နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ
ပူဇော်သမျှကိုခံယူတော်မူထိုက်သော အလုံးစုံသောတရားတို့ကို မဖောက်မပြန်
ကိုယ်တော်တိုင်သိတော်မူသော မြတ်စွာဘုရား....
ပိဋိကတ်သုံးပုံ = သုတ္တန်, ဝိနည်း, အဘိဓမ္မာ
အဘိဓမ္မာ = စိတ်, စေတသိတ်, ရုပ်, နိဗ္ဗာန်
စိတ် (၈၉) = လောကီစိတ် (၈၁) + လောကုတ္တရာစိတ်(၈)
အာရုံကိုသိတဲ့ သဘောကို စိတ်လို့ခေါ်ပါတယ်...။ စိတ်ဆိုတာ အာရုံရှိမှဖြစ်တာ...။ အာရုံမရှိရင် စိတ်မရှိနိုင်ပါဘူး..။ စိတ် ၈၉ ထဲက လောကီစိတ် (၈၁)ပါးကို အသေးစိပ်ထပ်ရေးပြပါမယ်...။
လောကီစိတ် (၈၁)
ကာမဝိစရစိတ် = ၅၄ ပါး
ရူပါဝိစရစိတ် = ၁၅ ပါး
အရူပါဝိစရစိတ် = ၁၂ ပါး
-------------------------
စုစုပေါင်း ၈၁ ပါး
-------------------------
ကာမဝိစရစိတ် (၅၄)ပါး
အကုသိုလ်စိတ် = ၁၂ ပါး
အဟိတ်စိတ် = ၁၈ ပါး
ကာမသောမနစိတ် = ၂၄ ပါး
---------------------------
စုစုပေါင်း ၅၄ ပါး
---------------------------
စိတ်ပိုင်း(၁) မှာတုန်းက အကုသိုလ်စိတ်(၁၂) အကြောင်းကို ပြောပြပြီးပြီမို့ (၂) မှာ အဟိတ်စိတ်(၁၈)ပါးကို ကျွန်မ ဖတ်မှတ်သလောက်လေး ရေးပြချင်ပါတယ်...။
အဟိတ်စိတ် (၁၈)ပါး
အကုသလဝိပါတ်စိတ် = ၇ ပါး
အဟိတ်ကုသလဝိပါတ်စိတ် = ၈ ပါး
အဟိတ်ကြိယာစိတ် = ၃ ပါး
--------------------------------------------
စုစုပေါင်း ၁၈ ပါး
--------------------------------------------
အကုသလ ဝိပါတ်စိတ် (၇)ပါး တနည်းအားဖြင့် အကုသိုလ်ဝိပါတ်စိတ်
ဉပေက္ခာသဟဂတ စက္ခုဝိညာဏစိတ် (၁၃) မြင်သိစိတ်
ဉပေက္ခာသဟဂတ သောတဝိညာဏစိတ် (၁၄) ကြားသိစိတ်
ဉပေက္ခာသဟဂတ ဃာနဝိညာဏစိတ် (၁၅) နံသိစိတ်
ဉပေက္ခာသဟဂတ ဇိဝှါဝိညာဏစိတ် (၁၆) စားသိစိတ်
ဒုက္ခသဟဂတ ကာယဝိညာဏစိတ် (၁၇) ထိသိစိတ်
ဉပေက္ခာသဟဂတ သမ္ပဋိစ္ဆနစိတ် (၁၈) အာရုံလက်ခံစိတ်
ဉပေက္ခာသဟဂတ သန္တီရဏစိတ် (၁၉) အာရုံစူးစမ်းစိတ်
အဟိတ်ကုသလ ဝိပါတ်စိတ် (၈)ပါး တနည်းအားဖြင့် ကုသိုလ်ဝိပါတ်စိတ်
ဉပေက္ခာသဟဂတ စက္ခုဝိညာဏစိတ် (၂၀)
ဉပေက္ခာသဟဂတ သောတဝိညာဏစိတ် (၂၁)
ဉပေက္ခာသဟဂတ ဃာနဝိညာဏစိတ် (၂၂)
ဉပေက္ခာသဟဂတ ဇိဝှါဝိညာဏစိတ် (၂၃)
သုခသဟဂတ ကာယဝိညာဏစိတ် (၂၄)
ဉပေက္ခာသဟဂတ သမ္ပဋိစ္ဆနစိတ် (၂၅)
သောမနဿသဟဂတ သန္တီရဏစိတ် (၂၆)
ဉပေက္ခာသဟဂတ သန္တီရဏစိတ် (၂၇)
အဟိတ်ကြိယာစိတ် (၃)ပါး
ဉပေက္ခာသဟဂတ ပဉ္စဒွါရာဝဇ္ဇနစိတ် (၂၈)
ဉပေက္ခာသဟဂတ မနောဒွါရာဝဇ္ဇနစိတ် (၂၉)
သောမနဿသဟဂတ ဟသိတုပ္ပါဒစိတ် (၃၀)
ကျွန်မ အခုရေးပြထားတဲ့ အနောက်က နံပါတ်စဉ်တွေဟာ စိတ် (၈၉)ပါးရဲ့ နံပါတ်စဉ်တွေအတိုင်းရေးပြထားတာပါ....။ စိတ်ပိုင်း(၁) မှာတုန်းက အကုသိုလ်စိတ် (၁၂) ပါးကို ပြောပြခဲ့ပြီးတာမို့ အခု အဟိတ်စိတ် (၁၈)ပါးနဲ့ပေါင်းလိုက်တော့ အပါး(၃၀)ထိရောက်သွားပါပြီ...။
စက္ခုဝိညာဏ = မြင်သိ
သောတဝိညာဏ = ကြားသိ
ဃာနဝိညာဏ = နံသိ
ဇိဝှါဝိညာဏ = အရသာသိ
ကာယဝိညာဏ = ထိသိ
သမ္ပဋိစ္ဆန = လက်ခံ
သန္တီရဏ = စုံစမ်း
ပဉ္စဒွါရာဝဇ္ဇန = ငါးဒွါရ၌ ဆင်ခြင်
မနောဒွါရာဝဇ္ဇန = မနောဒွါရ၌ ဆင်ခြင်
ဟသိတုပ္ပါဒ = ရယ်ခြင်းကိုဖြစ်စေတတ်
ဒုက္ခသဟဂတ = ဆင်းရဲခြင်းနှင့်တကွဖြစ်
သုခသဟဂတ = ချမ်းသာခြင်းနှင့်တကွဖြစ်
မှတ်သားရန် ။ ။ အကုသိုလ်ဝိပါတ် မြင်သိစိတ်နဲ့ ကုသလဝိပါတ် မြင်သိစိတ် နှစ်ခုပေါင်းကို စက္ခုဝိညာဏ်ဒွေ two eye-consciousness elements လို့ခေါ်ပါတယ်....။ သောတ ဃာန ဇိဝှါ ကာယ တို့ကိုလည်း အလားတူဖြစ်တယ်...။ အကုသိုလ်ဝိပါတ်နဲ့ ကုသိုလ်ဝိပါတ် အာရုံလက်ခံစိတ်နှစ်ခုပေါင်းကိုလည်း သမ္ပဋိစာ္ဆိုင်းဒွေ two recipient-consciousness elements လို့ခေါ်ပါတယ်...။ အာရုံဆင်ခြင်စိတ် ပဉ္စဒွါရာဝဇွန်းနဲ့ သမ္ပဋိစ္ဆိုင်းဒွေ နှစ်ခုပေါင်းကို မနောဓါတ် mind elements လို့ခေါ်ပါတယ်...။ ပဉ္စဒွါရာဝဇ္ဇန်း နဲ့ မနောဒွါရာဝဇ္ဇန်း နှစ်ခုပေါင်းကို အာဝဇ္ဇန်းဒွေ two adverting consciousness လို့ခေါ်ပါတယ်...။
အကုသိုလ်ဝိပါတ်မြင်သိစိတ် (၁၃-၁၇) + ကုသိုလ်ဝိပါတ်မြင်သိစိတ် (၂၀-၂၄) = စက္ခုဝိညာဏ်ဒွေ
အကုသိုလ်ဝိပါတ် အာရုံခံစိတ်(၁၈-၁၉) + ကုသိုလ်ဝိပါတ်အာရုံခံစိတ် = သမ္ပဋိစ္ဆိုင်းဒွေ
ပဉ္စဒွါရာဝဇွန်း (၂၈) + သမ္ပဋိစ္ဆိုင်းဒွေ (၁၈+၂၅ =မနောဓါတ်
@@@@@@@@@@@@@
"ဟိတ်" ဆိုတာ ဟေတု "Hetu"ဆိုတဲ့ ပါဠိဝေါဟာရက ဆင်းသက်လာတာပါ...။ ဟိတ်ဟန်ကြီးတာ မဟုတ်ဘဲ အကြောင်းတရား ဒါမှမဟုတ် အရင်းအမြစ် Cause (or) Root ကိုဆိုလိုတာပါ...။ "အဟိတ်" ဆိုတာ မထက်မြက် မတင့်တယ်တဲ့ စိတ်ကိုခေါ်တာပါ...။
ဘဝတစ်ခုမှာ အသိဉာဏ်ပါတဲ့ အမောဟဆိုတဲ့ "ပညာ" အလောဘ အဒေါသ ဆိုတဲ့ ဟိတ်သုံးပါးနဲ့ ပဋိသန္ဓေနေသူကို "တိဟိတ်" ပုဂ္ဂိုလ်လို့ခေါ်တယ်...။ အသိဉာဏ်မပါဘဲ အလောဘ အဒေါသဆိုတဲ့ ဟိတ်နှစ်ပါးသာပါတဲ့သူကို "ဒွိဟိတ်" ပုဂ္ဂိုလ်လို့ခေါ်တယ်...။
တိဟိတ် ပုဂိ္ဂုလ်က အသိဉာဏ်ပါလို့ ဒီဘဝမှာ ကျင့်ကြံအားထုတ်ရင် တရားထူးတရားမြတ်ရသွားနိုင်တဲ့ ပုဂ္ဂိုလ်မျိုးပါ...။ ဒွိဟိတ်ကတော့ ကျင့်ကြံအားထုတ်ပေမယ့် တိဟိတ်ပုဂ္ဂိုလ်လောက် စွမ်းရည်မထက်မြတ်ဘူး...။ ဒါပေမယ့် ကြိုးစားမယ်ဆိုရင် ရသင့်ရထိုက်တဲ့ တရားအခြေခံတွေရပြီး နောင်ဘဝမှာ တရားအသိဉာဏ်ပွင့်လင်းသွားမှာပါ...။ ဒွိဟိတ်နဲ့ တိဟိတ် ဆိုတာ ကိုယ်မှ မသိနိုင်တော့ ဘယ်နေရာမှာမှ မလျော့ဘဲ ကြိုးစားရင် ဝီရိယအကျိုးကိုတော့ ထိုက်သင့်သလောက် ခံစားရမှာပါ...။
"အဟိတ်" ဆိုတာ ဟိတ်တစ်ခုမှမပါတဲ့ တိရစာ္ဆန်ဘဝမျိုး ဖြစ်တယ်...။ သူတို့မှာ လူတွေလို ပါရမီဖြည့်ဆည်းဖို့ ကောင်းတဲ့ ဟိတ်တစ်ခုမှမပါလို့ အဟိတ်တိရစာ္ဆန်လို့ခေါ်တာပါ...။
အကုသလဝိပါတ်ဆိုတာ....
ဝိပါတ်ဆိုတာ ကံရဲ့အကျိုးပေးဖြစ်လို့ ဘဝမှာ မကောင်းတဲ့ အနိဌာရုံ Undesirable object တွေ မြင်တွေ့နေရတာဟာ တိုက်ဆိုင်လို့ဖြစ်တယ်လို့ထင်မြင်ကြတယ်...။ ကိုယ်မကြားချင်တဲ့ ဆဲဆိုသံတွေ နားမထောင်ချင်တဲ့အသံတွေကြားရတာ မကြိက်တဲ့ အနံ့တွေရှူနေရတာ မစားချင်တဲ့အစာတွေစားရတာတွေဟာ တကယ်တော့ ရှေ့က ပြုခဲ့တဲ့ အကုသိုလ်ကံရဲ့အကျိုးပေးတွေပါ...။ ဒါကြောင့် အကုသလဝိပါတ်စိတ်ဖြစ်တယ်....။
ကုသလဝိပါတ်ဆိုတာ....
ကောင်းတာတွေမြင်ရတယ် သာယာတဲ့ သီချင်းသံတွေနဲ့ တရားဓမ္မတွေ ကြားရတယ် သင်းပျံ့တဲ့ရနံ့တွေရတယ် အရသာရှိတဲ့ အစားအစာတွေစားနေရတာကလည်း ရှေးကုသိုလ်ကံ အကျိုးပေးတွေပါပဲ...။ ဒီကုသိုလ် အကုသိုလ်နှစ်ခုကြားမှာ မြင် ကြား ရနံ့နဲ့ အရသာ သိစိတ်ဆိုတဲ့ ဝိပါတ်စိတ်တွေဟာ အလယ်အလတ် ဉပေက္ခာဝေဒနာတွေနဲ့ပဲ ယှဉ်ပါတယ်...။
ဘာလို့ ဉပေက္ခာနဲ့ယှဉ်တာလဲ....?
ဉပေက္ခာဆိုတာ သောမနဿ ဒေါမနဿတို့လို မထက်ဘဲ နည်းနည်း Dull ဖြစ်တယ်....။ ဒါကလည်း မြင် ကြား ရနံ့ ရသာ သိစိတ်တွေဟာ တစ်ခဏချင်းမှာ လျင်လျင်မြန်မြန်ဖြစ်သွားလို့ ဝမ်းသာဝမ်းနည်း မရှိဘဲ ဉပေက္ခာဝေဒနာနဲ့ပဲယှဉ်လို့ပါ....။
မျက်စိအကြည်ကလည်း အပျော့စားရုပ် ရူပါရုံလည်း အပျော့စားရုပ်ဆိုတော့ သူတို့နှစ်ခုဆုံမိတဲ့အခါ ဂွမ်းလုံးလေးနှစ်ခုတိုက်မိသလို ဒေါင်ခနဲမမြည်ပါဘူး နူးညံ့လွန်းလို့ မသိလိုက်မသိဘဲ ဉပေက္ခာပဲဖြစ်တယ်...။ အလားတူ ကြားစိတ် ရနံ့သိစိတ် ရသာသိစိတ်တွေမှာလည်း အပျော့စားရုပ်နှစ်ခုတိုက်မိလို့ ဉပေက္ခာပဲဖြစ်ပါတယ်...။
ဉပါဒါရုပ် Derived Matter = ဆင့်ခံရုပ်ဖြစ်တဲ့ အဆင်း အနံ့ အရသာ ရုပ်တွေိကို ဉပါဒါရုပ် ဒါမှမဟုတ် ပျော့စားရုပ်လို့ခေါ်တယ်....။
အမာစားရုပ် The four great material = ပထဝီ တေဇော အာပေါ ဝါယော ဆိုတဲ့ မဟာဘုတ်လေးပါးကို အမားစားရုပ်လို့ခေါ်တယ်...။
ပထဝီ တေဇော ဝါယော သုံးခုပေါင်းထားတာကို ဖောဌဗ္ဗလို့ခေါ်တယ်...။ ကာယပသာဒ Sensitive Body က အပျော့စားဆိုပေမယ့် သူနဲ့တိုက်တဲ့ ဖောဌဗ္ဗာရုံ Tangible Object ကထိတွေ့လို့ရတဲ့ အမာရုပ်ဖြစ်နေတော့ ဂွမ်းလုံးလေးကို စားပွဲပေါ်တင်ပြီးတူနဲ့ထုတော့ ဂွမ်းတင်မကဘူး စားပွဲပါထိတော့ ဒိုင်းခနဲမြည်သွားတာမို့ ကာယဝိဉာဏ်စိတ် နာကျင်ခံစားမှုဖြစ်လာတယ်...။ ခေါ်တော့ ဒုက္ခသဟဂုတ်ကာယဝိဉာဏ်စိတ် ...။ ဒုက္ခဆင်းရဲဆိုတဲ့ မကောင်းတဲ့ ခံစားမှု...။
သမီးရည်းစားဘဝမှာ လက်ဖဝါးလေးကိုင်ပြီး လမ်းလျှောက်မယ် ပခုံးလေးမှာ မှီမယ်ဆိုတာ ကုသိုလ်ဝိပါတ်ဖြစ်တဲ့ သုခသဟဂုတ်ကာယဝိဉာဏ်စိတ်ပဲဖြစ်တယ်...။ စိတ်ထဲမှာ ပြောမပြတတ်အောင် သာယာချမ်းမြေ့နေတာဟာ အဲဒီစိတ်ဖြစ်နေတာပဲ....။ တစ်ယောက်နဲ့တစ်ယောက် ကတောက်ကဆဖြစ်လို့ ပစ္စည်းတွေနဲ့ ပစ်ပေါက်တယ်ဆိုတာ နာကျင်ခံစားရတယ်...။ အဲဒါ ဒုက္ခသဟဂုတ်ကာယဝိဉာဏ်စိတ်....။ ကာယဝိဉာဏ်စိတ်မှာ ဒုက္ခနဲ့သုခ ဆိုပြီး နှစ်မျိုးကွဲသွားတာ....။
ဉပမာထပ်ပေးကြည့်မယ် မြို့နဲ့အလှမ်းဝေးတော့ အရသာရှိတဲ့ အစားအသောက်တွေနည်းလို့ အကုသလဝိပါတ်ဇိဝှါဝိဉာဏ်စိတ်ဖြစ်တာများတယ်...။ ဒါပေမယ့် အရသာရှိတာတွေစားရတော့လည်း ကုသိုလ်အကျိုးပေးကြောင်းဖြစ်တဲ့ ကုသလဝိပါတ်ဇိဝှါဝိဉာဏ်စိတ်တွေဖြစ်နေပါတယ်...။ ဒီလိုမြင်စိတ်ကနေ ထိသိစိတ်အထိ ကုသိုလ် အကုသိုလ် အကျိုးပေးနစ်ခုရှိလို့ တွဲပြီး စက္ခုဝိညာဏ်ဒွေး, သောတဝိညာဏ်ဒွေး, ဃာနဝိညာဏ်ဒွေး, ဇိဝှါဝိညာဏ်ဒွေး, ကာယဝိညာဏ်ဒွေး လို့ခေါ်တယ်...။ ဒွေးဆိုတာ ဒွိကလာတာ နစ်ခုကိုဆိုလိုတာပါ...။
အဟိတ်စိတ် (၁၈)ပါး မှာ အဟိတ်ကြိယာစိတ်ကို နောက်တစ်ပိုင်းကျမှာထပ်ပြောပါမယ် နည်းနည်းရှည်သွားလို့ ခေါင်းရှုပ်သွားမှာစိုးလို့ပါ...။
မှတ်ချက်။ ။ ခွဲစိတ်ပါမောက္ခ ဒေါက်တာစိန်လင်း၏ ရွှေစင်မြင်းမိုရ်အဘိဓမ္မာစာအုပ်မှ ကောက်နုတ်ပါသည်...။ ကျွန်မလေ့လာပြီးသလောက် မှတ်သားထားသည်များကို သဘောပေါက်လွယ်အောင် အပိုင်းခွဲပြီး ဆက်လက်ရေးသားဖော်ပြပေးပါဦးမယ်....။ ဓမ္မလက်ဆောင်ပေးတဲ့ ဉီး------ကိုလည်း ဒီပို့စ်နဲ့ကျေးဇူးတင် ကန်တော့လိုက်ပါတယ်...။
မိုးငွေ့