အခုဒီဆံပင်ပုံလေးညှပ်ထားတယ်
ပုံမှန်ဆို ကျွန်မက ခရီးသွားပို့စ်တွေရေးရတာပျော်တယ်...။ ခုတစ်ခေါက် ဘန်ကောက်သွားပြီးပြန်လာတော့ ဘန်ကောက်ခရီးသွားပို့စ်ကို ရေးချင်စိတ်နဲနဲလေးတောင်မဖြစ်မိဘူး..။ မှတ်တမ်းတင်ပုံတွေကအစ ရိုက်ချင်စိတ်ကိုမရှိ သိပ်မရိုက်မိ ရိုက်မိတာလေးတွေကိုတောင် delete ပြန်လုပ်မိ အဲလိုတွေ..။ တကယ်တော့ ဘန်ကောက်သွားဖို့က သူငယ်ချင်းတွေကိုချိန်းထားတာ နှစ်ချီနေပြီ တခြားသူနဲ့ ကပ်လျက်နိုင်ငံတွေသာ ရောက်ပြီး ပြန်လာခဲ့တာ ..။ ဒီတစ်ခေါက်တော့ အဒေါ်တွေနဲ့လိုက်သွားတာ.. လေးညအိပ်ငါးရက်ခရီး..။ အဒေါ်က သူ့သမီးမင်္ဂလာဆောင်အတွက် လိုအပ်တာတွေသွားကြည့် အင်္ကျီချုပ်စရာရှိတာ အပ်ခဲ့..။ ကျွန်မကတော့ သူတို့နောက်ကို နှစ်ရက်လောက် တစ်ကောက်ကောက်လိုက်..။ ရောက်ဖူးသူတွေကတော့ ဟိုကိုသွားခဲ့ ဟိုဟာကြည့်ခဲ့ ဒီဟာဝယ်ခဲ့ မှာတာပဲ..။ မြဘုရား လေးမျက်နှာဘုရား safari ဖတ္တရားကမ်းခြေ ဘယ်မှမရောက်ခဲ့ နေမပူမိုးမထိတဲ့ ရှော့ပင်းမောကြီးတွေကိုပဲရောက်ခဲ့..။ ရောက်ခဲ့တဲ့ မောတွေမှာလဲ ဖုတ်ဖက်ခါပဲကြည့်ရ အဲလိုတွေ..။ ကိုယ်လိုချင်တဲ့ ပစ္စည်းကို စိတ်ကြိုက်မွှေခွင့် သိပ်မရလိုက်တော့ စိတ်တွေပျက် ဘာမှမလုပ်ချင် ဓါတ်ပုံတွေမရိုက်ချင်..။ ဓါတ်ပုံမရိုက်ချင်တော့ အဒေါ်က ဆံပင်ပုံမလှတော့ဘူး ဆံပင်ညှပ်လိုက်ဆိုလို့ တွေ့တဲ့ဆိုင်ဝင်ညှပ်လိုက်တာ နဂိုကောက်သားရှိတော့ ပုံသွင်းရတာအလုပ်ရှုပ်..။ ဘာမှသိပ်မဝယ်ခဲ့ရပါဘူး H&M Zara နဲ့ Uniqilo ဒီသုံးဆိုင်မှာပဲ ရာခိုင်နှုန်းတွေတော်တော်များများလျှော့လို့ ဝယ်ဖြစ်...။ ဘန်ကောက်မြို့ကြီးက နေချင်စရာမကောင်း ကားတွေပိတ်ညှပ်ကျပ် အသက်ရှုမ၀ ပိတ်လှောင်မွန်းကျပ်..။ ထိုင်းမတွေက ဈေးရောင်းတာပုံမလာ ဆက်ဆံရေးမကောင်း မြန်မာပြည်နဲ့ ဘာမှသိပ်မကွာ အင်္ဂလိပ်လိုမရ ပြောလည်းနားမလည် သူတို့ပြန်ပြောတဲ့လေသံကိုလည်း ဘယ်လိုမှဖမ်းမရ..။ တော်သေး ကိုယ်တွေက ငယ်ငယ်က နယ်စပ်မှာနေခဲ့တော့ ထိုင်းစကားလေးတတ်နေပေလို့ သူတို့နဲ့ဈေးမေးဈေးဝယ် အဆင်ပြေ..။ မြန်မာလုပ်သားတွေကို ပြန်ပို့လို့ သူတို့မှာ ဆိုင်ပေါင်း နှစ်ထောင်ကျော်လောက်ပိတ်ထားရ...။ နင်တို့ထုတ်လုပ်သမျှပစ္စည်းတွေကို ဒိုင်ခံဝယ်ယူစားသုံးနေတာ ငါတို့မြန်မာပြည်ကပဲဆိုတာ မှတ်လောက်သားလောက်အောင် နယ်စပ်တွေအကုန်တံခါးပိတ်ပစ်မှပဲ..။
FYI : ဒီ August လကစပြီး ကျွန်မတို့သင်တန်းကကော်ဖီဆိုင်မှာ weekend ရက်တွေတိုင်း part time အလုပ်ဆင်းဖြစ်မယ် ..။ ကော်ဖီ Bar မှာတစ်ပတ်လုပ်ရမယ် Bakery မှာ ဆရာတွေနဲ့ မုန့်ကူလုပ်တာတစ်ပတ် နှစ်မျိုးကို Rotate လုပ်သွားမယ်...။ ဒီကြားထဲအားသေးရင် Busan အသားချောင်းလေးတွေရောင်းတဲ့ ဘားမှာ စားပွဲထိုးလည်းလုပ်ပါမယ်...။ ကိုယ်ပိုင်ဆိုင်ဖွင့်တဲ့အခါကျ Practice ရနေအောင်လို့...။ ကျွန်မဖျော်တဲ့ကော်ဖီ သောက်ချင်တယ်ဆိုရင် စံရိပ်ငြိမ်ဂမုန်းပွင့် လေးထပ်က WTC မှာ weekend တွေတိုင်းလာအားပေးလို့ရပါတယ်လို့..း)
လေးလကျော်လောက် Latte art နဲ့ အဆက်ပြတ်ပြီး
ကျွန်မရဲ့ ပထမဆုံး latte art ပုံလေး ရုပ်ဆိုးလေး
ကော်ဖီအရောင်မညီဘူး Rosetta ပွင့်က ကားထွက်မသွားဘူး
အပွင့်ထိပ်မှာ အသဲပုံမပေါ်ဘူး ဟဟ...ပြစ်ချက်တွေ ပြစ်ချက်တွေ
WTC ရဲ့ မိနု
WTC က ခုခေတ်စားနေတဲ့ Busan အသားချောင်းရောင်းတဲ့ ကောင်တာ
ဆရာ ကယ်လ်ဗန်ရဲ့ မိုခါးလက်တေးကော်ဖီ လှမှလှ
စကားမစပ် ခုတလော ရုံတင်နေတဲ့ “ည”ဆိုတဲ့ဇာတ်ကားကို Cele တွေ ရေးတဲ့ပုံစံနဲ့ “ည”ဆိုတဲ့စကားလုံးကို ကာတွန်းနဲ့ ဟာသလေးတွေရေးကြတာ...။ ဥပမာ နီနီခင်ဇော်ရေးတဲ့ပုံနဲ့ “ကျွန်မနဲ့ (၇)ညအိပ်နိုင်မှလာခဲ့ပါ” အဲလိုမျိုး..။ ကျွန်မလဲ မတင်ရသေးတဲ့ ကျွန်မပို့စ်တစ်ခုထဲက ဝါကျလေး တစ်ကြောင်းလောက်ဖွဲ့ပါရစေ... ။
“ညက မလှဘူးလား..ဟင်..ကလေး...ကိုယ်တို့နှစ်ယောက် ဒီလိုလှတဲ့ညတွေကို အတူမဖြတ်သန်းရတာ ဘယ်လောက်ကြာခဲ့ပြီလဲ...”
မိုးငွေ့
1 comment:
မမမိုးငွေ့ဖျော်တဲ့ကော်ဖီလေး သောက်ဖူးချင်တယ်... နို့မပါတဲ့ ကော်ဖီ Espresso လေးဖြစ်ဖြစ်.. ဒါမှမဟုတ် ပဲနို့နဲ့ဖျော်တဲ့ ကော်ဖီ Mocha ဖြစ်ဖြစ်.. ဒီမှာတော့ Starbuck မှာ ပဲနို့နဲ့ Request လုပ်လို့ရတယ်.. မြန်မာပြည်မှာတော့ မသိဘူးနော်..
Post a Comment