Saturday, 5 March 2016

နွေရာသီအနုပညာ(၃)





 


ကျွန်တော့်မြင်းမလေးကို ခရစ်ကတ်လို့ နာမည်ပေးထားတယ်
ပုရစ်ပေါ့..
ပြောင်းတွေရိတ်သိမ်းချိန်မှာ စိုက်ခင်းဝါဝါထဲ သူနဲ့ကျွန်တော် ကစားတယ်
ပြီးရင် သူ့ကို စီးတယ်
ဇောင်းထဲက မြက်တွေကို အသစ်လဲပေးတိုင်း
ကျွန်တော်တို့ စကားစမည် ပြောကြလေ့ရှိတယ်
သူမ ဘယ်လောက်လှကြောင်း၊ ဘယ်လောက် တော်ဝင်ဆန်ကြောင်း ကျွန်တော်က ပြောပြတဲ့အခါ
ခရစ်ကတ်က တိတ်တိတ်ကလေး နားထောင်တယ်
သူမအချစ်ကိုရဖို့ ခရစ်ကတ်ကို ကျွန်တော် လက်ဆောင်အဖြစ်ပေးလိုက်တဲ့နေ့က ကျွန်တော်ငိုတယ်
သူမဟာ ခရစ်ကတ်ကို ကြွားစီးဖို့ထက်ပိုပြီး မချစ်ဘူး၊ မိတ်ဆွေလို မဆက်ဆံဘူး၊
ဒါပေမဲ့ သူမကို ကျွန်တော်က ချစ်တယ်
သူမရဲ့ ရွှေရောင်ဆံပင်တွေဟာ ခရစ်ကတ်ရဲ့ အမြီးတွေလိုပဲလို့ စနောက်တိုင်း
ကျွန်တော် သူမရဲ့ အပြစ်ပေးခြင်း ခံရတယ်
ခရစ်ကတ်ဆုံးသွားပြီးနောက်ပိုင်း ကျွန်တော်နဲ့ သူမ လက်ထပ်လိုက်တယ်
မင်္ဂလာဆောင်ကို ခမ်းခမ်းနားနား လုပ်ဖြစ်ခဲ့တယ်
နွေရာသီတစ်ခုအရောက်မှာတော့ သူမ ကိုယ်ဝန်ဆောင်တယ်
သမီးလေးမွေးတော့ သမီးလေးဟာ ငွေရောင်ဆံပင်လေးတွေနဲ့
သမီးလေးကို ခရစ်ကတ်လို့ နာမည်မှဲ့ဖို့ ဇနီးက သဘောမတူဘူး
ဒါပေမဲ့ ကျွန်တော့်သမီးကို ခရစ်ကတ်လေးလို့ပဲ ကျွန်တော်ခေါ်တယ်
သမီးဟာ အမေကို မချစ်ဘူး
ကျွန်တော့်နားပဲ တစ်ချိန်လုံးကပ်ပြီး ပွတ်သပ်ချွဲနေတတ်တယ်
သမီးဟာ ကျွန်တော့်လိုပဲ လယ်ကွင်းတွေနဲ့ နွေရာသီကို ချစ်တယ်
ကျေးလက်ဂီတကို ရူးသွပ်တယ်
မြက်ပင်လေးတွေကို ကြင်နာစောင့်ရှောက်တယ်
သမီးဟာ အသားမစားဘူး၊ အသီးအရွက်ပဲ ကြိုက်တယ်
ခရစ်ကတ်လေး ၈နှစ်ပြည့်တဲ့နွေမှာ ဝက်သစ်ချပင်အောက်မှာ ကစားရင်း လဲကျသွားတယ်
ဆေးရုံမရောက်ခင်ဘဲ ဆုံးသွားခဲ့တယ်
ခရစ်ကတ်လည်း ၈နှစ် နွေမှာ ဆုံးခဲ့တာပဲ
ဇနီးနဲ့ ကျွန်တော်တို့ တစ်ရက်နဲ့တစ်ညတိတိ ငိုကြတယ်
ခရစ်ကတ်လေးကို ခရစ်ကတ်ရဲ့အုတ်ဂူဘေးမှာယှဉ်ပြီး မြှပ်နှံသဂြိုလ်ခဲ့တယ်
ပတ်ပတ်လည်မှာ မြက်ခင်းလေးတွေ အမြဲစိမ်းနေအောင် ကျွန်တော်တို့ဇနီးမောင်နှံ ဂရုစိုက်တယ်
ကျွန်တော့်ဇနီးဆုံးသွားတော့ ခရစ်ကတ်လေးတို့ဘေးမှာပဲ အုတ်ဂူဆောက်ပြီး မြှုပ်နှံခဲ့တယ်
ကျွန်တော့်သေတမ်းစာထဲမှာ ကျွန်တော်သေရင် ဇနီးသည်ရဲ့ဘေးမှာပဲ မြှုပ်ဖို့ဆိုတာပါတယ်
ကျွန်တော့်ဇနီးလို၊ ခရစ်ကတ်လေးတို့လို ကျွန်တော်လည်း နွေမှာပဲ သေလိမ့်မယ်လို့ယုံတယ်
နွေရာသီကို ကျွန်တော်မုန်းပေမဲ့ ကျွန်တော် စောင့်စောင့်နေမိတယ်
တစ်နွေပြီးတစ်နွေကုန်သွားတိုင်း မြက်ပင်လေးတွေညှိုးသွားတိုင်း ကျွန်တော် ငူငိုင်လို့..
အဘိုးကြီးတစ်ယောက်ရဲ့ဘဝဟာ အထီးကျန်ဆန်စွာပဲ အဆုံးသတ်မှာပါ
ကျွန်တော့်သေတွင်းကို ကျွန်တော်ကိုယ်တိုင် တူးထားတယ်
ဒီနွေမဟုတ်.. နောက်တစ်နွေပေါ့..
နွေရာသီဟာ အနုပညာတစ်ခုဆိုရင် မျှော်လင့်ချက်ကြီးကြီးနဲ့ ခါးနေတဲ့ရသကိုပဲ ပေးစွမ်းတယ်
ခရစ်ကတ်လေးတွေရေ.. ငါလာပြီ..။     ။


ရေးသားသူ။    ။ Craton



1 comment:

စံပယ္ခ်ိဳ said...

ဒီမှာနွေရာသီတို့နွေဦးရာသီတို့အရမ်းကိုလှပတဲ့သဘာဝရှိတယ် .....မြို့ပြင်ဖက်ကိုမကြာခဏကားမောင်းသွားလေ့ရှိတယ် တချို့ပိုက်ဆံရှိတဲ့သူတွေကမြို့ပြင်မှာမြင်းကွင်းကြီးကြီးနဲ့ အိမ်နဲ့တွဲပြီးနေတတ်တယ်လေ အဲတာတွေကိုသွားကြည့်ရတာ ဂျက်ကသဘောကျတယ်........စာကိုဖတ်နေရင်း မျက်စိထဲမှာမြင်နေတယ် လှပတဲ့မြင်းကြီးတွေကို
ချစ်စရာကောင်းပြီးနွေရာသီရဲ့လှပတဲ့ မြင်ကွင်းရယ် မိသားစုလေးရယ် မြင်းကြီးရယ် ခုနေတဲ့နေရာနဲ့ ကွက်တိပါပဲမီးမီးရေ..........
တယောက်ပြီးတယောက်လောကကနေထွက်ခွါရတာတော့သဘာဝပဲပေါ့ ...ဒါပေမဲ့တခါတလေ တယောက်ထဲကျန်ရစ်မှာကိုကြောက်တယ်ကွယ်။