Saturday, 7 November 2020

Phone Call.....




မနေ့က ကျွန်မဆိုင်မှာ အလုပ်လုပ်နေတုန်း ဖုန်းတစ်ကောဝင်လာခဲ့တယ်.....။ ကျွန်မ contact list ထဲမပါတဲ့ ဖုန်းနံပါတ်အစိမ်းတစ်ခု နံပါတ်ကလှတယ် မှတ်ရလွယ်တယ်....။ 

"ဟဲလို အစ်မမိုးငွေ့လား" တဲ့.... ကျွန်မကို မိုးငွေ့လို့ခေါ်ရင် ဘလော့ဂါထဲက တစ်ယောက်ယောက်ပဲဆိုတာ သိလိုက်ပေမယ့် ဘယ်သူဆိုတာ မမှတ်မိသေးဘူး....။ နောက်တော့မှ ညီရဲသစ်ဖြစ်နေတာ...။ ညီရဲနဲ့က သိတာ နိင်ငံခြားမှာ အလုပ်လုပ်ပြီး ဒီကိုပြန်လာပြီး အိမ်ထောင်မကျခင်ကတည်းက ခုတော့ ပြည်မှာ ဖုန်းနဲ့ပတ်သက်တဲ့ ပစ္စည်းဆိုင်လေးဖွင့်ပြီး သားလေးနှစ်ယောက်ရဲ့ဖခင်ဖြစ်နေပြီ....။ မှတ်မိသေးတယ် လွန်ခဲ့တဲ့ ၂၀၁၂-၁၃ လောက်ကထင်တယ် သူနဲ့သူ့ကောင်မလေး ရန်ကုန်မှာ pre-wedding ဓါတ်ပုံလာရိုက်လို့သွားကြည့်လိုက်သေးတယ်....။ အဲဒီနောက်တော့ မတွေ့ဖြစ်တော့ပေမယ့် ဖုန်းတော့ တစ်ခေါက်နှစ်ခေါက်ပြောဖူးသေးတယ်....။

ခု Covid-19 ကပ်ဆိုက်နေတော့ ကျွန်မကို နေကောင်းရဲ့လား လှမ်းမေးတာ... ဖုန်းနံပါတ်ဘယ်လိုရလဲဆိုတော့ အစ်မပဲပေးထားတာလေတဲ့....။ နှစ်တွေကြာတော့မေ့ပြီလေ....။ ဘလော့ဂါတွေ ဘယ်သူနဲ့မှမတွေ့ဖြစ်တာ နှစ်ပေါင်းဘယ်လောက်တော်ကြာနေပြီလဲ....။ ဘလော့ရွာမှာ ကိုယ်တစ်ယောက်တည်း ပို့စ်တွေပုံမှန်တင်နေတာ ကျန်တဲ့ ဘလော့ဂါတွေကတော့ ဖဘမှာ စည်စည်ကားကားနဲ့ဆုံကြမယ်ထင်တယ်....။ "ညီရဲရေ ငါတော့ ဘလော့ရွာမှာ တစ်ရွာတစ်ယောက်တည်းဖြစ်နေတယ်"လို့ သူ့ကိုနောက်လိုက်သေးတယ်....။ သူကတော့ စီးပွားရေး မိသားစုအရေးနဲ့ ဖဘတောင်မကြည့်ဖြစ်တာကြာပြီတဲ့ ဘလော့ဆိုဝေးပဲတဲ့ အမလေး အားရှိစရာပါလားလို့....။ တကယ်တမ်း ကျွန်မရဲ့ မိုးငွေ့နှင့်အတူ စာဖတ်သူတွေက USA နဲ့ Mexico ကအများဆုံး ပြီးရင် India....။ မြန်မာပြည်ကတော့ နံပါတ်လေးချိတ်လိုက် ငါးချိတ်လိုက်ပေါ့....။ 

ညီရဲက ရန်ကုန်မရောက်ဖြစ်တာကြာပြီတဲ့ အရင်ရောက်ဖြစ်တုန်းက မမဝသုန်နဲ့တော့တွေ့ဖြစ်တယ်တဲ့ သူ့ အမျိုးသမီး သဲသဲက မမဝသုန်ရဲ့ ဖောက်သည် မမဝသုန်ဆီမှာ အင်္ကျီချုပ်နေကျလေ....။ နောက်တခါရောက်မှ အစ်မနဲ့ရော မမဝသုန်နဲ့ပါတွေ့ကြမယ်လေတဲ့....။ (ဘလော့ဂါမောင်နှမတွေက အဲလိုပဲ မပြင်မှာမမြင်ဖူးတာတောင် လူချင်းတွေ့ရင် နှစ်ရှည်လများရင်းနှီးချစ်ခင်လာတဲ့ သူငယ်ချင်းပေါင်းသင်းတွေလိုပဲ ချစ်ကြခင်တတ်ကြတယ်...သိပ်ချစ်စရာကောင်းတဲ့ အချက်ပေါ့...) နောက်နှစ်ပေါ့ကွယ်....။ ဒီနှစ်တော့ ဘာမှမရောရာမသေချာ....။ ကျွန်မတို့ဆိုင်တောင်ပိတ်ထားတာ နှစ်လလောက်ရှိတော့မယ် ခုထိ အွန်လိုင်းကပဲရောင်းတယ် တစ်ပတ်တစ်ခါ ပစ္စည်းတွေ ပါဆယ်ထုပ်ပို့ရတယ်....။ ရုံးကလည်း work from home ပဲ.....။ လူလဲ ပထမလှိုင်းတုန်းကလို နေဝင်ချိန်လေးကြည့် လေ့ကျင့်ခန်းလေးတောင်မလုပ်ဖြစ်တော့ အပျင်းတွေကြီး.....။ သက်သတ်လွတ် သုံးလလောက်စားလို့ ဝိတ် ၁၀ပေါင်လောက်ကျသွားတယ်....။ အရင် ၁၃၉-၁၄၀ ကနေ ခုတော့ ၁၂၉-၁၃၀ ပဲကျန်တော့တယ်....။ နေလို့ကောင်းသွားတယ်...။ ဘုရားရှိခိုးရင် ထိုင်ရတာပေါ့ပါးသွားတယ် ညောင်းညာတာတို့ဘာတို့လုံးဝမဖြစ်တော့ဘူး....။ ဝါထွက်ပြီးနောက်ပိုင်း ပုံမှန်လုပ်ဖြစ်နေတာက ညဖက် ဘုရားရှိခိုးပြီးတိုင်း အရဟံဂုဏ်တော်ပွားဖြစ်တယ်.... တရားထိုင်ဖြစ်တယ်.... စိတ်ငြိမ်အောင် သမာဓိအားကောင်းအောင် လေ့ကျင့်ရမယ်လေ... ဒါဟာ...ဗုဒ္ဓဘုရားရဲ့ ကိုယ်ပိုင်ဉာဏ်နဲ့ သစ္စာလေးပါးကိုရှာဖွေတွေ့ခဲ့တဲ့ တပါးသူကိုလဲ လမ်းညွှန်ပြသပေးခဲ့တဲ့ နိဗ္ဗာန်သွားဖို့ လမ်းစတစ်ခုပဲမဟုတ်လား....။ 

ဒီ Covid-19 မှာ သိတဲ့သူတွေရော မသိတဲ့သူတွေရော ဆုံးပါးသွားခဲ့ကြတာအများကြီးပဲ....။ သံဝေဂရစရာပါ....အားရှိအောင်အစားစားကြပါ အိပ်ရေးဝဝအိပ်ကြပါ အသီးအရွက်များများစားပေးပါ...။ အားလပ်ချိန်တွေမှာ ကိုယ်ဝါသနာပါရာလုပ်ပါ စာဖတ်ပါ တိတ်ဆိတ်တဲ့အသံကိုနားထောင်ရင်း သမာဓိအားကောင်းအောင်နေပါ စိတ်ငြိမ်အောင်တရားထိုင်ပါ....။ စိတ်ဖိစီးမှုမရှိအောင်နေပါလို့ ချစ်ရတဲ့ စာဖတ်သူတွေအားလုံးရော ဘလော့မောင်နှမတွေအားလုံးရော ချစ်ချင်သူများအားလုံးကိုပါ မေတ္တာနဲ့စကားပါးချင်ပါတယ်....။

ညီရဲသစ်ရဲ့ ဘလော့လင့်လေးပါ....http://nyiyethit.blogspot.com/


မိုးငွေ့


1 comment:

ညီရဲသစ္ said...

အခုလို အမှတ်တရလေး ဖန်တီးပေးတဲ့ အတွက် ကျေးဇူးပါ အစ်မ။ အစ်မ မရှိတဲ့ ကျွန်တော့်အတွက်တော့ အစ်မနဲ့ အစ်မဝသုန်တို့က ကျွန်တော့် အစ်မတွေလိုပါဘဲ။ တကယ်ပါ တခါတလေ အစ်မတို့ကို တကယ်ကို သတိရတာပါ။ ရောဂါတွေ ကင်းရှင်းသွားတဲ့ တစ်နေ့ ရန်ကုန်ကို လာခဲ့ပါဦးမယ်။ ကိုယ်ချစ်ခင်ရသူတွေနဲ့ လာတွေ့ပါဦးမယ်။ ဒါနဲ့ အစ်မ စကားမစပ် အွန်လိုင်းက ရောင်းတာလေးတွေ Viber နဲ့ပို့ပေးပါဦး အစ်မရဲ့ ညီမ အတွက် မွေးနေ့လက်ဆောင်လေး ပေးချင်လို့ပါ။