Saturday, 19 March 2016

နွေရာသီအနုပညာ..... (၆)





မျက်နှာချေမှုန့်ကို ညက်နေအောင် တို့ဖတ်ထပ်ရိုက်လိုက်ရင်း
မှန်ထဲက ကျွန်မကိုယ်ကျွန်မ သေချာအောင် ထပ်ပြုံးပြလိုက်တယ်
ချယ်ရီရောင်နှုတ်ခမ်းနီကြောင့် ပိုပြီးစိုအိသွားရတဲ့နှုတ်ခမ်းတစ်စုံ..
အိုင်းလိုင်နာကို ခရမ်းပြာရောင် ကျွန်မ ခြယ်ထားတယ်
ဒီညအတွက် အတွင်းရောင်ဟာ အနီရောင်ပဲဖြစ်ရမယ်
ဆေးတစ်လုံးသောက်လိုက်တာနဲ့ ကျွန်မသွေးတွေ ဆူဝေအုံကြွလာပြီ
ကျွန်မနှလုံးသားတွေဟာ တဆတ်ဆတ်တုန်လာပြီ
ည ၁၂နာရီ.. ကျွန်မအချိန်ရောက်ပြီ
ကျွမ်းကျင်အဆင့် ကျွန်မရဲ့အညှို့တွေကို ကျွန်မ ချရောင်းရတော့မယ်
အဆင်သင့်ဖြစ်နေပြီဆိုတာထက်တောင် ကျွန်မ အများကြီးပိုသေးတယ်
စင်မြင့်ပေါ်ကိုတက်လိုက်ရင်း ဟေးခနဲကြားရတဲ့ အသံသြသြကြီးတွေကို
ကျွန်မ ရှိုက်ငင်ဖိုတင်းပစ်လိုက်တယ်
ဘီယာနံ့ ချွေးနံ့ ဆေးခြောက်နံ့ ဝီစကီနံ့တို့က ထောင်းခနဲ..
သူတို့လက်ထဲက ဒေါ်လာရွက်တွေဆီ အကြည့်ကဝေ့သွားတယ်
ကျွန်မ ပိုပြီးသွက်လက်ဆတ်ကော့လာတယ်
ပိုပြီးကြွရွရဲတင်းလာတယ်
ပိုပြီးတွန့်ကောက်ဖူးမော့လာတယ်
ကျွန်မဟာ နွေရာသီအရိုင်းပန်းတစ်ပွင့်လို ထင်းထင်းလင်းလင်း ပွင့်လာတယ်
စလိုက်မီးရောင်တွေ ကျွန်မကိုယ်ပေါ် အကုန်မှောက်ချလိုက်တဲ့အခါ
ကျွန်မဟာ တိုင်ကိုဖက်ပြီး စကတယ်
အသံတွေဆူလာလေလေ ကျွန်မတန်ပိုတွေ အရှိန်ရလာလေ
နောက်ပြီး ကျွန်မဝယ်လိုအားတွေ မြင့်လာလေ
ကမ်းပေးလာတဲ့တစ်ခွက်ကို မူးမူးမိုက်မိုက်မော့ချလိုက်ပြီးတာနဲ့
ကျွန်မဟာ ကြောင်လိမ္မာတစ်ကောင်လို တိုးကပ်ဦးညွတ်ပေးရတယ်၊ ပွတ်သပ်ပင့်ရှိုက်ပေးရတယ်
ကျွန်မအချိန်မကုန်ခင် ကျွန်မဟာ ကသောကမျော
ရိုင်းသည်ထက်ရိုင်းရတယ်၊ လိုသည်ထက်ပိုရတယ်
အချိန်ကုန်ပေမဲ့လည်း ဆေးကြောင့် အရှိန်မကုန်သေးတဲ့အခါ
ကျွန်မဟာ ပိုင်ဆိုင်သမျှအားလုံးကို လွှတ်ချပေးလိုက်တယ်  

ကျွန်မဟာ ညမင်းသမီးပါ

နောက်တစ်နေ့နိုးထလာရမှာကြောက်တဲ့ရောဂါကို
အရှိန်ပြင်းပြင်း ဝင်ဆောင့်ထားခဲ့တာ သက်တမ်းရင့်နေသူကြီးပေါ့
ကျွန်မအစွမ်းကုန်မှောက်ပစ်ခဲ့တဲ့ညနက်တွေကို
အိပ်မက်ဆိုးတွေအဖြစ်ထပ်မက်နေရတဲ့ ဖန်ခွက်တစ်လုံးပေါ့
ကျွန်မဟာ ပြန်ဆက်လို့မရတော့အောင် ကျိုးကြေမွထနေပါပြီ
ဒါပေမဲ့ ကျွန်မ နောင်တနဲ့ သန်းခေါင်တွေကိုစောင့်ဆဲ
တဖန်ပြန်လည်ဖူးပြရမယ့်နာရီတွေကိုစောင့်ဆဲ
တသောသောဒေါ်လာတွေကိုစောင့်ဆဲ
နွေဆန်တဲ့ ပူခါးခါး အရက်တွေကိုစောင့်ဆဲ
ကျွန်မ သိပ်လှတယ်။        


ရေးသားသူ။   ။ Craton 

 

1 comment:

ပျိုးယုဝသုန် (Pyo Yu Wathone) said...

Pole Dancer တစ်ဦးရဲ့ လွန်ဆွဲမှုများလား..