Sunday, 5 September 2021

အိမ်ရဲ့အဝေး.....အလင်းနှစ်သန်းပေါင်းများစွာ





ကျွန်မဘဝမှာ ကိုယ်အရမ်းနှစ်သက်တဲ့စာရေးဆရာရဲ့စာအုပ် ဒါမှမဟုတ်ကိုယ်အရမ်းဖတ်ချင်နေတဲ့ စာအုပ်တစ်အုပ်ရလိုက်တာဟာ ဇိမ်ခံပစ္စည်းတစ်ခုရလိုက်တာလိုမျိုးကို ပျော်ရွှင်ဝမ်းမြောက်ရတယ်....။ Iph အသစ်တစ်လုံးရရင်တောင် အဲလောက်မပျော်ဘူး....။ ကိုယ်ဖတ်ချင်တဲ့ စာအုပ် ကိုယ်နားထောင်ချင်နေတဲ့ သီချင်း ကိုယ်ကြည့်ချင်နေတဲ့ ရုပ်ရှင်ကား ကိုယ်အရမ်းစားချင်နေတဲ့ အစားအစာ ဒါမျိုးများရလို့ရှိရင်တော့ အပျော်ဆုံးအချိန်ပဲ....။


မနှစ်က ဗယ်လင်တိုင်းမတိုင်ခင် စပ်ခွန်ဇ စာအုပ်ကို အမှတ်မထင် အင်းဝမှာတွေ့လို့ဝယ်လိုက်တယ် အဲတုန်းက စပ်ခွန်ဇဆိုတဲ့စာရေးသူကိုလဲ တစ်ခါမှမကြားဖူးဘူး သူ့စာလဲမဖတ်ဖူးခဲ့ဘူး အဲဒီစာအုပ်က "ခင်ဗျားကို ကျွန်တော်ချစ်တယ်" ဆိုတဲ့စာအုပ်....။ အဲတုန်းက ကျွန်မ သူ့စာအုပ်ထဲက ကျွန်မနှစ်သက်တဲ့ စာပိုဒ်လေးတွေကို အပိုင်းလေးပိုင်းခွဲပြီး တင်ပေးဖူးခဲ့သေးတယ်...။ ဒီစာအုပ်ကတော့ စပ်ခွန်ဇရဲ့ ဒုတိယစာအုပ်ကလေး သူ့ချစ်သူကို အိမ်နဲ့တင်စားပြီးရေးထားတဲ့ သူရဲ့လွမ်းချင်းတွေ ကျွန်မကြိုက်တဲ့ High Light လေးတွေကိုရေးပြပေးသွားမယ်....။ 








သစ်ရွက်ကြွေတွေ ......
တဖျတ်ဖျတ်လွင့်နေမယ့် မင်းဆံပင်တွေ .....
ပုံပြင်ထဲမှာပဲ ပွင့်မယ့်ပန်းတွေ.... 
အိပ်မက်ထဲမှာ ခဏ ခဏမက်သော ထွက်သွားတဲ့ ခြေသံတွေ..
ဘယ်တော့မှ ပြန်မလာတော့ဘဲ နွေရဲ့ ခြေသံဖွဖွလေးဟာ
ခင်ဗျားဖြစ်တယ်......။


************


အကြောင်းပြချက်မရှိဘဲ ကျန်ခဲ့ရတဲ့ စိတ်ဒဏ်ရာတွေ
မခေါ်ဘဲ ရောက်ရောက်လာတဲ့ ဧည့်သည်တွေ
အတင်းဖက်တွယ်ထားတဲ့ကြားရုန်းထွက်သွားတဲ့ အငွေ့အသက်တွေ
ပြီးတော့......
ဝင်မလာခင် ကြိုခံစားရတဲ့ ဆွေးဆွေးမြေ့မြေ့နိုင်သော နွေရာသီတွေ.....။


************


အပြီးဝေးသွားကြပြီဆိုတာကို
လက်မခံနိုင်သေးသရွေ့
ကျွန်တော်တို့ဟာ ဒီဒဏ်ရာနွံတွေထဲ နစ်နေဦးမှာ
ဘယ်တော့မှ ပြန်မလာတော့မယ့်သူကို
ပြန်လာနိုးနိုး ခိုးမျှော်ရတာမျိုးက
တကယ်ပျော်ဖို့ကောင်းရဲ့လားဗျာ......။


************

အခုဆို ငြိမ်ငြိမ်လေး
ကျွန်တော့်အသိစိတ်တွေ အငွေ့ပျံနေလေရဲ့
စိတ်ဦးတည့်ရာတွေ ခရီးထွက်တယ်
ရောက်လေရာရဲ့ နေဝင်ချိန်တိုင်းကို ငေးရင်း
မငိုဘဲ မျက်ရည်ကျတာဟာ
ကျွန်တော့်သတိတရဖြစ်မှုရဲ့ အတိမ်အနက်ပါပဲလို့
စာတွေ အရှည်ကြီးရေးမယ်......။


************


တကယ်တော့....
ကျွန်တော်ဟာ အအေး မိနေသော ဆောင်းဦးရာသီလေးပါပဲ
မယ်ကတော့....
ကျွန်တော့်စိတ်ကူးနဲ့သာ ချစ်ခွင့်ရှိသော
ကျွန်တော်မရောက်ဖူးသော ဉရောပတိုင်းပြည်တစ်ခုက 
မေပယ်လ်ရွက်နီနီလေးပေါ့......။


***********


သိပ်ချစ်တယ်ဆိုတာလေးနဲ့ပဲ ဖက်တွယ်ထားချင်ခဲ့တာ
ကျွန်တော်စွဲစွဲလမ်းလမ်းသောက်ခဲ့တဲ့ ပေါ့ဆိမ့်ကို 
သူလိုက်သောက်တဲ့အခါ အတိုင်းအဆမရှိ ပျော်မိတာမျိုးပေါ့
ထုတ်မပြခဲ့တဲ့ အချစ်တွေက ပိုလွမ်းဖို့ကောင်းပါတယ်....။


**********


အလွမ်းတွေ ညို့နေတဲ့ ညနေတိုင်း
ကျွန်တော်အမြဲပြန်ချင်ခဲ့သော အိမ်ဟာ မယ်ပေါ့....
ဆရာအောင်ခင်မြင့်ရေးတဲ့ စာထဲကလိုပါပဲ
လူတစ်ဦးတစ်ယောက်အတွက်
အိမ်ဆိုတာ နေရာဒေသတစ်ခုမဟုတ်ဘဲ
လူတစ်ဦးတစ်ယောက်လည်း ဖြစ်နေနိုင်တာမျိုးပေါ့
မယ်ဟာ ကျွန်တော့်ရဲ့ ကမ္ဘာသစ်တစ်ခုက အိမ်ပါပဲ
ကျွန်မမစစ်မှန်ဘူးလို့ ခံစားရသော အရာတွေကို 
အဲဒီအိမ်လေးဆီ ဘယ်တုန်းကမှ မသယ်သွားချင်ခဲ့


**********


ခင်ဗျား စိတ်လိုလက်ရရှိတဲ့ အချိန်မျိုးမှာမှ
ကျွန်တော့်ကို အရမ်းချစ်တယ်လို့ပြောပါ....
ဒါက ကျွန်တော့်လက်ကျန် လူ့သက်တမ်းကို 
ဆက်ဖြတ်သန်းစေချင်သော
တစ်ခုတည်းသော အကြောင်းပြချက်ပါပဲ
နာကျင်ချိန်ပိုတွေ ဖြစ်သွားခဲ့ပါစေပေါ့ကွယ်......။


**********


စိတ်ကူးနဲ့ ဖူးတဲ့ နှင်းဆီဖြူတွေကလည်း
ရုတ်ရုတ်သဲသဲပွင့်လိုက်ကြတာ
ရင်ထဲမှာတော့ ငါမခြွေဘဲ ကြွေခဲ့တဲ့
ပွင့်ဖတ်ကြွေတွေ
ရနံ့တွေနဲ့
မြတ်နိုးခြင်းမှာ
ငါ့ကိုယ်ငါ အစွမ်းကုန်ဖူးပွင့်ပစ်ရတယ်.....။


***********


ပျော်ရွှင့်ခြင်းအစစ်ဆိုတာ
ပြန်စိုက်ပျိုးလို့ မရတော့လေသော အိပ်မက်ဟောင်းတွေပါပဲ....
မိုးရေတွေထဲမှာ
မိုင်တွေ အများကြီးဖြတ်ပြီး
အိမ်ကို လွမ်းလွမ်းဆွတ်ဆွတ် ပြန်ပြေးဖူးလား
ဒီမှာတော့ မိုးတွေ သိပ်ရွာနေတာပဲ မယ်ရယ်....
နာကျင်ရမှန်း သိတာတောင်
အရာရာကို ပြန်တွေးမိတဲ့အထိပါပဲ
အခွင့်အရေးရခဲ့ရင်ပေါ့
ပြန်စရာ အိမ်မရှိတော့တဲ့ ခံစားချက်ကို
ကိုယ့်အိမ်လေးကို ငိုယိုပြီး ပြောပြရဦးမယ်.....။


**********


ကော်ဖီဆိုင်လေးထဲကနေ
မြူတွေဝေ့ဝဲကျနေတာကို
တိတ်တိတ်လေးအတူတူ ငေးကြည့်ချင်တာမျိုး

အခုထိ နှင်းမကွဲသေးတဲ့
တစ်ခါက ဆောင်းမနက်တွေ.....။


***********


ရွာမချမယ့် တိမ်ဆိုလည်း
ဝေးဝေးကပဲ အစောကတည်းက ငေးပါတယ်
အခုတော့ တစ်ဘဝလုံး စိုထိုင်းသွားစေနိုင်လောက်သော အမှတ်တရတွေနဲ့

ကိုယ်ပိုင်ရာသီဉတုမရှိတဲ့ ကမ္ဘာမှာ
ကျွန်တော်ရှင်သန်ပါတယ်.....။


***********


သတိရတယ်ဆိုတာ
မီးခိုးမထွက်ဘဲ လောင်ကျွမ်းနေတဲ့ 
အတိတ်ကာလတွေပဲ ဖြစ်မှာပါ
မိုးတွေ ရွာနေပေမယ့်
ပန်းတွေ မပွင့်တော့ပါဘူးတဲ့......။


**********


မှိုင်းမှုံပြာရီနေတော့တာပါပဲ...
လမ်းမတွေ
လူတွေ
ထွက်ခါနီး အဝေးပြေးကားကြီးတွေ
ဝင်လုဆဲဆဲ နေလုံးနီနီ
သေလုဆဲဆဲ စိတ်တွေ
မြင်လေးသမျှဟာ နင်ကျင်စရာအသွင်ပဲ ရှိတော့တယ်.....။


**********


စိတ်နဲ့ကိုယ်နဲ့ မကပ်ဘဲ မိုင်တွေ အများကြီးအထိ
ခြေဦးတည့်ရာ ထွက်ပြေးလိုပြေး
အရက်တွေ မူးပြီး အသည်းကွဲသီချင်းတွေ အော်ဆိုလိုက်
တမ်းတစာတွေ အရှည်ကြီးရေးလိုက်
ပြိုကျလိုက် ပြန်တည်ဆောက်လိုက်နဲ့...

ကျွန်တော်က ခင်ဗျားကောင်းကင်မှာ လင်းလက်ခဲ့ဖူးပါတယ်
ဒါပေမယ့် အစောကြီးကြွေသွားရတဲ့ ကြယ်လေးပေါ့.....

ဒီလိုနဲ့ ငါဟာ ....
နောက်ဆုံးကျ 
အိမ်ရဲ့ အဝေး....
အလင်းနှစ်သန်းပေါင်းများစွာမှာ...။


ချစ်ခြင်းဖြင့်
စပ်ခွန်ဇ


_____________________________
Revolution will prevail
မိုးငွေ့


No comments: