ဟိုးးး အဝေးက တိုးဖွဖွအသံတစ်ခုကို မိုးစက်တွေနဲ့ ရောနှောပြီး ကြားလိုက်ရတယ်….။ သံစဉ်လေးတစ်ခုပါ…။
ဟုတ်တယ်… မင်းဆိုနေကျ သီချင်းလေ…။
လက်ဖက်ရည်ဆိုင်တစ်ခုက ဖွင့်ထားတဲ့ သီချင်းသံဖြစ်မှာပေါ့…။
ကိုယ်တောင် လက်ဖက်ရည်ပူပူတစ်ခွက်သောက်ချင်စိတ်ပေါက်သွားခဲ့တယ်…။
မိုးချုပ်နေပြီလို့မပြောပါနဲ့…။ စိုစွတ်နေတဲ့ လမ်းမပေါ်မှာ လူသူတွေ သွားလာလှုပ်ရှားတုန်းပါ…။
အဲသီချင်းသံလေးအတိုင်း ကိုယ်လိုက်သွားလိုက်ရမလား…။
ကံကောင်းရင် အဲလက်ဖက်ရည်ဆိုင်မှာ မင်းကိုမတွေ့ရဘူးလို့ ဘယ်သူပြောနိုင်မလဲ….
(မဖြစ်နိုင်တာလေ မင်းက ဒီရပ်ကွက်မှာနေတာမှမဟုတ်ဘဲ..) ။
အဝေးကလွင့်လာတဲ့ သီချင်းသံနောက် ကိုယ်လိုက်သွားခဲ့တယ်…။ မင်းနဲ့အတူလျှောက်ခဲ့ဖူးတဲ့လမ်းကြားကိုဖြတ်ရတော့ ရေမြောင်းထဲက ဖားအော်သံတွေက ညံစီလို့…။ မိုးတိတ်သွားပြီဆိုပေမယ့် လဲရွက်တွေပေါ်မှာ ခိုတွဲနေတဲ့ မိုးရေစက်တွေက တစ်စက်စက်ကျလို့….။ အဲလမ်းလေးကထွက်ပြီး လမ်းမကြီးကိုကူးလိုက်တော့ ဟိုဘက်ရပ်ကွက်က လမ်းသွယ်လေးမှာရှိတဲ့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကိုတွေ့လိုက်တယ်…။
သီချင်းလေးက အဲဒီဆိုင်ကဖွင့်တာပါ…။ လက်ဖက်ရည်ဆိုင်ထဲမှာ လူတွေဝိုင်းတိုင်းမပြည့်တော့ဘူး…။ ကိုယ်ဝင်ထိုင်လိုက်ရုံရှိသေးတယ် သီချင်းလေးက ပြီးသွားတယ်..။
စားပွဲထိုးလေးကို ပေါ့ဆိမ့်တစ်ခွက်မှာပြီး ခုနကပြီးသွားတဲ့သီချင်းကို တကျော့ပြန်ဖွင့်ပေးဖို့ပြောတော့ ကောင်လေးက ကောင်တာမှာရှိတဲ့ ကက်ဆက်ခလုတ်လေးကို သွားနှိပ်လိုက်တာ မင်းဆိုနေကျသီချင်းလေး အစကနေပြန်ကျော့လာတယ်…။
လက်ဖက်ရည်ခွက်လေးကို ဇိမ်ပြေနပြေသောက်ရင်း မင်းဆိုပြနေသယောင် နားထောင်နေလိုက်တယ်…။
မိုးရယ်.... မင်းဆိုနေကျသီချင်းရယ်...... ပေါ့ဆိမ့်တစ်ခွက်ရယ်…
ဒီညတော့ ပြည့်စုံပါပြီ အိန်ဂျယ်……။
မိုးငွေ့
No comments:
Post a Comment