနဲ့ ခုလူချင်းတွေ့တော့ သိပ်စိမ်းမနေတော့ဘဲ မိတ်ဆွေသူငယ်ချင်းလို ခင်မင်မှုမျိုးရကြတယ်.....။
နောက်ပိုင်း ကျွန်မအလုပ်မသွားခင် သူ့ဆိုင်မှာ မနက်တိုင်းလိုလိုမနက်စာဝင်စားဖြစ်သွားတယ်....။ ပြီးတော့ ကျွန်မ သူ့ဆီက မဟာအခွင့်အရေးထပ်ရတာကတော့ ကဗျာပိုင်ရှင်ကျန်ခဲ့တဲ့ စာအုပ်ကိုကိုယ်တိုင် ကိုင်တွယ်ဖတ်ခွင့်ရလိုက်တာပါပဲ...။ တကယ်ဆို သူက စာအုပ်ငှားပေးလိုက်လဲဖြစ်ရက်သားနဲ့ ကျွန်မကို စာမျက်နှာပေါင်းရာချီတဲ့ စာအုပ်ကိုတစ်နေ့ နှစ်မျက်နှာပဲ ဖတ်ခွင့်ပေးတဲ့ သူ့အကြံအစည်ကို ကျွန်မကလည်း မိန်းမသားတို့၏ မွေးရာပါ အရည်အချင်းအရ ရိပ်မိသားပဲ....။ ဒါပေမယ့်လည်း မသိချင်ယောင်တော့ ဆောင်ရတာပေါ့နော်...။
"ရွာချမယ့် တိမ်ဆိုလည်း ဝေးဝေးကပဲ အစကတည်းကငေးပါတယ် ခုတော့ တစ်ဘဝလုံး စိုထိုင်းသွားစေနိုင်လောက်သော အမှတ်တရတွေနဲ့ ကိုယ်ပိုင်ရာသီဉတုမရှိတဲ့ ကမ္ဘာမှာ ကျွန်တော် ရှင်သန်ပါတယ်...."
ကျွန်မတို့နှစ်ယောက်ရဲ့ မိုးထဲက တစ်ယောက်အသံတစ်ယောက်ကြားရတဲ့ အစွမ်းသတ္တိကလည်း ကျွန်မတို့နှစ်ယောက်အပြင်လက်တွေ့လောကမှာ လူချင်းဆုံပြီးနောက် ပျောက်ကွယ်သွားခဲ့ပါတယ်.....။ ခုတော့ ကိုယ်စွမ်းဉာဏ်စွမ်းကို စုပေါင်းပြီး သူနဲ့ ကျွန်မ Cloud 9 မှာပဲ အကျိုးတူစီးပွားရေးနဲ့ သူ့အပေါ်ထပ်လေးမှာ ကျွန်မရဲ့ ဖက်ရှင်ဒီဇိုင်နာရုံးခန်းလေး တွဲဖွင့်ဖြစ်သွားခဲ့တယ်....။
VIDEO
Voice In The Rain OST
VIDEO
Voice In The Rain Thai Drama Series
ဝန်ခံချက်။ ။ You Tube ကနေ Voice In The Rain Thai Drama စီးရီးတစ်ခု တစ်ပိုင်းတစ်စကြည့်မိရင်း Inspiration ပြန်ယူထားတဲ့ ကျွန်မရဲ့ စိတ်ကူးနဲ့ စပ်ခွန်ဇရဲ့ ကဗျာတချို့ကို သုံးပြီးပြန်ရေးသားထားခြင်းဖြစ်ပါတယ်....။
မိုးငွေ့