ရေငွေ့တွေပါတဲ့ လေတွေတစ်ချက်တိုက်လိုက်လို့ ကိုယ့်ဆံပင်တွေ ဖွာလန်ကျဲကုန်ကြတယ်…။ ဘယ်သူမှ ရောက်မလာတတ်တဲ့ ဒီလိုရာသီမျိုးမှာ ကိုယ်ကတော့ မင်းခြေရာတွေကို ပြန်ကောက်ဖို့ ရူးမိုက်စွာ ရောက်လာခဲ့သူလေ…။
ဒီသဲသောင်ပြင်မှာ မင်းခြေရာတွေရှိနေခဲ့မှာပဲဆိုပြီး ကိုယ်လာရှာတာပါ အိန်ဂျယ်…..။ ရေလှိုင်းတွေက တဝုန်းဝုန်းနဲ့ ကိုယ်ခြေဖဝါးချထားတဲ့နေရာထိ ပြေးလာလိုက် ထွက်သွားလိုက်နဲ့…။ ဟင့်အင်း ကိုယ်ပြန်ကောက်မယ့် မင်းခြေရာတွေကို ဒီလှိုင်းတွေက အဝေးကို ယူဆောင်သွားလိမ့်မယ်…။ ကိုယ်ဘယ်လို တားဆီးရပါ့မလဲ…။
ကိုယ်ငိုမချလိုက်ခင်မှာပဲ… တိမ်တွေက ကိုယ့်ကိုကြည့်ပြီးတော့ပဲ သနားသွားလို့လား ကိုယ့်ထက်ဦးအောင်ငိုချကြတယ်…။ ကိုယ့်မြင်ကွင်းထဲမှာ မိုးရေစက်တွေ…မိုးရေစက်တွေချည်းပဲ…။ ကိုယ်လဲ ရွှဲရွှဲကိုစိုလို့….။
တဒင်္ဂလေးမှာ မိုးစက်တွေ ကိုယ့်ကိုယ်ပေါ်ကျမလာတော့လို့ မိုးတိတ်သွားပြီလား ဆိုပြီး ကောင်းကင်ကိုမော့ကြည့်လိုက်တာ…။ မိုးပြာနုရောင်မိုးကောင်းကင်တစ်ခုကို မယုံနိုင်စွာ ကိုယ်တွေ့ လိုက်ရတယ်…။ ကိုယ်နောက်ကိုလှည့်ကြည့်လိုက်တော့ … အဖြူရောင်ဝတ်စုံနဲ့ ကိုယ့်ကို ထီးမိုးပေးနေတဲ့မင်း….။
“အိန်ဂျယ်..” လို့ ကိုယ်အသံထွက် ခေါ်လိုက်ရင်း ဝမ်းသာလွန်းလို့ ပြုံးလိုက်တဲ့အချိန် စက္ကန့်ပိုင်းလေးမှာပဲ မင်းပျောက်ကွယ်သွားခဲ့တယ်….။ ဘုရားရေ… ကိုယ်အစွဲလန်းလွန်သွားခဲ့တာလား…။ မင်းမရှိဘဲ မင်းရောက်လာခဲ့တယ်လို့ ထင်ယောင်ထင်မှားမှုတွေဖြစ်ကုန်တာလား…။
မင်းအနားမှာမရှိတော့ပြန်ဘူးဆိုတဲ့ အသိစိတ်တွေက တကိုယ်လုံးမှာရှိတဲ့ အင်အားတွေကို ဆုတ်ယုတ်ယူငင်လိုက်သလိုပဲ တမဟုန်ခြင်း ပျော့ခွေသွားပြီး သောင်ပြင်ပေါ် ပက်လက်အနေထားလေး ကျောချလိုက်ရတယ်….။ ကိုယ့်မျက်နှာပေါ်ကို မိုးစက်မိုးပေါက်တွေ အဆက်မပျက် ခုန်ချစီးဆင်းကြတယ်…။ ကိုယ့်မြင်ကွင်းထဲမှာ ခဲသားရောင်တွေအပြည့်…..။ ကိုယ်သိပ်နှစ်သက်လှချေရဲ့ဆိုတဲ့…အရောင်တွေလေ….။
မျက်စိကိုစုံမှိတ်ထားလိုက်တယ်…….။
မိုးတွေပိုသည်းလာတယ်… ကိုယ့်ခန္ဓာကိုယ်လဲ သဲထဲကို တဖြေးဖြေးနစ်ဝင်လာပြီ…။
အိန်ဂျယ်ရေ….မင်း ဘယ်ဆီမှာလဲ….။
မင်းရှိမယ့်နေရာဆီကို ကိုယ်မှန်းဆပြီး လိုက်ခဲ့မယ်….။
မိုးငွေ့
1 comment:
လွမ်းမောစရာ ဖတ်ရင်း ရင်မှတရှိုက်..
ချစ်ခင်လျက်
သဒ္ဓါ
Post a Comment