2015 January လတုန်းက "ညီမလေး" ဆိုတဲ့ပို့စ်လေးတင်ခဲ့ဖူးတယ်....။ ကျွန်မက အကြီးဆုံးသမီး ကျွန်မအောက်မှာ အသက်ခြောက်နှစ်ကွာတဲ့ မောင်လေးတစ်ယောက် နောက်ပြီး ရှစ်နှစ်ကွာတဲ့ တတိယမောင်လေးတစ်ယောက်ရယ် ကိုးနှစ်ခြားတဲ့ အငယ်ဆုံးညီမလေးတစ်ယောက်ရယ် မောင်နှမလေးယောက်ရှိတယ်....။ ညီမလေးအကြောင်းကရေးခဲ့ပြီးပြီမို့ အခုမောင်လေးနှစ်ယောက်အကြောင်းလေးရေးချင်လာမိလို့....ငယ်ငယ်တုန်းက အထက်တန်းကျောင်းမှာ My Parent တို့ My Mother တို့ My Father တို့ My Sister , My Brother တို့ ဆိုတဲ့ ခေါင်းစဉ်နဲ့ အင်္ဂလိပ်လိုအက်ဆေးရေးခိုင်းသလိုပါပဲ......။
ကျွန်မတို့မှာ မောင်နှမလေးယောက်ရှိတယ်....။ ကျွန်မအသက် ၁၂နှစ်ကျော်မှာပဲ အဖေဆုံးသွားခဲ့လို့ အမေ မုဆိုးမက မောင်နှမလေးယောက်ကို အဖွားနဲ့အတူနေရင်း ဈေးရောင်းပြီး ကျွေးမွေးစောင့်ရှောက်ခဲ့တယ်....။ အဒေါ်တွေက နယ်မှာနေရင် စာမတတ်မှာစိုးလို့ ပညာရေးကောင်းအောင် ကျွန်မကို ရန်ကုန်ခေါ်ပြီးကျောင်းထားပေးခဲ့တယ်...။ အမေနဲ့ မောင်နှမသုံးယောက်ကျန်ခဲ့တယ်...။ ဒုတိယမောင်လေးက အမေမွေးပြီး တစ်နှစ်သား လမ်းစမ်းလျှောက်တဲ့အချိန်မှာပဲ ဖျားလို့ဆေးထိုးလိုက်တာ အကြောထိပြီး ခြေထောက်တစ်ဖက်တိမ်သွားတယ်....။ မောင်နှမထဲမှာ သူကအဲလိုလေးချို့ယွင်းချက်ရှိတော့ တခြားသူတွေထက် အလိုလိုက်ခံရတယ်.... ။ ငယ်ငယ်တုန်းက ကျောင်းသွားရင် သူ့ကို အနိုင်ကျင့်နေကျ ကောင်လေးတစ်ယောက်ရှိတယ်...။ လူတွေရဲ့ မကောင်းတဲ့စိတ်က ကြောက်ဖို့ကောင်းတယ် ဘာလို့ ကိုယ့်လိုမပြည့်စုံတဲ့သူကို အနိုင်ယူချင်ရတာလဲ ဘာအရသာရှိသလဲ မေးကြည့်ချင်တယ်....။ ကျောင်းမှာ မောင်လေးကို ထော့ကျိုးဆိုပြီး ရိုင်းရိုင်းပြပြ Bully အလုပ်ခံရရင် ကျွန်မက ဒိုင်ခံပြန်တုန့်ပြန်တယ် အဲတုန်းက အနိုင်ကျင့်တတ်တဲ့ကောင်လေးကို ဘယ်လိုတွေ ရန်ပြန်ဖြစ်ခဲ့တယ်ဆိုတာတော့ မမှတ်မိတော့ပါဘူး....။ သေချာမှတ်မိနေတာက အဲကောင်းလေးက ပုပုလုံးလုံးနဲ့ လူကြီးစီးစက်ဘီးကို မမိတမှီနဲ့နင်းတတ်တဲ့ ရွာထိပ်ပိုင်းမှာနေတဲ့ တရုတ်စပ်ကောင်လေး....။
ကျွန်မမောင်လေးက သနားဖို့ကောင်းတယ် မောင်နှမလေးယောက်မှာ အသားအဖြူဆုံး မျက်ခုံးကောင်းကောင်း မျက်ဆံအညိုရောင်နဲ့ ရုပ်ဖြောင့်တယ်....။ ဗုဒ္ဓဘာသာအယူဆိုရင်တော့ ဝဋ်ကြွေးပါလာတယ်ပေါ့...။ အတန်းပညာအားဖြင့်လည်း ဆယ်တန်းတောင်မရောက်လိုက် ကိုးတန်းမှာတင် ကျောင်းဆက်မတက်တော့ဘူး....။ အမေက တစ်ယောက်ထဲ မကျွေးထားနိုင်တော့ ကလေးတွေကို ဟိုတစ်ယောက် ဟိုအဒေါ်ကိုပေး ဒီတစ်ယောက် ဒီအဒေါ်ကိုပေးနဲ့ အားလုံး တကွဲတပြားဆီနေကြရတာ ကျွန်မတို့မောင်နှမအစုံလင်နဲ့ မိသားစုအတူတူပြန်နေနိုင်တာမှ ဆယ်နှစ်ကျော်လောက်ပဲရှိဦးမယ်....။ မောင်လေးနှစ်ယောက်စလုံး အဒေါ် တို့(နွားနို့အဒေါ်)နဲ့ တပ်ထဲနေရင်း ကျောင်းတက်ရတာ အကြာကြီးပဲ....။ တတိယမောင်လေး တက္ကသိုလ်အဝေးသင်တက်တော့ ကျွန်မတို့ ရန်ကုန်မှာ (အမေစင်္ကာပူမှာ အလုပ်လုပ်ရင်း ဝယ်ပေးထားတဲ့တိုက်ခန်း) နေနေတဲ့အချိန်ဖြစ်လို့ တော်သေးတယ်...။ ဒုတိယမောင်လေးကတော့ အိမ်ပြန်လာနေတာ သိပ်မကြာသေးဘူး သူလဲ အဒေါ်အိမ်မှာနေလိုက် ဝမ်းကွဲအစ်မအိမ်မှာနေလိုက်နဲ့ အလုပ်လုပ်ရတယ်....။
နောက်ဆုံးကျွန်မအခု အိမ်ပြန်ခေါ်ထားတော့ စက်ဘီးအရောင်းဆိုင်တစ်ဆိုင်မှာသူအလုပ်ရတယ် ....။ သူအရင် ဦးလေးအိမ်မှာနေတုန်းက ဆိုင်ကယ် စက်ဘီးပြင်တာလုပ်ဖူးတော့ ဆိုင်ကယ်တွေ စက်ဘီးတွေ စတစ်ကာကပ်တာ အလှဆင်တာတွေ ကျွမ်းကျင်တယ်...။ သူ့အတွက် အဆင်ပြေသွားတယ်....။ တကယ်တော့ ဘယ်လောက်ပဲအမျိုးတော်တော် ကိုယ့်အရင်းချာလောက်တော့ ဘယ်သူမှ ကိုယ့်အပေါ် မေတ္တာမထားနိုင်ဘူးပဲ....။ ကိုယ့်အိမ်ကိုယ့်ရာ ကိုယ့်မိသားစုနဲ့အတူတူနေရတာလောက် ပြီးပြည့်စုံတာမရှိဘူး....။ ကျွန်မက အဲလိုပြည့်စုံမှုနဲ့ ငယ်ကတည်းကဝေးကွာခဲ့သူမို့ သိုက်သိုက်ဝန်းဝန်း နွေးနွေးထွေးထွေးနေရတာကို ပိုလိုလားတယ်...။ အမျိုးပဲဖြစ်ဖြစ် သူစိမ်းပဲဖြစ်ဖြစ် ငွေမရှိရင် နှိမ်ချင်ကြသူတွေချည်းပဲ နှိမ့်ချချင်ကြသူတွေချည်းပဲ....။ လောကမှာ ကိုယ်ကိုယ်တိုင် ရှာဖွေရရှိထားတဲ့ အရာလောက်ဘာမှမခိုင်မာဘူး ဘယ်သူ့ကိုမှ အားကိုးမျှော်လင့်ရတာကို မကြိုက်ဘူး....။
တတိယမောင်လေးက အမေမွေးကတည်းက ထွားတယ် ဆယ့်တစ်ပေါင်ရှိတယ် အိမ်မှာဒီတိုင်းမမွေးနိုင်လို့ ဆေးရုံမှာသွားမွေးခဲ့ရတယ်...။ အမေက သူ့ကိုယ်ဝန်တုန်းက အိမ်က ဗီဒီယိုရုံမှာ Bollywood ကားတွေအကြည့်များလို့လားမသိဘူး ကုလားဆင်လေးထွက်လာတယ်....။ မျက်လုံးမျက်ခုံးကောင်းကောင်း နှာတံမြင့်မြင့် အခုလူကြီးဖြစ်တော့လဲ အရပ်က ငါးပေဆယ့်တစ်လောက်မြင့်တယ်....။ သူ့ကို ကျွန်မအမွှာဒေါ်အငယ်ဆုံးလင်မယားက ငယ်ငယ်ကတည်းက မွေးစားထားတာ....။ တောမှာဆိုတော့ မွေးစားတယ်ဆိုတာ ပါးစပ်နဲ့ပဲ ဟိုလို အမွေစားအမွေခံတွေဘာတွေနဲ့မဟုတ်ပါဘူး....။ သူ သုံးလေးနှစ်သားလေးအရွယ်က လုံးလုံးလေး ဆံပင်နက်နက် ဂျပန်ကေလေးညှပ်ထားတာ ချစ်စရာလေး....။ ကြီးလာတော့ သူလဲ တပ်ထဲကအဒေါ်ဆီရောက် ကျောင်းနေရတာပဲ....။ တော်သေးသည် ဗိုလ်သင်တန်းတွေဘာတွေမတက်လိုက်လို့....။ နို့မို့ဆို အမျိုးတွေ အဲစစ်ထဲကကိုထွက်ရမှာမဟုတ်တော့ဘူး.....။ ခုတော့လဲ ကိုယ်တွေက အမျိုးရင်းတွေဘာတွေနားမလည်ဘူး နိုင်ငံရေးနဲ့ ပတ်သက်လာလို့ သဘောထားချင်းကွဲ အယူအဆချင်းကွဲရင် အဒေါ်ရယ် ဦးလေးရယ်မသိဘူး အားလဲမနာဘူး ဆွေဖြတ်မျိုးဖြတ် အပြတ်ပဲ အဆက်ဆံကိုမလုပ်တော့ဘူး......။
ဟိုတုန်းက ကျွန်မက မိန်းမဝါဒီနဲနဲဆန်ခဲ့ဖူးတယ်.....။ ဒီလိုစိတ်မရှိတော့တာ လေးငါးနှစ်လောက်ပဲရှိသေးတာပါ တကယ်တော့....။ မောင်နှမချင်းတောင် မောင်လေးထက် ညီမလေးကိုပိုချစ်တယ် မိန်းကလေးဖြစ်နေလို့ အဲလိုပေါ့...။ ယောကျာ်းလေးဆို ဘာမှအသုံးမကျတဲ့ကောင်လေးတွေ ဘာမှမသိတတ်တဲ့သူတွေလို့ပဲ စွဲမှတ်ထားခဲ့တာ...။ တယူသန်အစွဲတွေပေါ့...။ စာအုပ်ဖတ်ရင်လည်း မိန်းမစာရေးဆရာမစာအုပ်ကို ပိုဖတ်တာတို့ဘာတို့ပေါ့...။ ခုတော့ အစုံဖတ်ပါတယ် တကယ်တော့ ဒီလိုခွဲခြားတဲ့အတွေးမျိုးဝင်သွားခဲ့တာဟာလည်း ခေတ်အဆက်ဆက်က မိန်းမတွေကို တစ်ဆင့်နိမ့်တဲ့သူလို့ သမိုင်းတလျှောက်သတ်မှတ်ထားခဲ့တာတွေကို ဖတ်ဖူးကြည့်ဖူးခဲ့တဲ့ အသိတွေ အတွေးတွေကြောင့်လဲပါပါတယ်....။ နောက်ပိုင်းအားလုံးကို Balance ညီညီမျှမျှတွေးတတ်သွားချိန်မှာ ကိုယ်သိချင်တဲ့သူရဲ့စိတ်ထဲကိုဝင်ထိုင်ကြည့်နိုင်တဲ့အချိန်မှာ သူတို့ခံစားချက်တွေကို နားလည်လာရတယ် ကိုယ်ချင်းစာနာတတ်တဲ့စိတ်ကို ပိုနားလည်သွားချိန်ကစပြီးပေါ့....။
ဘဝအကျိုးပေးကြောင့် မိမစုံဖမစုံ တကွဲတပြားနေခဲ့ကြရသူတွေမို့ ကျွန်မတို့မောင်နှမလေးယောက်စလုံးမှာ ကိုယ်စီတော့ အတွင်းစိတ်ဒဏ်ရာတွေရှိကြတယ်....။ Inner Child လို့ခေါ်တဲ့ ဒီစိတ်လေးက ဟိုးအတွင်းဆုံးလွှာမှာ တိတ်တိတ်ကလေး ပုန်းအောင်းနေတတ်တယ်.....။ တခါတခါ ပေါ်လာခဲ့ရင် နာကျင်ခံစားရတယ်...။ အဲဒီစိတ်ကလေး လုံးဝပျောက်သွားအောင်လုပ်ဖို့ဆိုတာခဲရင်းပါတယ်....။ ခုတော့ အတတ်နိုင်ဆုံးကျွန်မတို့အတူတူပြန်နေနိုင်နေတဲ့အချိန်မှာ ချစ်ချစ်ခင်ခင် နွေးနွေးထွေးထွေးနေကြတယ် တစ်ယောက်တာဝန်တစ်ယောက်သိပြီး ဖေးမကြတယ်....။ ညီမလေးက အိမ်ထောင်ကျသွားပြီမို့ မောင်လေးနှစ်ယောက်နဲ့ကျွန်မရယ်အမေရယ်အတူနေကြတယ်....။ ကျွန်မမောင်လေးနှစ်ယောက်က ဒုတိယတစ်ယောက်ဟင်းချက်တတ်တယ်.... တတိယမောင်လေးက မုန့်လုပ်တာကျွမ်းကျင်တယ်...။ အိမ်မှာ ပေါင်မုန့် ကိတ်မုန့် ပီဇာ ပလာတာ အီကြာကွေး ဘာမှအပြင်ကဝယ်မစားဘူး မောင်လေးက တစ်ပတ်ကို မုန့်သုံးရက်လောက်လုပ်ဖြစ်တယ်.....။ ပေါင်မုန့်တစ်ခါဖုတ်ရင် နှစ်ရက်လောက်စားရတယ် .....။ တစ်ခါတစ်လေ ကျွန်မက ကန်ဇွန်းဉပေါက်စီလုပ်တယ်....။ မနက်စာအပြင်စာ မဝယ်စားတာများတယ်....။ ထမင်းကြမ်းပိုရင် ထမင်းကြော်နဲ့ ဗလာချောင်ကြော် ကင်မ်ချီ အဲဒါတွေနဲ့စားတယ်...။ ဆိုတော့ အိမ်မှာက အိုးသူကြီးတွေချည်းပဲ အစားလဲချေးမများဘူး ဘာမှမရှိလဲ ကြက်ဉကြော် လက်ဖက်ထမင်းသုပ်လုပ်စား....။ တစ်ယောက်ကို တစ်ယောက်ဝန်ထုပ်ဝန်ပိုးတွေမပေးကြဘူး ကိုယ့်တာဝန်ကိုယ်ကျေကြတယ်...။ မေတ္တာတရားရဲ့ အစွမ်းပကားပါပဲ....။ ပြီးတော့ ကျွန်မတို့မောင်နှမတွေ ဝေးနေတဲ့အချိန် အတူပြန်နေတဲ့အချိန်မှာရော တခါမှရန်မဖြစ်ဖူးကြဘူး ဒီနေ့ထိ.....။
မောင်လေးနှစ်ယောက်ကြောင်းကိုရေးတာပေမယ့် မောင်နှမလေးယောက်စလုံးဆက်စပ်ပါသွားပါတယ်...။ ကျွန်မကတော့ ငွေကြေးမချမ်းသာရင်နေပါစေ စိတ်ချမ်းချမ်းသာသာနဲ့ မိသားစုစုံ နေထိုင်စားသောက်နိုင်တဲ့ဘဝ ပိုင်ဆိုင်ရရင်ကျေနပ်ပြီ....။ ဘယ်သူ့အပေါ်မှာမှ အကြွေးမတင်တဲ့ ကိုယ့်ခြေထောက်ပေါ်ကိုယ်လွတ်လပ်စွာရပ်တည်နိုင်တဲ့ အမှီအခိုကင်းတဲ့ဘဝမျိုးရရပါစေ.....။
_____________________
Revolution will prevail
မိုးငွေ့