Monday, 14 July 2014

မိုးရာသီအလွမ်းများ(၅)…..


  



အဲဒီမိုးရွာတဲ့နေ့တုန်းက မိုးထဲရပ်နေတဲ့ ကိုယ့်အနားကို မင်းရောက်လာပြီး တိုးဖွဖွ နှုတ်ခမ်းလှုပ်ရုံကလေး စကားတစ်ခွန်းပြောလိုက်တယ်…။ အေးစက်နေတဲ့ ကိုယ့်နှုတ်ခမ်းပေါ် အိထွေးပူနွေးတဲ့ အတွေ့တစ်ခု ရလိုက်ပြီး … မင်းက ကိုယ့်လက်ကိုဆွဲပြီး ကွင်းပြင်အစပ်နားက စိမ်းညို့နေတဲ့ တောအုပ်ထဲကို ခေါ် သွားခဲ့တယ်…။ မိုးကြောင့် တုန်ခိုက်နေတဲ့ ကိုယ့်ကို ကော်ဖီပူပူတစ်ခွက်တိုက်မယ်လို့လည်း မင်းပြောသေးတယ်….။ တောအုပ်ထဲမှာ မင်းကိုယ့်ကို ထားခဲ့မယ်မှန်းသိရင် ကိုယ်မလိုက်ပါဘူး….။ မိုးစိုခံပြီးပဲ မင်းနဲ့အတူ ကွင်းပြင်မှာပဲ ရပ်နေမှာပေါ့…။ 





တောအုပ်ထဲလဲရောက်ရော ချက်ချင်းအမှောင်တွေပိန်းပိတ်သွားခဲ့တယ်…။ ကိုယ့်နားမှာ မင်းလည်းမရှိတော့ဘူး ဘာမှလဲမမြင်ရတော့ဘူး…။ မင်းကို ဘယ်လိုမှလဲ အော်ခေါ်လို့မရတော့ဘူး…။ အိပ်မက်က လန့်နိုးလာတော့ ကိုယ့်ပါးပြင်မှာ မိုးရေတွေစိုလို့ပေါ့….။ ဟင့်အင်း မိုးရေ မဟုတ်ပါဘူး… မျက်ရည်တွေပါ..။ 

အပြင်မှာ မိုးတွေသည်းသည်းထန်ထန်ရွာနေတယ်… မိုးမလင်းသေးဘူး မနက် နှစ်နာရီခွဲပဲရှိသေးတယ်…။ ကိုယ်ဆက်ပြီး အိပ်မပျော်မယ့်အတူတော့… မိုးရာသီအလွမ်းတွေကို စိတ်ကူးနဲ့ အိပ်ယာထဲမှာပဲ ရေးနေမိတယ်..။

မင်းရော ခုချိန်ဆို မိုးအေးအေးနဲ့ မိုးရာသီအိပ်မက်မက်နေမလား….။ မင်းအိပ်မက်ထဲမှာ ကိုယ်ရောမပါဘူးလား…။ မင်းအိပ်မက်ထဲကို ကိုယ်တခါလေးမှ ရောက်ခွင့်မရှိဘူးလား အိန်ဂျယ်… ။


မိုးငွေ့

1 comment:

သဒ္ဓါလှိုင်း said...

မိုးရွာရင် နိုးတတ်တော့ ညဘက်မိုးရွာလည်း
လွမ်းရတာပဲ...

ချစ်ခင်လျက်
သဒ္ဓါ