Saturday, 5 April 2014

နေမဝင်အလွမ်းများ.....





နွေညနေရဲ့ နေဝင်ချိန်မှာ ဖုန်ငွေ့ ကားငွေ့တွေအပြင် အလွမ်းငွေ့တွေကိုပါ ရှုရှိုက်လိုက်ရတယ်...။

အိမ်အပြန်လမ်းမှာ ဘယ်ကဘယ်မှန်းမသိ ရုတ်တရက် မင်းကို သတိရလွမ်းဆွတ်မှုတွေက ရင်ဘတ်ကနေလှိုက်တက်လာတာ လည်ချောင်းတလျှောက်ခါးသက်သွားခဲ့တယ်...။ ခါတိုင်း ခပ်သွက်သွက်လှမ်းတဲ့ ခြေလှမ်းတွေက တုန့်ဆိုင်းနှေးကွေးနေကြတာ မျက်ဝန်းဆီကို ရိပ်ခနဲတက်လာခဲ့တဲ့ မျက်ရည်တချို့ကို နေဝင်ရီတရောမှာ လမ်းသွားလမ်းလာတွေ မမြင်နိုင်လောက်ပေမယ့် ခေါင်းခပ်ငိုက်ငိုက် လျှောက်လာခဲ့တယ်...။ အိမ်ပြန်ရောက်ဖို့ တခြားလမ်းတွေ ရှိပါလျက်နဲ့ မင်းနဲ့နောက်ဆုံးတွေ့တုန်းက လမ်းကလေးထဲကို ကိုယ်ချိုးကွေ့ ဝင်လိုက်မိတယ်..။ ယောင်ရမ်းပြီး ညာဘက်ကိုလှည့်ကြည့်မိပြန်တယ်။ မင်းများကိုယ်နဲ့ကပ်လျက် လိုက်လျှောက်နေမလားဆိုတဲ့ မျှော်လင့်ချက် သဲ့သဲ့လေး...။

အိမ်ရောက်ခါနီး ဘယ်ဘက်လမ်းကိုမချိုးကွေ့ခင် မင်းနဲ့အတူထိုင်ခဲ့ဖူးတဲ့ အုတ်ခုံဝိုင်းလေးဆီကို ချက်ချင်းအကြည့်ရောက်သွားရင်း ရင်ထဲစူးခနဲနာကျင်သွားရတယ်...။ ဘယ်တော့မှ ပြန်မဆုံတော့မယ့် မင်းကို အသောမသတ်နိုင်တဲ့ လွမ်းဆွတ်တမ်းတမှုတွေ မခမ်းခြောက်နိုင်တဲ့ မျက်ရည်တွေ ပခုံးပေါ်ကလွယ်အိတ်ကြိုးကို ခပ်တင်းတင်းဆုတ်ကိုင်ရင်း အုတ်ခုံဆီကနေ အကြည့်ကို ဆတ်ခနဲလွဲရင်း ဘယ်ဘက်လမ်းသွယ်လေးထဲကိုခြေဦးတည့်လိုက်တယ်...။ 

ဟာသွားတဲ့ ရင်ဘတ် လွှင့်စင်သွားတဲ့ မျက်ရည်စတချို့ကို လက်ဖနောင့်နဲ့ ခပ်ကြမ်းကြမ်း သုတ်ပစ်လိုက်တယ်...။ ဖျော့တော့နေပြီဖြစ်တဲ့နေရောင်တချို့ လဲပင်ထိပ်ဖျားမှာ စွန်းထင်းနေလေရဲ့...။ မင်းကိုလွမ်းတဲ့ ကိုယ့်အလွမ်းတွေကတော့ နေမဝင်အလွမ်းတွေပေါ့ အိန်ဂျယ်....။


မိုးငွေ့

4 comments:

Aunty Tint said...

နေမ၀င်အလွမ်းလေးဖတ်ရင်း လွမ်းသွားတယ် မိုးငွေ့ရေ...အကြောင်းက ဒီကနေ့မနက် ဦး ပြန်သွားလို့ ဟာဟ...

မေတ္တာဖြင့်
တီတင့်

အမ်တီအန် said...

နေမ၀င်အလွမ်း..တဲ့လား... မိုးငွေ့ရေ...

rose of sharon said...

ဖတ်ရင်းနဲ့ လိုက်လွမ်းမိသွားတယ်... လွယ်အိတ်လွယ်ဘူးတဲ့ အချိန်တွေကိုလည်းလွမ်းတယ်...

Anonymous said...

လွမ်းသွားပြီ အမမိုးငွေ့ ... :)

(ဒါနဲ့ ဟိုနေ့က အမတို့အုပ်စုတွေကို April Fool လိုက်တာ စိတ်ဆိုးကြနဲ့နော် ..:D

ဟီးးး..မီးမှာ နောက်စရာ ဒီအမ အုပ်စုပဲရှိလို့ပါ):D