မိုးသက်လေတွေ တိုက်ခတ်လို့ သစ်ပင်သစ်ကိုင်းတွေလှုပ်ခတ်သွားတိုင်း သစ်ရွက်ကလေးတွေ မိုးထဲ ယိမ်းနွဲ့သွားတိုင်း မင်းကို လွမ်းတယ်….။ ကဲ… ကိုယ့်အလွမ်းတွေကို တရားလွန်အလွမ်းလို့ မင်းစွပ်စွဲချင်လဲ ရတယ်..။
မိုးစိုထဲ ကိုယ်ရပ်နေတုန်းက ထီးတစ်ချောင်းနဲ့မင်းရောက်လာခဲ့တယ်…။ ကိုယ့်ဆံနွယ်တွေမှာ ခိုတွဲနေတဲ့ မိုးစက်တွေတောင် ရှက်လို့ ပုန်းနေကြရတယ် မိုးကြောင့်အေးစက်ပြာနှမ်းသွားတဲ့ ကိုယ့်နှုတ်ခမ်းတွေကို မင်းအနွေးဓါတ်ပေးခဲ့တုန်းကပေါ့…။ ဒါဟာ မိုးရာသီအိပ်မက်တစ်ခုလို့ မင်းမပြောပါနဲ့…။ ကိုယ့်အတွက် မင်းဟာ အိပ်မက်လည်းတကယ် ... တကယ်အဖြစ်ဟာလည်း အိပ်မက်ပါပဲ…။
မိုးသံစဉ်လှလှလေးတွေငြိမ့်ငြိမ့်ညောင်းညောင်းလေးလွှင့်နေတဲ့ song box ချိပ်စွဲထားရာနံရံအောက်မှာ ဒူးတုတ်ထိုင်ရင်း မိုးငွေ့တွေကို ရှူရှိုက်နေခဲ့တဲ့ ညနေခင်းတုန်းက လမ်းမပေါ်မှာ လူတွေယောက်ယက်ခတ်လို့ ကိုယ်ကတော့ မင်းကိုလွမ်းလို့ကောင်းဆဲ…။
အဲဒီညက အပြင်မှာ မိုးမရွာဘူး … ခွေးဟောင်သံတွေ တခါတခါ ဖြတ်သွားတဲ့ကားသံတွေကြားရတယ်…။ ကိုယ်ကတော့ မိုးရာသီအလွမ်းတွေကို တစ်ခုပြီးတစ်ခုထိုင်ရေးရင်း မင်းကိုလွမ်းလို့ ငိုမိသေးတယ်..။
မင်းရဲ့ ခြေလှမ်းတွေ စက်ဝိုင်းပေါ်မှာ လျှောက်လှမ်းဆဲလား မင်းရဲ့ ဦးတည်ချက်ကိုသေချာ မတွက်ဆချင်တော့ပါဘူး…။ မင်း… ကိုယ်နဲ့ နီးချင်နီးလာလိမ့်မယ် ဝေးချင်ဝေးသွားလိမ့်မယ်… ကိုယ်ကတော့ မိုးရာသီတွေ တစ်ခုပြီးတစ်ခုကျော်ဖြတ်ရင်း မင်းကိုစောင့်မယ်…။
မိုးငွေ့
2 comments:
မိုးရာသီရဲ့ အလွမ်းတစ်ခုကို ဖတ်ရင်း ကိုယ်ပါလွမ်းသွားသလိုပါပဲ မမရေ ... :)
မိုးနဲ့အတူ လွမ်းပြီးရင်လွမ်းရပါလား မမိုးရယ်..
ချစ်ခင်လျက်
သဒ္ဓါ
Post a Comment