အိန်ဂျယ်ရေ.............
ဒီနေရာလေးကို မှတ်မိသေးလား...။
ကိုယ်နဲ့တစ်ဖက်ကမ်းမှာ မင်းရပ်နေခဲ့တဲ့ မြက်ပင်ရှည်တွေကြားထဲက
အဝါရောင်ပန်းပွင့်ကလေးတွေလေ...။ အဲဒီတုန်းက မင်းရှိတဲ့ ကမ်းကို ကိုယ်အရောက်သွားဖို့ မြစ်ကိုဖြတ်မယ့် တံတားတစ်စင်း နွယ်တစ်ငင်တောင်ရှာမတွေ့ခဲ့ဘူး...။ ခုတော့ မြက်ပင်စိမ်းစိမ်းတွေကြားမှာ ပန်းပွင့်ဝါကလေးတွေက ဟိုတုန်းကထက်တောင် အများကြီးပွင့်နေကြတယ်....။ ကောင်းကင်ကြီးကိုမျက်နှာမူပြီး ပန်းခင်းပေါ် လှဲလှောင်းချလိုက်ရတဲ့ ခံစားမှုက ဘာနဲ့မှမတူဘူး...။ ခုလို ကိုယ်ရောက်လာတော့လည်း ဟိုတုန်းက မြက်ပင်ရှည်တွေကြား ပုဝါဖြူစလေး တစ်စကွယ်ပျောက်သွားသလို မင်းလည်း ပျောက်ချင်းမလှပျောက်ဆုံးနေခဲ့ပြီ...။
ငွေရောင်နှင်းပွင့်တွေ တဖွဲဖွဲကျဆင်းနေတဲ့ ရေခဲမြစ်ရဲ့ ဟိုမှာဖက်ကမ်းမှာတုန်းက နှင်းတွေစိုနေတဲ့ ကိုယ့်ရဲ့ ချည်ဂါဝန်အနားစတွေနဲ့ ပိတ်ဖိနပ်ပါးတစ်စုံတောင် ခုတော့ ခြောက်သွေ့နေကြပြီ...။
မင်းရောက်မလာပေမယ့်လည်း ကိုယ့်ကို နှစ်သိမ့်ချော့မြူဖို့
လေညှင်းလေးတွေ တသွဲ့သွဲ့တိုက်ခတ်နေလေရဲ့......
မြက်ပင်တွေနဲ့ ပန်းပွင့်ဝါကလေးတွေ ဟိုမှာဒီမှာ ယိမ်းထိုးကခုန်နေလေရဲ့....
မီးခိုးရောင် တိမ်တိုက်တွေကြားထဲ ငှက်ကလေးတွေ တစ်ကောင်စ နှစ်ကောင်စပျံသန်းနေလေရဲ့....
သိပ်မကြာခင်မှာ မိုးတွေရွာချတော့မယ်ထင်တယ်....။
မိုးပေါက်လေးတွေနဲ့အတူ မင်းရောက်လာဦးမလား အိန်ဂျယ်...။ မိုးစက်တွေနဲ့သီထားတဲ့ ငွေရောင်ကြိုးမျှင်စကနေ မင်းဆင်းလာခဲ့မယ်မဟုတ်လား...။
ကိုယ်ကတော့ မိုးတွေကျလာသည်ဖြစ်စေ မကျလာသည်ဖြစ်စေ မင်းကို စောင့်နေဦးမယ် ....။
အရင်အဟောင်းပြန်ဖတ်ချင်သူများအတွက်...
ပျောက်ဆုံးနေသောအိန်ဂျယ်
အချစ်=အဖြူရောင်ပုဝါလေး
မိုးရာသီအလွမ်း(၁)
မိုးရာသီအလွမ်း(၂)
မိုးရာသီအလွမ်း(၃)
မိုးရာသီအလွမ်း(၄)
မိုးရာသီအလွမ်း(၅)
မိုးရာသီအလွမ်း(၆)
မိုးရာသီအလွမ်း(၇)
မိုးရာသီအလွမ်း(၈)
မိုးရာသီအလွမ်း(၉)
မိုးရာသီအလွမ်း(၁၀)
မိုးရာသီအလွမ်း(၁၁)
မိုးရာသီအလွမ်း(၁၂)
မိုးရာသီအလွမ်း(၁၃)
မိုးငွေ့