နှင်းတွေဝေနေတဲ့ ချမ်းစိမ့်စိမ့် ဆောင်းညနေခင်းလေးတစ်ခုမှာဖြစ်တယ်....။ မှန်ပြူတင်းမှာလည်း နှင်းမှုန်တွေ အငွေ့ရိုက်ထားလို့ မှုန်ဝါးဝါးနဲ့ အပြင်ကို ကောင်းကောင်းမမြင်ရဘူး....။ လမ်းမီးတိုင် ဝါကျင့်ကျင့်အရောင်အောက်မှာလည်း နှင်းတွေဝေသီလို့ပေါ့....။
ဒေါနစိမ်းရောင် အိစက်နေတဲ့ ဆိုဖါထိုင်ခုံကြီးပေါ်မှာ ထိုင်ပြီး ကျွန်တော် မနှင်းဆီကိုစောင့်နေခဲ့တာ မိနစ် နှစ်ဆယ်ကျော်လောက် ရှိတော့မယ်ထင်တယ်....။ ဘာလုပ်ရမှန်းမသိတော့... ပန်းရောင်နှင်းဆီပွင့်ခပ်ကြီးကြီးတွေနဲ့ အညိုရောင်မွှေးပွကော်ဇောကြီးကို ကျွန်တော် ခြေထောက်နဲ့ ပွတ်သပ်ကြည့်နေမိတယ်....။ ကျွန်တော့်ရှေ့က အငွေ့ထောင်းထောင်းထနေတဲ့ ကော်ဖီခွက်နဲ့ အနီရင့်ရင့်နှင်းဆီပွင့်တွေထိုးထားတဲ့ ကြွေအိုးအဝိုင်လေးကို ကြည့်ရတာ ပနံသင့်ပြီး ကဗျာဆန်နေလိုက်တာ....။ တကယ်တော့ ကျွန်တော် ဒီည မနှင်းဆီနဲ့အတူ ညစာစားဖို့ရောက်လာခဲ့တာပါ....။
ဂီတသံစဉ်တစ်ခုလွင့်လာသလို ငြင်သာနူးညံ့လွန်းတဲ့ အသံကြောင့် ကျွန်တော်လှမ်းကြည့်လိုက်မိတယ်....။ ကတ္တီပါ မွှေးနုအနက်ခြုံလွှာလေးနဲ့ လှေခါးပေါ်ကဆင်းလာနေတဲ့ မနှင်းဆီ....လှလိုက်တာဗျာ....။ တောက်ပတဲ့ သူ့မျက်လုံးတွေက ကြယ်ပွင့်တွေလို အဝေးကနေမြင်ရတာနဲ့တင် ရွှန်းစိုလက်လို့ရယ်....။ ပျားရည်ရောင်အသားအရေက အနက်ရောင်ခြုံလွှာအောက်မှာ ထင်းထင်းပပ....။ ခဲဖျော့ရောင်ရင်ဖုံးအင်္ကျီနဲ့ အနက်ခံဖဲလုံချည်မှာ ခဲရောင်နှင်းဆီပွင့်တွေကလဲ ထင်းခနဲ....။ ကျွန်တော့်ရှေ့ကို သူရောက်လာတဲ့ ရွေ့လျားမှုတွေက သွဲ့ပြောင်းလွန်းလို့နေတယ်....။
"ကျွန်မ ညနေစာကို အပြင်မြက်ခင်းမှာစီစဉ်ထားတယ်....နှင်းတွေတဖွဲဖွဲကျပုံနဲ့တော့ အဆင်ပြေပါ့မလားမသိဘူး....."
"ရပါတယ် နှင်းတွေကြားမှာ မနှင်းဆီပျော်တယ်မဟုတ်လား ကျွန်တော့်အတွက် အဆင်ပြေပါတယ်...."
ကျွန်တော့်နား နီးကပ်ကပ်သူထိုင်လိုက်တော့ ကျွန်တော်အကြည့်တွေ ဖန်ပန်းအိုးလုံးထဲက နှင်းဆီပွင့်ဖတ်တွေလို စိုတောက်နေတဲ့ သူ့နှုတ်ခမ်းနှစ်လွှာဆီကိုရောက်သွားတယ်....။ ပိတုန်းနက်ရောင် ဆံနွယ်တွေကို ကပိုကရိုလေး ခပ်မြင့်မြင့်ထုံးထားပြီး နှင်းဆီနီရဲလေးတစ်ပွင့်ပန်ထားတယ်....။
" လာ.... ကျွန်မတို့ ခြံထဲ ဆင်းရအောင်...." ဆိုပြီး သူနေရာကထပြီး ကျွန်တော့်လက်ကိုဆွဲခါ်သွားတာ ကျွန်တော် ယောင်နနလေး သူ့နောက်ကို ညှို့ခံထားရသူတစ်ယောက်လိုပါသွားခဲ့တယ်....။
သူက သူ့အိမ်ရှေ့မြက်ခင်းပြင်ပေါ်မှာ စောစောက ဧည့်ခန်းမှာတွေ့တဲ့ နှင်းဆီပွင့်ကောဇောကြီး ခင်းထားတယ်...။ လရောင်အောက်မှာ ကောဇောပေါ်က နှင်းဆီပွင့်တွေက အရောင်ဖျော့နေကြတယ်......။ ကော်ဇောပေါ်မှာ နှင်းဆီပွင့်ပုံလေးတွေပါတဲ့ ကြွေရည်သုပ်အိုးသုံးလုံး ပေါင်မုန့်တွေ သစ်သီးယိုဗူးတစ်ချို့နဲ့ ဝိုင်ဖန်ခွက်နှစ်လုံး ပန်းကန်နှစ်ချပ် ဇွန်းခရင်းနှစ်စုံနဲ့ လက်သုတ်ပုဝါနှစ်ထည်တွေ့ရတယ်...။ ကျွန်တော်ထင်ထားတာက ကျွန်တော်တို့စားပွဲတစ်လုံးမှာ မျက်နှာချင်းဆိုင်ထိုင်ပြီး ဖယောင်းတိုင်မီးလေးနဲ့ ညစာအတူစားရမယ် ထင်တာ....။ ခုလို နှင်းမှုန်မှုန်ကြားက ဖြာဆင်းနေတဲ့ လရောင်အောက်မှာ ဒီလောက်ကဗျာဆန်တဲ့ ညစာလေးဖြစ်လိမ့်မယ်လို့ကြိုမတွေးခဲ့မိတာ...။ မြက်ပင်တွေက ကိုက်ညှိထားတာမဟုတ်ဘဲ သဘာဝအတိုင်း နူးညံ့အေးစက်လို့...။ သူက ကော်ဇောပေါ် ရုတ်တရက်လှဲချလိုက်တော့ မြက်ခင်းပြင်ပေါ်နင်းထားတဲ့ ကျွန်တော့်ခြေဖဝါး မြေနဲ့မထိသလိုလွတ်သွားခဲ့တယ်....။ သူမျက်လုံးကို စုံမှိတ်ပြီး လေကိုဝဝရှူရှိုက်နေတယ်.....။
"ဆောင်ညလေးက သိပ်လှတာပဲနော်...."
ကျွန်တော်သူ့အနားကို ထိုင်ချလိုက်တယ်....။
ထင်းရှူးရွက်တွေကြားက ဖြတ်တိုက်လာတဲ့ လေတိုးသံတွေကလည်း တေးသီချင်းတစ်ပုဒ်ကို သီဆိုနေသလိုလို....။ ကျွန်တော်အသာလေး သူ့ဘေးမှာ ကျောကိုလှဲချလိုက်တယ်....။ ကျွန်တော်တို့နှစ်ယောက်ကြားမှာ တိတ်ဆိတ်မှု တခဏလွှမ်းမိုးသွားခဲ့တယ်....။ ဘယ်လောက်ထိတိတ်ဆိတ်သွားသလဲဆို အသက်ရှူသံတွေကိုတောင် အပြန်အလှန်ကြားနေရတယ်....။ ကျွန်တော်တို့အကြည့်တွေက ဟိုး.... ကောင်းကင်ယံမှာ.....။ ပြီးတော့ ထင်းရှူးပင်ကြားက ထိုးဖောက်ဖြာကျနေတဲ့ လရောင်က သူနဲ့ကျွန်တော့်ကိုယ်ပေါ်မှာ ပြောက်တိပြောက်ကျား.....။ တိမ်ကင်းစင် ပေမယ့် နှင်းတွေကာဆီးထားတာကြောင့် လပြည့်လကို ခပ်ဝါးဝါးလေးမြင်နေရသလို ကြယ်ကလေးတွေလဲ မှုန်တိမှုန်ဝါးလေး လင်းလက်နေကြတယ်.....။
"ရှင် ဗိုက်ဆာနေပြီထင်တယ် ကျွန်မ စားစရာပြင်ပေးမယ်...."
သူက ပက်လက်လှဲနေရင်း ထထိုင်လိုက်တော့ သူ့ခေါင်းမှာပန်ထားတဲ့ နှင်းဆီပွင့်လေး ကော်ဇောနဲ့ ကပ်ညှိကျကျန်ခဲ့တယ်...။ ကျွန်တော် နှင်းဆီပွင့်လေးကို ကောက်ကိုင်ပြီး တစ်ချက်ရှူရှိုက်လိုက်တယ်....။
"မနှင်းဆီ ပန်းလေးကျသွားခဲ့တယ် ကျွန်တော်ပြန်ပန်ပေးမယ်နော်..."
ကျွန်တော်အဲလိုပြောတော့ သူက ပန်းကန်ပြားကိုခဏချပြီး ကျွန်တော့်ဖက်လှည့်လိုက်တယ်....။ သူ့ကို ကျွန်တော်နှင်းဆီပန်းလေးပန်ပေးနေတဲ့အချိန်မှာ သူ့ကိုယ်ကရတဲ့ နှင်းဆီရေမွှေးနံ့သင်းသင်းလေးကြောင့် ကျွန်တော့် ရင်ခုန်သံတွေ ဝုန်းဒိုင်းကျဲသွားကြတယ်....။
ကျွန်တော်တို့ရဲ့ ညစာက အမဲသားကင်ရယ်... ပေါင်မုန့်ကြမ်းတစ်လုံးရယ်... ဆလပ်သုပ်ရယ်... ရွှေဖယုံသီးစွပ်ရယ်...ဖြစ်တယ်....။ ညစာစားပြီးတော့ ဝိုင်ဖန်ခွက်ထဲ သူ ဝိုင်နီတွေငှဲ့ထည့်ပေးတယ်....။
"ဒီမြို့လေးဟာ သိပ်ကို ကဗျာဆန်တာပဲ ရှင်ရောအဲလိုမထင်ဘူးလား....ကဗျာမြို့လေးပါပဲ.... ဟုတ်တယ်... မိုးရာသီဆို ထင်းရှူးပင်ရိပ်မှာ အိပ်ပျော်နေတဲ့ ကလေးလေးတစ်ယောက်လိုပဲ ခုလို ဆောင်းနှင်းမှု န်အောက်ရောက်တော့ ချယ်ရီပန်းလေးတွေနဲ့ နေခြည်မှိုင်းမှိုင်းမှာ ရယ်သွမ်းသွေးနေသလိုလို ပြီးတော့ ထင်းရှူးပင်တွေကို ဖြတ်တိုက်လာတဲ့လေတွေကို ရှူရတာ အေးမြလတ်ဆတ်လွန်းလို့ ကျွန်မအတွက်တော့သိပ်ကို အရသာရှိတာပါပဲ...."
သူက သိပ်ကိုလှသလို စကားပြောရင်လည်း ကဗျာဆန်လွန်းတယ်...။ သူဟာ ကျွန်တော့အတွက်တော့ ဖတ်လို့မဆုံးနိုင်တဲ့ ကဗျာတစ်ပုဒ် နမ်းရှိုက်လို့မဝနိုင်တဲ့ နှင်းဆီပန်းတစ်ပွင့်.....။ သူကမ်းပေးတဲ့ ဝိုင်ခွက်ကိုလှမ်းယူတော့ သူ့လက်ကလေးကိုထိမိသွားတယ်....။
"မနှင်းဆီ လက်တွေ အေးစက်နေတာပဲ လာ...ကျွန်တော်နွေးသွားအောင် ဆုပ်ထားပေးမယ်..."
သူက တစ်ချက်ပြုံးလိုက်ရင် သူ့လက်နှစ်ဖက်ကို ကျွန်တော့်ကမ်းပေးပါတယ်....။ သူ့အပြုံးလေးတွေက သိပ်လှတာပဲ ဟုတ်တယ် သူ့နာမည်လေးနဲ့လိုက်အောင်ကိုလှပါတယ်....။
နုနုထွေးထွေးရှိလှတဲ့ သူ့ကလေးတွေကို ကျွန်တော် နွေးသွားအောင် ပွတ်သပ်ဆုပ်နယ်ပေးလိုက်တယ်....။
"မနှင်းဆီ လက်ကလေးတွေက ပန်းပွင့်ဖတ်လေးတွေလိုပဲ..."
ကျွန်တော်အဲလိုပြောတော့ သူက ကျွန်တော့်လက်နှစ်ဖက်ကိုဖြန့်ပြီး လက်ဖျားတွေကိုပဲ ကိုင်ထားပြီး ကြည့်နေတယ်....။
"ကျွန်မအတွက် ကဗျာလှလှလေးတွေသီပေးနေတဲ့ ရှင့်လက်ချောင်းလေးတွေဟာလည်း ကြမ်းရှပေမယ့် သိပ်ကိုနွေးထွေးလွန်းပါတယ်..."
ပြီးတော့ သူကျွန်တော့်ရင်ခွင်ထဲကို တိုးဝင်လာခဲ့တယ်....။ ကျွန်တော်အလိုက်သင့်လေး သူခန္ဓာနွဲ့နွဲ့လေးကို ထွေးပွေ့ထားလိုက်တယ်....။
"နောက်နေ့တွေမှာရော ရှင် ကျွန်မဆီကို ရောက်လာခဲ့ဦးမှာလား..." သူ့အသံတွေထဲမှာ စိုးရိမ်သံစွတ်လို့ နည်းနည်းတောင် တုန်ခါနေတယ်လို့ ကျွန်တော်ခံစားလိုက်ရတယ်...။ ပြီးတော့ သက်ပြင်းတိုးတိုးလေးချသံကိုပါ တဆက်တည်းကြားလိုက်ရတယ်....။
"ဘာလို့ အဲလိုမေးတာလဲ မနှင်းဆီရယ်... ကျွန်တော်မနှင်းဆီအနားမှာ အမြဲတမ်းရှိနေပါတယ်..."
"ဟင့်အင်း ရှင်က ကျွန်မဆီရောက်လာပြီးရင် ကျွန်မကို နှုတ်မဆက်ဘဲ အမြဲပျောက်သွားတတ်လွန်းလို့..."
ကျွန်တော်သူနဲ့ထပ်ဆုံချင်လို့ တမင်နှုတ်မဆက်ဘဲ ထွက်သွားခဲ့တာပါ...။ ကျွန်တော်သူ့ပခုံးစွန်းလေးကို ဖျစ်ထားလိုက်မိတယ် ...။ တကယ်တော့ နှုတ်ဆက်ခွဲခွာခြင်းကို ခံနိုင်ရည်မရှိလို့ ကိုယ့်ကိုယ်ကို အားပေးနေရတာပါ....။
နှင်းတွေ ပိုကျလာပေမယ့် ကျွန်တော်တို့ အိမ်ထဲမဝင်ဖြစ်ကြသေးဘူး....။ နှင်းစိုမှာစိုးလို့ ကျွန်တော်သူ့မျက်နှာကို ရင်ခွင်ထဲဝှက်ထားလိုက်တယ်...။ ကျွန်တော့်ကို သူမော့မော့ပြီး စကားပြောတိုင်း သူ့ထွက်သက်နွေးနွေးလေးတွေ ကျွန်တော့်လည်တိုင်ကို လာလာဟတ်တယ်...။ လရောင်ရဲ့ဖျားရောင်းမှုကြောင့်လား ဝိုင်ချိုကြောင့်လား သူ့ဆီကရတဲ့ နှင်းဆီရနံ့ရဲ့ ဆွဲဆောင်မှုကြောင့်လား ရုတ်တရက်ကျွန်တော်သတိလက်လွတ်ပြီး သူ့နဖူးပြင်ကို နှုတ်ခမ်းနဲ့ဖိကပ်လိုက်မိတယ်....။ သူက မော့မကြည့်ဘဲ သူလက်သည်းရှည်ချွန်ချွန်တွေနဲ့ ကျွန်တော့်မေးရိုးက ရိတ်ခါစ ပါးမြိုင်းမွှေးတွေကို ပွတ်သပ်ဆော့ကစားနေတယ်....။ ပြီးတော့ သူ့လက်သည်းတွေက ကျွန်တော့်နှုတ်ခမ်းပေါ်ရောက်လာတယ်...။
"ဒီနှုတ်ခမ်းတွေနဲ့ တခေါက်လောက် ကျွန်မကို ရှင့်ကဗျာတွေ ရွတ်ပြပါဦးနော်..." တဲ့....
ခပ်တင်းတင်းလေး သူ့ကိုပွေ့ဖက်ထားရင်း ကျွန်တော် မျက်စိမှိတ်ထားလိုက်တယ်.....။ နွေးထွေးလိုက်တာ .... နှင်းဆီရနံ့လေးကလည်းမွှေးလိုက်တာဗျာ....။ အဲဒီချိန်မှာပဲ တစုံတရာက ကျွန်တော့်ရင်ကို ကန်ထွက်သွားတာကြောင့် ကျွန်တော်မျက်လုံးဖွင့်ကြည့်လိုက်တယ်....။ ကျွန်တော့်ရင်ခွင်ထဲကနေ ရုန်းထွက်ထပြေးသွားတာက ကြောင်တစ်ကောင်ပါ...။ မနှင်းဆီကရော ဘယ်ရောက်သွားလဲ.....။
ခပ်ကြမ်းကြမ်းသစ်တွေနဲ့ ဖြစ်သလိုရိုက်ထားတဲ့ ကျွန်တော့်ရှေ့က စားပွဲပေါ်မှာ ကုန်ခါနီးပယင်းရောင်အရည် တစ်ပုလင်းနဲ့ ဖန်ခွက်တစ်ခွက် သောက်လက်စ ဆေးပေါလိပ်တစ်လိပ်..လေတိုက်လို့ တရှဲရှဲမြည်နေတဲ့ ဝါးရုံပင်တစ်ပင်...။ ကောင်းကင်မှာလရှိမနေပါဘူး....။ ဒီညက လမိုက်ညလား ဒါမှမဟုတ် တိမ်ကွယ်လို့အလင်းပျောက်နေတဲ့ လပြည့်ညလား....။ ကြယ်တွေတောင် ကျွန်တော့်ကို မြင်ပြင်းကပ်လို့ထင်ရဲ့ ပုန်းနေကြတယ်...။ ရှပ်အင်္ကျီကို ကြယ်သီး သုံးလေးလုံးလောက်ဖြုတ်ထားလို့ ရင်ဘတ်တစ်ခုလုံးလဲ အေးစက်ထုံကျင်နေပြီ....။
ကျွန်တော်ခဏကလေး အိပ်ပျော်သွားတုန်း မနှင်းဆီ ကျွန်တော့်အိပ်မက်ထဲကို အလည်လာခဲ့တာလား....ဟုတ်လားဗျ....။
မိုးငွေ့
ဟိုတုန်းက သူတို့မန့်ထားခဲ့ကြတာတွေကတော့......:)
ပျိုးယုဝသုန် said...(18.12.2013)
အိပ်မက်များနှင့်အိပ်စက်နေသောသူ ဖတ်ပြီး သူ့ကိုယ်စားမောသွားတယ်.....။
သဒ္ဒါလှိုင်း said...(19.3.2013)
နူးနူးညံ့ညံ့လေးနဲ့ ဖတ်လို့ကောင်းလိုက်တာ...မမိုး... တဒင်္ဂအိပ်မက်မက်သွားတယ်...
မိုးသက် said...(19.12.2013)
ဟိဟိ...ကျွန်တော်တောင် ဒိတ်ဒိတ် ဒိတ်ဒိတ်ဖြစ်သွားတယ်...ရေးတတ်လိုက်တာ...
Iora said...(20.12.2013)
Good job.
I am impressed.
Keep on writhing this kind of style.
Iora
နွေတေးရှင် (မင်းဧရာ) said..(22.12.2013)
သိပ်ကောင်းတာပဲဗျာ...
နူးညံ့လှပလွန်းတယ်...