Thursday, 24 July 2014

မိုးရာသီအလွမ်းများ(၈)…..






အဲဒီနေ့ညက မင်းကိုနောက်ဆုံးတွေ့လိုက်ရတဲ့ အချိန်ဟာ ကိုယ့်အတွက် တစ်သက်တာလုံးအတွက် တန်ဖိုးအရှိဆုံးချိန်ပဲ ….။ ကောင်းကင်က ကြယ်တစ်လုံး ဖျတ်ခနဲကြွေဆင်းပျောက်ကွယ်သွားတဲ့ အလင်းတန်းမျိုးကို တွေ့လိုက်ရပြီး… နှမြောတသစွာ ကျွမ်းမြေ့ကျန်ရစ်တဲ့ ခံစားမှုမျိုးကို နင့်နင့်သီးသီး ခံစားလိုက်ရတယ်…..။ အဲဒီနောက် မင်းကိုယ့်ရှေ့ကို ဘယ်တော့မှ ရောက်မလာတော့ဘူးလေ….။

အဲဒီတုန်းက မိုးဘယ်နေရာမှမရွာခဲ့ပါဘူး…ကိုယ့်တစ်နေရာစာလေး… ကိုယ်ရပ်ပြီး ကျန်ရစ်ခဲ့တဲ့ တစ်နေရာစာလေးကိုပဲ ကွက်ပြီး သည်းခဲ့တာပါ…။ ရွှဲနစ်သွားခဲ့တဲ့ မျက်ဝန်းတစ်စုံ… မွှန်းကျပ်သွားခဲ့တဲ့ နှလုံးသားတစ်ခု… တုန်ခိုက်အေးစက်သွားခဲ့တဲ့ နှုတ်ခမ်း….ဒါတွေ ဒါတွေကို မင်း သိလိုက်မြင်လိုက်မှာ မဟုတ်ပါဘူး….။

အိန်ဂျယ်ဆိုတာ လူသားတစ်ယောက်မှမဟုတ်တာလေ….နော်..။ 
ကိုယ့်ဆီကို တခဏ ကိုယ်ယောင်လာပြပြီး ပျောက်ကွယ်သွားရတာပါ …ဟုတ်ပါတယ်…။

နူးညံ့ကြည်စင်လွန်းတဲ့ မင်းမျက်ဝန်းလက်လက်တွေဟာ အခါများစွာ  ကိုယ့်ကို ညွတ်နူးမိန်းမောစေခဲ့တာ ပြန်ပြန်တွေးရင်း မင်းကိုလွမ်းလွန်းလို့ မျက်ရည်တွေ စိုစွတ်တဲ့ အပြုံးတစ်ခုကို ကိုယ်ဖန်တီးမိတယ်...။

တသုန်သုန်တိုက်ခတ်လာတဲ့လေကြောင့် မိုးစက်ပွင့်တွေ စွတ်စိုနေကြတဲ့ Angel’s Trumpet ပန်းပွင့်လေးတွေ လှုပ်ခတ်သွားတာကိုကြည့်ရင်း ကိုယ့်ရင်ခုန်သံတွေ မကြုံစဖူး လန်းဆန်း သစ်လွင်လို့…။ မင်းကိုယ်တိုင် ဖန်ဆင်းလိုက်တဲ့ ပန်းပွင့်လေးတွေလို့ ကိုယ်က အမြဲယုံကြည်ထားတာမို့လေ…။ ပါးပြင်ပေါ်က မျက်ရည်စက်တွေကိုလည်း လွတ်လွတ်လပ်လပ် စီးခွင့်ပြုထားလိုက်တော့တယ်…။



မိုးငွေ့

1 comment:

သဒ္ဓါလှိုင်း said...

မိုးရွာရင် ပိုလွမ်းတယ်..

ချစ်ခင်လျက်
သဒ္ဓါ