ငါးခုမြောက် မိုးရာသီအလွမ်းကို လက်စသတ်ပြီး ကိုယ်အိပ်ယာဝင်ခဲ့တော့… မင်းကိုလွမ်းတဲ့စိတ်နဲ့ စွဲလန်းစိတ်ကြောင့်ထင်ပါရဲ့ အဲဒီညက..မင်း ကိုယ့်အိပ်မက်ထဲရောက်လာခဲ့တယ်…။
မိုးတွေညိုလို့ ဘယ်လောက်ပဲမှောင်မိုက်နေပါစေ… မင်းရောက်လာခဲ့ရင်တော့ အလင်းရောင်တွေဟာ မျက်စိကျိန်းစပ်လောက်တဲ့အထိ ဖြာကျလာတတ်တယ်…။ မင်းရဲ့အဖြူရောင်အတောင်ပံ စွမ်းအားကြောင့်ပေါ့…။ ကိုယ့်လက်ခုံကို မင်းငုံ့နမ်းလို့ လှုပ်ခတ်သွားခဲ့တဲ့ မင်းအတောင်ပံဖြူဖြူတွေကို ကိုယ်လက်နဲ့အသာအယာ ပွတ်သပ်ကြည့်ချင်မိတယ်…..။ ဒါပေမယ့်ကွယ် ကိုယ့်ကြောင့် မင်းရဲ့ အဖြူရောင်တွေ စွမ်းထင်းပွန်းပဲ့သွားမှာစိုးတယ်….။
သိပ်လှတဲ့ တနင်္ဂနွေမိုးသည်းတစ်ခု ကော်ဖီရနံ့မွှေးမြတဲ့ မိုးသည်းသည်းနေ့တစ်ခု စတဲ့ စတဲ့ မိုးနေ့ရက်တွေကို ကိုယ့်အတွက် မင်းဖန်တီးပေးခဲ့ဖူးတယ်....။
လသာဆောင်ကနေမျှော်ကြည့်တော့… တိမ်ညိုတွေက အုပ်အုပ်မှိုင်းမှိုင်း...။ ကိုယ့်ကိုအမြဲပြုံးပြနေကျ လမင်းကြီးမရှိ… လင်းလက်မှိတ်တုတ်နေတဲ့ ကြယ်ကလေးတွေ မရှိ….။ ငွေကြယ်စင်ကလေးတွေလို မင်းမျက်ဝန်းတစ်စုံမရှိ….။
ခုလို မိုးစက်တွေသွန်းဖွဲ မှုန်မှုန်မှိုင်းမှိုင်းမိုးရက်တွေမှာ မင်းနဲ့အတူ ကော်ဖီအတူသောက်ရရင် သိပ်ကောင်းမှာပဲ အိန်ဂျယ်…။ ကိုယ် အဲသလောက်တော့ စိတ်ကူးယဉ်ခွင့်ရှိသေးတယ်မဟုတ်လား…။
မိုးငွေ့
1 comment:
ဖွင့်လိုက်တာနဲ့ မမိုးရဲ့အိန်ဂျယ်လေးတွေ့လို့ ဖတ်သွားပြီ.. လွမ်းစရာကောင်းလိုက်တာ....
ချစ်ခင်လျက်
သဒ္ဓါ
Post a Comment