Tuesday, 26 February 2013

ထာဝစဉ်ထင်ကျန်စွဲမြဲနေမှာပါ.....




ထုံးစံအတိုင်းပေါ့.... မင်းကို..နင့်နင့်သည်းသည်းလွမ်းဆွတ်သတိရလာတဲ့အခါ မင်းနဲ့ပတ်သက်တဲ့အမှတ်တရတွေဆီကို သွားသွားကြည့်ရတာကလွဲလို့ ကိုယ်ဘာများတတ်နိုင်ခဲ့သေးသလဲ...။

အဲဒီတုန်းက မင်းတောင်းဆိုလို့ မင်းနဲ့ပတ်သက်ပြီးကိုယ်စရေးတဲ့စာလေးကနေ ကိုယ်အခုပြန်စဖတ်ကြည့်နေတယ်......။
မင်းကိုယ်တိုင် လာအားပေးတဲ့ စာကြောင်းတိုတိုကလေးနှစ်ကြောင်းကို စက္ကန့်တော်တော်ကြာတဲ့အထိ ကိုယ်စိုက်ငေးကြည့်နေမိတယ်......။ ကိုယ်မှတ်မိသလောက်တော့ မင်းနဲ့ပတ်သက်ပြီးရေးတဲ့ အက်ဆေးတိုလေးတွေမှန်သမျှကို...မင်းကိုယ်တိုင်ရိပ်မိသိရှိလာအောင်လို့ တဖြေးဖြေးဆွဲခေါ်သွားတဲ့နေရာမှာ...မင်းရောက်ခဲ့ပါတယ်ဆိုတဲ့ အမှတ်တရခြေရာကသုံးခုထဲရယ်....။

အတွေးတွေက ကိုယ်တို့စဆုံဖြစ်တဲ့နေရာဆီကို လွင့်လွင့်လူးလူး ရောက်သွားခဲ့ပြန်တယ်....။
ဒီလိုနဲ့ပဲ ဂျာအေးဖြစ်နေတာရယ်.....။ ဒါပေမယ့််ကိုယ်ကျေနပ်တယ်....ကိုယ်သိပ်ချစ်တဲ့မင်းက ကိုယ့်ဆီမှာဖျောက်ဖျက်ပစ်လို့မရတဲ့ အမှတ်တရတွေ မကုန်ဆုံးနိုင်တဲ့အမှတ်တရတွေကို  ကိုယ့်အတွက် တစ်သက်စာပေးခဲ့နိုင်လို့လေ....။ မင်းကို သတိရလွမ်းဆွတ်မိတဲ့အခါတိုင်း ရင်ထဲကဖိတ်စင်ကျလာမယ့် စကားလုံးလှလှတွေတိုင်းဟာ မကုန်နိုင်တဲ့ မင်းပေးတဲ့အမှတ်တရတွေပေါ့ အိန်ဂျယ်...။

ဖဘထဲဝင်တိုင်း မင်းရှိမရှိသွားသွားချောင်းရတာလဲအမောပေါ့....။ ပြီးခဲ့တဲ့ တစ်ရက်နှစ်ရက်ကတော့ မင်းပရိုဖိုင်ကပုံလေးပြောင်းထားတာတွေ့တယ်..။ ဒီနေ့တော့ မင်းကိုလုံးဝရှာမတွေ့တော့ဘူး....။ တကယ်တော့ မင်းကို သူငယ်ချင်းပြန်ဖြစ်ချင်လို့ ဖရန်းလုပ်ဖို့ ရည်ရွယ်ချက်နဲ့ကိုယ်ရောက်သွားခဲ့တာပါ....။။ ဒါပေမယ့်ကွယ်...မင်းကိုဘယ်လိုမှရှာလို့မတွေ့တော့ဘူး...။ search မှာ မင်းနာမည်သုံးလုံးကိုရိုက်ထည့်ရင်းက မင်းပရိုဖိုင်ပုံပေါ်မလာကတည်းက ကိုယ်အသက်ရှူဖို့တောင်တဒင်္ဂမေ့သွားခဲ့ရတယ်...။ ကိုယ့်ဖရန်းလစ်ထဲမှာရှိတဲ့ မင်းသူငယ်ချင်းတွေဆီကတဆင့်သွားရှာတာတောင် မင်းကိုမတွေ့ရတော့ဘူး..။ အကြောင်းတစ်ခုခုကြောင့်များ ခဏပိတ်ထားလိုက်တာလား...ဒါမှမဟုတ် ...ကိုယ့်ကို တကယ်ကြီးပဲ ဘလော့လုပ်သွားလိုက်ပြီလား....။

အဲဒီနေ့က ကိုယ်ပြာယာခတ်သွားခဲ့တယ်...။ တကယ်တော့ မင်းအီးမေးလ်နဲ့ပြန်ရှာရင်ရတယ်ဆိုတာ ကိုယ်မေ့သွားခဲ့တာ...။ မနေ့ကတော့ မင်းသူငယ်ချင်းတစ်ယောက်က with... ဆိုပြီး မင်းနာမည်ကြီးပေါ်လာတာတွေ့တော့မှပဲ ကိုယ့်ကို မင်းဘလော့မလုပ်ထားဘူးဆိုတာ သေချာသွားခဲ့တယ်..။ တော်သေးတာပေါ့...:)


မိုးငွေ့

Monday, 25 February 2013

ခ်ဥ္ဖတ္အိုး.....


ချဉ်ဖတ်အိုးဆိုလို့ တခြားမတွေးနဲ့ဦး... တကယ့်အချဉ်ဖတ်အိုးအကြောင်းပြောပြချင်လို့ပါ...။ တီတင့်အိမ်က For You ကင်မ်ချီလုပ်တာကိုတွေ့ပြီး ဒီပို့စ်လေးရေးဖြစ်သွားတာဆိုပါတော့...။







ငယ်တုန်းက အိမ်မှာ ဆောင်းဦးရာသီလောက်ဆို အဖွားက သူ့စဥ့်အိုးတွေထဲထည့်သိပ်ဖို့ အချဉ်ဖတ်ကုန်ကြမ်းတွေကို စ၀ယ်ပြီး စုပြီ....။ မုန်လာဥ မုန်ညင်းထုပ် ဂျူးမြစ်နဲ့ ကြက်သွနီပေါက်ကလေးတွေပါ...။ တော်တော်ငယ်သေးတယ်ဆိုပေမယ့် အဖွားလုပ်တဲ့နည်းလေးကို ကြည့်ထားဖူးတာ ခုထိမှတ်မိနေပါသေးတယ်...။ အချဉ်တည်ဖို့ ထည့်မယ့် အစာပလာတွေက အားလုံးအတူတူပါပဲ...။ ငရုတ်သီးအကြမ်းမှုန့် ကြသကာ ဆား နဲ့ ပါကောရှောက်ကော အမှုန့်တို့ပဲဖြစ်တယ်...။ အဖွားက ရွာထိပ်ကဆိုင်မှာ ပါကောရှောက်ကော(တရုတ်မဆလာ) သွားသွားဝယ်ခိုင်းဖူးတာ မှတ်မိသေးတယ်..။ မုန်လာဥကို အခွံသင် လေးငါးခြောက်စိပ်လောက်အလုံးမပျက်မြှောင်းပြီး သတ္တုဇလုံးကြီးထဲ ဆားနဲ့နာနာနယ်ပြီးနေပူလှန်းရတာကော...။ ကျန်တဲ့ချဉ်ဖတ်လုပ်မယ့် ဂျူးမြစ်တို့ ဘာတို့လည်း ဒီတိုင်းပဲ ဆားနယ် နေလှန်းရတယ်..။ သုံးလေးနေလောက်ပြပြီး အစိုဓါတ်တော်တော်လျော့သွားမှ အထက်မှာရေးထားတဲ့ အစာတွေနဲ့ ဇလုံထဲမယ် အားပါးတရနယ်ဖတ်ရပြန်ရော....။ အဲလိုနှံ့စပ်အောင်နယ်ပြီးရင် လူတစ်ဝင်စာလောက်ကြီးတဲ့ စဉ့်အိုးကြီးတွေထဲ ထည့်သိပ်ရတာ...။ ငါးရက်တစ်ပတ်ဆို ချဉ်ဖတ်ဖြစ်ပြီ စားလို့ရပြီ...။ အိမ်မှာ အဖွားက အိမ်မှာစားဖို့ရော စီးပွားဖြစ်ရောင်းဖို့ပါလုပ်တော့ ချဉ်ဖတ်အိုးတွေ ကျမတို့မီးဖိုဆောင်နံရံမှာ အလုံးနှစ်ဆယ်လောက်အစီအရီနဲ့ပေါ့...။ လူကြီးတွေပြောတာကြားဖူးတာ ကျမတို့မမွေးခင် ပြည်သူပိုင်သိမ်းတုန်းက အဖွားရဲ့ ချဉ်ဖတ်အိုးတွေလဲ အသိမ်းခံရတဲ့အထဲပါသွားဖူးသတဲ့..။ အဲဒါသူတို့သိမ်းပြီး ဘာလုပ်ပစ်သလဲ သိချင်မိတယ် ဒီလောက်များတဲ့ချဉ်ဖတ်အိုးတွေ...။ 

ရွာမှာ အဖွားရဲ့ ဂျူးမျှစ်ချဉ် မုန်လာဥချဉ်တွေက နည်မည်ကြီးပဲ လာလာဝယ်ကြတယ်...။ အဖွားအချဉ်တည်တဲ့နည်းက တရုတ်နည်းဖြစ်မယ်ထင်တယ်...။ အဖွားက ဗီယက်နမ်ပေမယ့် တရုတ်ပြည်မှာတော်တော်ကြာကြာနေခဲ့ဖူးတယ်ပြောတာ...။ စစ်ကြီးမှာ နယ်စပ်ကတဆင့် မြန်မာပြည်ထဲရောက်လာတာကိုးး...။ ချဉ်ဖတ်ဆိုတာ လူမျိုးတိုင်းမှာ တနည်းနည်းတဖုံဖုံနဲ့တော့ သူ့နည်းသူ့ဟန်လေးနဲ့ရိုးရာစာလေးတွေရှိတတ်ကြတာပဲ..။ အိန္ဒယမှာဆို သရက်သီးသနပ်ပေါ့ သူကတော့ သူ့တို့သုံးတဲ့ အဓိက ဟင်းခတ် မဆလာကနေလုပ်တာ...။ တခြားလူမျိုးတွေလည်းစားကြတာတွေ့ဖူးတယ်...။ အီတလီဆိုလည်း မုန်လာဥနီ သခွားချဉ်တွေစား တယ်လေ...။ ကိုရီးယားကျတော့ ကင်မ်ချီပေါ့...။ ရှမ်းပြည်ဖက်မှာတော့ မုန်ညင်းပေါ်တဲ့အချိန်ဆို ဆန်ဆေးရည်နဲ့အချဉ်စိမ်တဲ့ မုန်ညင်းချဉ်တွေလုပ်ရောင်းတတ်ကြတယ် ကတက်ချဉ်လည်းရှိတယ်...။ မုန်ညင်းချဉ်ကို ဆန်တိုးဖူးထဲထည့်စားတတ်ကြသလို ဒီတိုင်း ကြက်သွန်နီးပါးပါး ကြက်သွန်ဖြူအပြားရိုက်နဲ့ မိုးမျှော်သီးခြောက်အတောင့်ကို မီးကင်ပြီး သုပ်စားကြတယ်...။ ကတက်ချဉ်ကိုလည်း ထိုနည်းတူလုပ်စားကြတယ်...။ မြန်မာတွေ ငါးပိတို့စရာ ချဉ်ဖတ်တည်နည်းနဲ့ အတူတူပါပဲ...။ သခွားသီးကိုလည်း အလုံးမပြတ် လေးစိပ်စိပ်ပြီး ချဉ်ရည်စိမ်ရောင်းတတ်ကြသေးတယ်...။ သခွားသီးက ကျွတ်တော့ တဂျွမ်းဂျွမ်းနဲ့ ဒီတိုင်းစားလိုက် အချဉ်ရည်လေးသောက်လိုက်နဲ့ ဟုတ်နေရောပဲ...။

တကယ်တော့ ချဉ်ဖတ်စားခြင်းဟာ တခါတရံအတွက်ပဲကောင်းပါတယ်...။ ကျန်းမရေးရှုဒေါင့်ကကြည့်ရင် ဘာအဟာရဓါတ်မှမရတဲ့အပြင် အငံများခြင်း တာရှည်ခံထားတဲ့အချဉ်ဖြစ်ခြင်းတို့ကြောင့် တခါတလေ ဟင်းရံအဖြစ်ပဲစားကောင်းတဲ့အစာလို့တော့ ကျမမြင်တယ်...။ အအီစာတွေနဲ့တွဲဖက်စားသုံးလို့ကောင်းတဲ့ ဟင်းရံတစ်ခွက်ပေါ့...။ တလောက TLC ရုပ်သံလိုင်းမှာ တရုတ်မစားဖိုမှူးတစ်ယောက် ပဲလိတ်အစားသွတ်လုပ်နည်းလေးလုပ်ပြတာ မှတ်ထားသေးတယ် အဲဒီမှာ ပဲလိတ်အစာသွတ်ကြော်လုံးလေးတွေနဲ့တွဲဖက်စားဖို့ မုန်လာဥနီနဲ့သခွားသီးချဉ်ဖတ်လေးတွေ့လိုက်တယ်..။ ဒီဖက်ပိုင်းတွေမှာ ချဉ်ဖတ်လုပ်နည်းက ဆားလျှော့ပြီး အသီးတွေနဲ့လုပ်တဲ့(ဥပမာ ပန်းသီး ရှာလကာရည်)  ရှာလကာရည်အကောင်းစားတွေနဲ့ အချဉ်တည်ကြတာတွေ့ရတယ်...။ အငံဓာတ်နည်းပြီး အစာကြေလွယ်ကူစေမယ့် အစာလို့ဆိုပြန်တယ်...။ ဒါကြောင့် ဘာမဆို ဆိုင်ကရယ်ဒီမိတ်ရောင်းတမ်းတွေထက် မိသားစုလည်းများ ခဏခဏလည်းစားဖြစ်မယ်ဆို အိမ်မှာ ကိုယ်တိုင်လုပ်စားတာအကောင်းဆုံးပါလို့ အကြံပေးချင်ပါတယ်....။



မိုးငွေ့

Saturday, 23 February 2013

ကျွန်တော်ချစ်သော ကမ္ဘာမြေ.....


















အနှစ်နှစ်အလလက ကျနော်သိပ်ကိုရောက်ဖူးချင်ခဲ့တဲ့နေရာလေး.... အခုအဲဒီနေရာလေးမှာ ကျနော်ခြေစုံရပ်နေပြီ..။ အိပ်မက်များလား.....။ ကျနော်ရပ်နေတဲ့ နေရာကပင်လယ်ရေမြေမျက်နှာပြင် ပေ3000 အထက်မှာရှိတယ်တဲ့..။ အပြာရောင်းမှိုင်းနေတဲ့ တောင်တန်းတွေ မြင်ကွင်းထဲကနေ ခဏကလေးပျောက်ကွယ်သွားကြတယ်...။ တိမ်ငွေ့တချို့ ကျနော့်ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းဖြတ်သန်းသွားကြတာ...။

ကျနော့်ပါးပြင်တွေအေးခဲထုံကျင်သွားကြတယ်..။ ဟိုးးးး အဝေးဆီက မြင်နေရတဲ့ ရေခဲတွေဖုံးလွှမ်းနေတဲ့တောင်တန်းတွေက ဘာတောင်တွေလဲဆိုတာ နောက်နေ့ ဒေသခံတွေဆီက ကျနော်စပ်စုရပါဦးမယ်...။ ကျနော်နဲ့ အမြဲအဖော်လိုက်နေကျ ကျနော့်သူငယ်ချင်းကောင်းလေးဖြစ်တဲ့ Nikon D3000ကတော့ အလုပ်တွေအတော်ရှုပ်ဦးမှာပါ...။ ကျနော်လိုချင်တဲ့ သဘာဝရှုခင်းတွေ... ဒီဒေသက တိုင်းရင်းသားတွေရဲ့ ဝတ်စားဆင်ယင်ပုံတွေ... သူတို့ရဲ့နေထိုင်မှုတွေ ...အသုံးအဆောင်တွေ အစားအသောက်တွေ...စတာတွေပေါ့..။

ပညာတော်သင်က ပြန်ရောက်တာသိပ်မကြာခင်မှာပဲ အထက်က ဒီနယ်မှာ တာဝန်ထမ်းဆောင်ဖို့ အမိန့်ကျကတည်းက ကျနော်ကြိတ်ဝမ်းသာနေတာ...။ ဖေဖေမေမေတို့ကတော့သူတို့ရဲ့ တစ်ဦးတည်းသောသားကို ဘယ်လွှတ်ချင်ကြပါ့မလဲ..။ မြို့ပြရဲ့ အငွေ့အသက်ကို ငြီးငွေ့သူကျနော့်အတွက် ဒီတောတောင်ရဲ့ သဘာဝ လတ်ဆတ်တဲ့ လေတွေကို ရှူရှိုက်ရတာပိုပြီး နှစ်သက်မိတယ်..။

လေအေးတစ်ချက်ဝှေ့လိုက်တိုင်းနှင်းမှုန်တွေက မျက်နှာကိုလာထိတဲ့ စူးရှရှအရသာကလဲ ဘာနဲ့မှမတူဘူး..။ သွေးကစကားပြောတယ်ပဲပြောပြော... ဟိုနိုင်ငံမှာ နှင်းခဲတွေအဆုတ်လိုက်ကတဲ့ အရသာထက် ဒီမြေရဲ့နှင်းကို ပိုချစ်တယ်..။ “အဲဒီမှာ သိပ်အေးနေလားဟင်...” ကျနော် သူမဆီပထမဆုံးဖုန်းဆက်တော့ သူမမေးခဲ့ဖူးတယ်...။.. ဟင့်အင်း ဟိုမှာ နှင်းခဲတွေနဲ့ အသားကျနေတဲ့ကျနော့်အတွက် ဒီနှင်းမှုန်လေးတွေလောက်က အေးဆေးဖြစ်နေပါပြီ..။ ရန်ကုန်နဲ့စာရင်တော့ ဒီမှာက အများကြီးပိုအေးတာပေါ့...။ တစ်ခါတစ်ခါ သုညအောက်ရောက်ရင် ရေတွေဘာတွေခဲကုန်တာဆိုတော့..။

ဆံပင်တွေလဲ နှင်းတွေတော်တော်စိုနေပြီ...။ ကျနော်အထဲဝင်မှဖြစ်တော့မယ်...။ ကျနော်နေရတဲ့ ရိပ်သာလေးက တောင်ကမူလေးပေါ်မှာ သစ်သားတွေနဲ့ဆောက်ထားတာ...။ ရိုးစင်းပြီး သဘာဝကျကျလေးနဲ့ သပ်ရပ်တယ် ကဗျာဆန်တယ်...။ အခန်းထဲရောက်တော့ ကျနော့်စာကြည့်စာပွဲပေါ်မှာ တောင်ဇလပ်ပန်းလေးကို ပန်းအိုးထိုးထားတယ်...။

ဓါတ်ဗူးထဲက ကော်ဖီပူပူကိုငှဲ့သောက်ရင်း ဘာမဆိုင် ညာမဆိုင် ထောပတ်အာလူးချောင်းကြော်လေးကိုသွားသတိရမိတယ်..။ ကျနော်ပြန်လာရင် ဝယ်ခဲ့ဖို့မှာတဲ့ သူမကိုပါ တပြိုင်တည်းအမှတ်ရမိသွားတယ်...။ အဝေးကြီးကနေ သယ်လာရလို့ ဒီရောက်ရင် စားမကောင်းမှာဆိုးလို့ ကျနော်သတိရပေမယ့် ဝယ်မလာခဲ့တော့တာပါ...။ ဘာပဲဖြစ်ဖြစ် ကြုံကြိုက်တဲ့ တစ်နေ့ကျရင်တော့ ကျနော်ကိုယ်တိုင် သူမကို ထောပတ်အာလူးချောင်းကြော် ကြော်ကျွေးဖို့မျှော်လင့်ပါတယ်...။ လောလောဆယ်တော့ သူမရဲ့လက်ရာ ဟင်းခွက်တွေကို ဖန်သားပြင်ပေါ်ကသာ ငေးမောသရေကျရတာ..။ ခုလိုတောထဲ တောင်ထဲရောက်တော့ ပိုဝေးသွားပြီပေါ့..။ တစ်လတစ်ခါမြို့တက်ရင်တော့ ကျနော်စုဆောင်းထားတဲ့ ဓါတ်ပုံတွေကို ဖဘမှာတင်ဖြစ်အောင် တော့ကြိုးစားရမှာပါ....။

နယ်ခံ ဦးကြီးတစ်ယောက်က အငွေ့တစ်ထောင်းထောင်းထနေတဲ့ ပြောင်းဖူးပြုတ်လာပို့ပေးတယ်...။ ကျနော်တို့ ရန်ကုန်အခေါ် ရှမ်းပြောင်း...။ အစိမ်းအဝါမီးခိုရောင်တွေနဲ့ စီရီလို့ စားလိုက်ရင်ချိုပြီးစေးနေလိုက်တာများဗျာ အရသာရှိချက်...။ ဒီလိုသဘာဝပြောင်းဖူးမစားရတာ နှစ်နဲ့ချီနေပြီ..။နေဦး....။ မစားခင်.. ပြောင်းဖူးကို ဓါတ်ပုံရိုက်လိုက်ဦးမယ်...။ “ဆရာ...အမဲသားစားလားဗျ”...။ ဒီတောင်ပေါ်ကတိုင်းရင်းသားလူမျိုးစုတွေဟာ ကျနော်တို့ မြေပြန့်သားတွေလို ကြက် ဝက် ငါး ပုဇွန်ထက် အမဲသား ဆတ်သား ဂျီသားတွေကိုပဲ အဓိကစားသုံးကြတာမဟုတ်လား..။ ဒီအသားတွေကို ကိုယ်တိုင်သာချက်မစားတာ သူများချက်ရင်တော့စားပါတယ်...။ အဲဒီအသားတွေထက် ဒေသထွက် အသီးအရွက်တွေကိုပိုစိတ်ဝင်စားတယ်...။ ဒါနဲ့ ဦးကြီးက ညနေစာကိုပြောင်းဖူး  soup တစ်ခွက်လုပ်လာပေးတယ်...။ ပူနွေးစေးပိုင်နေပြီးသောက်လို့သိပ်ကောင်းပါတယ်... တောင်ပေါ်ဒေသမှာ တောင်ယာဆန်နဲ့ ပြောင်းဆံကိုသာ အဓိကစားသုံးကြတာဆိုတော့ ရောမရောက်တော့လဲ ရောမလိုနေရမပေါ့..။

သိပ်အေးလို့ နှစ်ရက်လောက်ရှိပြီ ရေမချိုးဖြစ်တာ...။ ရေချိုးဖို့ နေရောင်ကိုစောင့်ရသေးတယ်...။ ဒီတောထဲတောင်ထဲ ဟီတာတွေ ရေနွေးစက်တွေရှိတာမှမဟုတ်ဘဲဖုန်းထဲမှာ သူမကိုပြောပြတော့ သူမကအထူးအဆန်းဖြစ်နေတယ်...အဲလောက်တောင်အေးလားတဲ့...။ ပြီးတော့လဲ ချက်ချင်း စိတ်ကူးယဉ်ပစ်လိုက်ပုံများ“ ဒါဆို နေမထွက်တော့ မှုန်မှုန်မှိုင်းမှိုင်းလေးနဲ့ လွမ်းဖို့တော့ကောင်းမယ်နော်သိပ်လဲလှမယ်ထင်တယ်”တဲ့ ...။ ပြောသေးတယ် အဲလိဇဘက်ဘုရင်မ သုံးလလောက်ရေမချိုးဖြစ်တာကိုတော့ ယုံသွားပြီတဲ့...။ ပြာသိုလပြည့်တုန်းက မြင်ရတဲ့ လပြည့်ဝန်းကြီးကိုလဲအမိအရရိုက်ရသေးတယ်....  မြင်မြင်သမျှတောပန်းတွေကိုလဲရိုက်ယူတယ်...။

ဓါတ်ပုံပြပွဲလုပ်ပါလားလို့ သူမအကြံမပေးခင်ကတည်းက ကျနော်စိတ်ကူးထားပြီးသား...။ ဟိုမှာတုန်းက ရိုက်ထားခဲ့တဲ့ ပုံပေါင်းနှစ်ထောင်ကျော်ရှိတယ်...။ တစ်နေ့ကျရင်ကျနော့်လက်ရာ ဓါတ်ပုံ Gallery လေးတစ်ခုလုပ်ဖြစ်မှာပါဗျာ...။ လောလောဆယ်တော့ အခြေအနေအချိန်အခါအရရော ဘတ်ဂျက်အရရော အခွင့်အရေးအရရော..ကျနော့်ဘက်မှာ မရှိသေးပါဘူး..။

ဘယ်လိုပဲဖြစ်ဖြစ်ဗျာ... ကျနော့်ဘဝနဲ့ ကျနော်ဝါသနာတစ်ထပ်တည်းကျဖို့ အချိန်စောင့်ရဦးမှာပါ...။ ကျနော်ချစ်တဲ့ ကမ္ဘာမြေအတွက် လှပဆန်းကြယ်တဲ့ ပုံရိပ်တွေကို အမြဲမှတ်တမ်းတင်ခွင့်ရနေတာကိုပဲ ကျေနပ်လှပါပြီ...။ တစ်ခါတစ်လေလိုအပ်ရင် ကျနော့်မော်ဒယ်လ်အဖြစ်လဲ သူမရှိနေပြီပဲလေ...။ နှင်းတွေထူပိန်းစွာ ကျလာလို့လား ညနေငါးနာရီအချိန်က သိပ်ကိုမှောင်နေပါပြီ...။ နွားနို့ပူပူတစ်ခွက်နဲ့ မီးလင်းဖိုလေးမှာ အနွေးဓါတ်ယူရင်း သူမရဲ့လက်ရာစာအုပ်လေးကိုဖတ်ရင်း ဒီညလေးကိုကုန်ဆုံးစေတော့မှာပါ......။



မိုးငွေ့

Thursday, 21 February 2013

ဘုရားသခင်ပေးတဲ့ပန်းသီး.....





“မမ…တော်တော်နေနိုင်တယ်ဗျာ…. ဖုန်းနံပါတ်လေးပေးထားတာတောင် တခါကလေးမှမဆက်ဘူး” တဲ့…  ကိုယ့်ဆီကို မင်းပထမဦးဆုံးဖုန်းစဆက်တော့ ရန်တွေ့သွားတဲ့စကားလေးလေ…..။


ဟုတ်တယ်…..ကိုယ်မင်းကို သတိရတယ်…လွမ်းတယ်…တမ်းတမ်းမက်နဲ့ကို လွမ်းဆွတ်ပါတယ်… ဒါပေမယ့် မင်းဆီကိုဖုန်းစခေါ်ဖို့တောင် ကိုယ့်ရဲ့ ဦးနှောက်တွေက နှလုံးသားကို အလွှာပါးပါးလေးတွေနဲ့ ခြားထားခဲ့တယ်…….။ အဲဒါဟာ မာနမဟုတ်ပါဘူး… ကန့်သတ်မှုတစ်ခုပါ…..။


ဒါနဲ့… မင်းရော ကိုယ့်အသံကိုမကြားရလို့ ကိုယ့်ကိုလွမ်းမနေဘူးလားဟင်…အိန်ဂျယ်…:) ရုပ်လုံးမပီပြင်တဲ့ အပြုံးတစ်ခုကို ကိုယ်ဖန်တီးမိပြန်ပြီ…။ လွမ်းလို့ရူးနေပြီထင်ထင်… ပြန်စာဘယ်တော့မှမလာတတ်တဲ့ မက်ဆေ့လေးတွေကိုလည်း ညအိပ်ယာဝင်မှာ မင်းဆီကို ပို့ပို့ပေးတတ်နေသေးတယ်…။ ဂျီတော့ ဖဘ ဖုန်း ဆက်သွယ်နိုင်သမျှ အမျှင်တွေအားလုံးကို မင်းဘလော့လုပ်ချင်လုပ်ထားလိမ့်မယ်….။ ဒါပေမယ့် ကိုယ့်ရင်ဘတ်ထဲက ပျံသန်းလာမယ့် စကားလုံးတွေကိုတော့ မင်းတားမြစ်ပိတ်ပင်လို့မရပါဘူး….။ 


ဘာပဲဖြစ်ဖြစ်…. ကန့်သတ်ချက်တွေပြည့်နှက်နေခဲ့တဲ့ ကိုယ်တို့နှစ်ယောက်ရဲ့ဆုံဆည်းမှုုဟာ မှားယွင်းမှုတစ်ခုမဟုတ်ပါဘူး…။ ဒီအတွက် ကိုယ့်မှာ နောင်တဆိုတာလည်း ဘယ်တော့မှရှိမှာမဟုတ်ဘူး….။ မင်းသိလား…ဘုရားသခင်က ကိုယ့်ကိုပန်းသီးတစ်လုံး လက်ဆောင် ပေးခဲ့တာဟာ… ပန်းသီးလေးချိုသည်ဖြစ်စေ ချဉ်သည်ဖြစ်စေ… အဆိပ်တွေ နာကျင်မှုတွေနဲ့ ပြည့်သိပ်နေပါစေ…. အဲဒီပန်းသီးလေးကို ကိုယ်ကုန်အောင်စားမယ်…။ အေးစက်သောညများကိုဖြတ်သန်းရင်း… ပူပြင်းလောင်မြှိုက်သောနေ့များကို ဖြတ်သန်းရင်းနဲ့လည်း ပန်းသီးလေးကို ကိုယ်စားသုံးနေဦးမှာပါ…..။


မင်းကတော့ ဘယ်လောက်နာကျည်းနေတယ်မသိ… ကိုယ့်အိပ်မက်ထဲတောင် ယောင်ပြီး ရောက်မလာတတ်ပါဘူး….။ တကယ်ဆိုရင်လေ…. မင်းဆီဖုန်းစဆက်ပြီး… “နေကောင်းလား ဘာတွေလုပ်နေလဲ… မတွေ့တာကြာပြီ… မင်းကတော်တော်နေနိုင်တာပဲ ကိုယ့်ဆီတောင်ဖုန်းမဆက်ဘူး.. ဘာလဲ ခုထိစိတ်ကောက်မပြေသေးဘူးလား….ကိုယ်ကတော့ မင်းအသံမကြားရလို့ မင်းဆိုတဲ့သီချင်းတွေကိုနားမထောင်ရလို့ ပြီးတော့ မင်းစကားလာလာပြောပြီး ကော်ဖီမတိုက်တဲ့ညတွေကို ကိုယ်ဘယ်လောက်လွမ်းနေရသလဲ မင်းသိလား…” လို့ပြောရင် …မင်းနဲ့ ကိုယ်တို့ရဲ့ကြားက အဖြူရောင်အလွှာပါးပါးလေး လွင့်ပြယ်ပျောက်ဆုံးသွားလိမ့်မယ်လို့ ကိုယ်ယုံကြည်မှုမရှိခဲ့လို့ပါ…။

သြော်… မင်းတစ်ခါတော့ဖုန်းဆက်ပါတယ်… ကိုယ့်ကိုသတိရလို့လား လွမ်းလို့လားဘာလားတော့ ကိုယ်မခန့်မှန်းတတ်ပေမယ့်… မင်းဖုန်းအဝင်call လေးကို ကိုယ်အကြာကြီးငေးကြည့်နေမိသေးတယ်…။ ခရီးလွန်ပြီး ဖုန်းကဒ်ကုန်ခါနီးနေလို့ ဖုန်းကဒ်ဖြည့်ပေးဖို့ အကူညီတောင်းတာပါ…။ ဒါဟာ…စမ်းသပ်မှုတစ်ခု သို့မဟုတ် မာယာတစ်ခုဖြစ်ချင်ဖြစ်မယ်…. ရိုးသားစွာအကူအညီတောင်းတာလဲ ဖြစ်ချင်ဖြစ်မယ်… ကိုယ့်အတွက်တော့ အသံလေးတစ်ခုဟာ နားစည်ကတဆင့် စိမ့်ဝင်ခိုအောင်းသွားခဲ့ရတာ… ဘယ်ဖက်အိတ်ကပ်ကလေးဆီကတောင် ယိုကျဖိတ်စင်ကုန်လို့…..။ ကိုယ့်ဆီက မင်းထွက်သွားပြီး ပထမဆုံးအကြိမ်ဖုန်းခေါ်ခြင်းပါ…. နောက်ဆုံးအကြိမ်လည်း ဖြစ်ချင်ဖြစ်မှာပေါ့နော်….။

ကဲပါလေ….. ကိုယ့်အတွက်ဆို ခါးသီးမှုများကိုတောင် ချိုမြိန်သွားစေမယ့် ပန်းသီးလေးအဖြစ်နဲ့ မင်းဆက်ရှိသွားမယ်ဆိုရင်ပဲ မင်းတို့ဘုရားသခင်ကို ကျေးဇူးတင်နေမိတော့မှာပါ….။


မိုးငွေ့


Tuesday, 19 February 2013

အချစ်သီချင်း အလွမ်းရုပ်ရှင်....








ဆက်တိုက်ကြီးစိုးလာခဲ့တဲ့ အထီးကျန်နေ့ရက်တွေကို…ကိုယ်ဘယ်လိုဖြတ်သန်းနေရမလဲဆိုတာ မင်းမသိချင်ဘူးလားအိန်ဂျယ်…..။ အင်းလေ… ကိုယ်ကိုက အမှတ်မရှိ အဖြေမရှိတဲ့ မေးခွန်းကိုထုတ်ထုတ်နေမိတာပါ….။ အထီးကျန်စွာနေရစ်ပါတော့ဆိုတဲ့ စိတ်စေတနာနဲ့ မင်းထားသွားခဲ့တာ မဟုတ်ပေမယ့်…. အနားမှာဖြေသိမ့်နိုင်မယ့်အရာအပြည့်ရှိလျက်နဲ့လည်း…. တခါတခါ….ကိုယ်ကတော့ တလောကလုံးမှာ အမြဲတစ်ယောက်တည်းလို့ ထင်ချင်ထင်နေမိတော့တာ။

အချစ်သီချင်းတွေကို နားထောင်ဖြစ်ပေမယ့် အရင်လို အနှစ်သာရမရှိတော့သလိုလို… ခံစားမှုတွေက သွေ့သွေ့ခြောက်ခြောက်ရှိလှတယ်….။ မင်းများဖြစ်လေမလားလို့ အရိပ်ယောင်တစ်ခုခုမြင်တိုင်း ရင်ခုန်နှုန်းတွေက တိုးတက်နေဆဲပဲ….။ တဆက်ထဲမှာပဲ နာကျင်ခါးသက်မှုတွေက အလိုလို မြင်လွှာတွေကို ဝိုးဝါးရိုးရိပ်အောင်ပြုလိုက်စမြဲပဲ…။

မင်းကိုယ်တိုင် ဆန္ဒပြည့်ဝစွာနဲ့ထားသွားတာမဟုတ်သလို မင်းထားသွားအောင်သာ လုပ်ခဲ့မိသူ…. ကိုယ်ရယ်ပါ…..။ မင်းပြောမယ်ဆိုလည်းပြောစရာပဲလေ…. ဒီဇာတ်လမ်းမှာ ကိုယ်သာထုတ်လုပ်သူ ကိုယ်သာဒါရိုက်တာ ကိုယ်သာဇာတ်ညွှန်းရေးသူ.. ပြီးတော့ ကိုယ်တိုင်သရုပ်ဆောင်သူ…. ဟဟဟ…ဒါပေမယ့်လည်း အိန်ဂျယ်ရယ်….. ကိုယ်တိုင်ရေးသားရိုက်ကူးခဲ့တဲ့ ဇာတ်ကားတစ်ကားကိုတောင်မှ ဇာတ်ပေါင်းပေးခွင့်ကိုယ့်မှာ မရှိခဲ့ပါဘူး…။

ဟုတ်တယ်နော်…. ကိုယ်တို့စဆုံဖြစ်တော့ သီချင်းလေးတစ်ပုဒ်နဲ့လေ….။ အဲဒီသီချင်းလေးရဲ့ သံစဉ်လေးက ကိုယ်ရင်ထဲက အချစ်တွေကို တစစဆွဲထုတ်ခေါ်ငင်သွားလိုက်တာ….. အလွမ်းရုပ်ရှင်တစ်ကားကို ကိုယ်တိုင်ရိုက်ခဲ့ရတဲ့ အဖြစ်ထိရယ်လေ…..။ သံစဉ်လှလှကစပြီး အချစ်သီချင်းတွေ သီကျူး…. ပန်းတွေဖူးပွင့် နှင်းတွေခပ်လွှင့်လွှင့်လည်းဖြာကျခဲ့ဖူးတယ်….။ ရော်ဝါခက်ကြွေ ရွက်နုတွေဝေဖူးတဲ့ နွေဦးကိုလည်း တမြတ်တနိုးသိမ်းဆည်းခဲ့ဖူးတယ်…..။ မိုးစက်မိုးပေါက်တို့အေးစိမ့်…. တိမ်ရိပ်တွေညှို့ငင် ရီဝေရစ်မူးအကြည့်စူးတွေနဲ့ ကော်ဖီတစ်ခွက်လည်း သောက်ခဲ့ဖူးတယ်…။ လေပြေသွဲ့သွဲ့ ရင်ခုန်ညွှတ်နူးစရာ လသာညများနဲ့လည်း စကားတွေဖောင်ဖွဲ့ခဲ့ဖူးတယ်….။ ခုတော့ ကိုယ့်ရာသီစက်ဝိုင်းမှာ နွေရယ် မိုးရယ် ဆောင်းရယ်လို့ သတ်သတ်မှတ်မှတ်မရှိတော့ပါဘူး….။

မင်းပြန်အလာကို အမြဲကြိုဆိုနေတတ်တဲ့ ကြယ်စင်အလင်းတန်းများနဲ့ ကိုယ့်ရဲ့ အိမ်ကလေးဆီကို မင်းတခဏ လမ်းမှားပြီးရောက်ဖြစ်ခဲ့မယ်ဆိုရင်တော့ …ကိုယ်ဘယ်လိုခံစားနေရသလဲလို့ မင်းခြေလှမ်းကလေးချလိုက်ရုံနဲ့ ရိပ်မိမှာပါ….။ မင်းကတော့ ကိုယ့်ကို ပျော်နေမယ်လို့ထင်ချင်ထင်နေမှာပေါ့…။ အင်းလေ မင်းသာစိတ်ချမ်းသာမယ်ဆိုရင် ကိုယ့်ကို ထင်ချင်သလိုထင် တွေးချင်သလိုတွေးလို့ရပါတယ်…..။ ကိုယ်ကတော့ တစ်ယောက်ထဲ ရူးသွပ်စွာ အချစ်သီချင်းတွေကို သွေးရူးသွေးတမ်းလိုက်နားထောင်ပြီး အလွမ်းရုပ်ရှင်တွေကိုရိုက်ဖြစ်နေဦးမှာ…..။


မိုးငွေ့

Monday, 18 February 2013

စိမ်းစိုလတ်ဆတ်သော.....


သံဈေးက ကျမတို့ရုံးနဲ့နီးတော့ အိမ်အတွက် ၀ယ်ခြမ်းစရာများကို သူ့ဆီပဲသွားဝယ်ဖြစ်တာ များတယ်...။ ပြီးတော့ ကျမငယ်စဉ်ကတည်းက ရင်းနှီးကျွမ်းဝင်ပြီးသားဈေးလည်းဖြစ်တယ်လေ...။ တကယ်တော့ ကျမအခုအလုပ်လုပ်နေတဲ့ရုံးဟာ ကျမတို့ငယ်ငယ်က နေခဲ့ဖူးတဲ့နှစ်ထပ်အိမ်ကိုပဲ ရုံးခန်းပြန်ဖွင့်လိုက်တာပါ....။ ဒါကြောင့် တရုတ်တန်းနဲ့သံဈေးဟာ ကျမနဲ့မစိမ်းပါဘူး...။ ခုလိုဆောင်းတွင်းမှာ(ဆောင်းလို့သာပြောနေရတာ...နွေလိုပဲတော်တော်ပူနေပါပြီလေ)..။

ဆောင်းအကုန်ဆိုပါတော့...။ ဒီရာသီမှာ ထွက်တဲ့ ဟင်းသီးဟင်းရွက်တချို့နဲ့ စားသောက်စရာများကို လတ်ဆတ်စိမ်းစိုလွန်းလို့ မျှဝေချင်တဲ့ သဘောပါ...။ အဲလို ပုံလေးတွေရိုက်တိုင်း ပြောင်းကင်မရာကြီးတွေကို အမြဲကိုင်ပြီး ရောက်တဲ့နေရာတိုင်း ကြည်လင်ပြတ်သားလက်ရာမြှောက်တဲ့ပုံတွေကို ရိုက်တတ်တဲ့ ကိုညီလင်းသစ်... မချစ်ကြည်... မသက်ဝေ ကိုညိမ်းနိုင်... ကိုရဲနဲ့ ဖြိုးတို့ကိုပြေးပြေးမြင်မိတယ်...။ သူတို့ရိုက်ချက်နဲ့သာဆို တော်တော်လှမှာပဲလို့...။



ယူနန်တရုတ်ကြီးလင်မယားရောင်းတဲ့ဈေးဗန်းကြီးကိုရိုက်လာတာ... ကျပ်တိုက်ထားတဲ့ ၀က်ပေါင်ခြောက်
မုန်လာဥ၊ ဖရုံသီးနု၊ ပိန်းဥ အဖြူနဲ့က ကောက်ညှင်းကဇော် ပင်မှည့်သီး ပိန်းဥ ကန်ဇွန်းဥ





 ရွှေပဲစိ အနောက်က ကြက်သွန်ဖြူမွှာလိုက ခတ္တရာပွင့်တဲ့ ဈေးကြီးတယ် တစ်ပိသာတစ်သောင်းကျပ် သေချာဆေးပြီး သကြားခဲနဲ့အချိုပြုတ်စားလို့ရတယ် အရသာက စီးစီးနဲ့ ကန်ဇွန်းဥလိုမျိုးလေး သူလည်းဥတစ်မျိုးပဲ မြေကြီးကတူးယူရတာ သကြားနဲ့ပြုတ်စားလဲရတယ် ဒီမှာ တင်ဖူးတယ်.. ယူနန်ဟင်းချက်စားလည်းရတယ်... အစိမ်းရင့်ရောင်နဲ့က ကြက်ဟင်းခါးသီး
ကြာစွယ် ငရုတ်စိမ်းပွ ။



 
ဆန်ခေါပုတ် ကောက်ညှင်းခေါပုတ် အညိုရောင်နဲ့က ပဲနဲ့ထောင်းထားတဲ့ကောက်ညှင်းခေါပုတ် အမဲက ငချိပ်နဲ့နှမ်းနဲ့ထောင်းတားတာ...



  ကြက်သွန်ဖြူမှိတ် ဂျူးဖူး









ခရမ်းရောင်တောင်းထဲက ညောင်ချဉ်ဖူး ဖက်ပေါ်က အရွက် စွယ်တော် ဂျူးဖူး ဆူကာညွှန့် ရွှေပဲညွှန့်....။
ရွာမှာတုန်းကတော့ ညောင်ချဉ်ဖူးနုနုလေးတွေကို ဆောင်းဦးရာသီမှာ ချဉ်ဆီပါတဲ့ဝက်ကျောရိုးတုံးကြီးတွေနဲ့ အရည်ပြုတ်တာ တနေကုန်မီးဖိုပေါ်တင်ထားလေ ပိုကောင်းလေပဲ...။ ဆောင်းအေးအေးမှာ ရှမ်းငရုတ်သီးထောင်းစပ်စပ်ရယ် အငွေ့တထောင်းထောင်းညောင်ချဉ်ဖူး ဟင်းချိုရယ် ရှူးရှူးရှဲရှဲမှုတ်သောက်ရတာ ဘယ်လောက်အရသာရှိလိုက်သလဲ...။ တခါတလေ အဖွားက ညောင်ချဉ်ဖူးတွေကို ပေါင်းအိုးနဲ့ နူးအိနေအောင်ပေါင်းပြီး နုတ်နုတ်စင်း အသားနဲ့ပဒဲကောနဲ့ကြော်စားတတ်သေးတယ်...။


 အော့စွန်း(ဆလပ်ရိုး) အခွံခွာ ပါးပါးလှီးပြီး သုပ်စားလို့ကောင်းတယ် ကညွတ်လည်းဈေးကောင်းတယ် တစ်ပိသာ တစ်သောင်းခုနှစ်ထောင်တဲ့ဗျာ


 မြန်မာလိုဘယ်လိုခေါ်လဲတော့မသိဘူး တရုတ်လိုတော့ ပေါချိုင်တဲ့ မုန်ညင်းရွက်တစ်မျိုးပါပဲ ဟင်းချိုချက်သောက်ရင်ကောင်းတယ်တဲ့


 တရုတ်နံနံ ပင်စိမ်း ဖတ်ဖယ်ရွက် ဒီဟင်းခတ်တွေက ကချင်ဟင်းတွေ ယိုးဒယားဟင်းတွေမှာအသုံးများတယ်...။ ရှမ်းပြည်မှာတော့ ခရမ်းသီးမီးဖုတ်သုတ်ကို ဖတ်ဖယ်ရွက်ထည့်သုတ်တယ် သူ့အနံ့မကြိုက်ရင်တော့ မစားနိုင်ကြဘူး..။


 ထိုင်ဝမ်မုန်ညင်း ကိုက်လန် ဆူကာညွှန့်


 ငရုတ်နီ သူလဲဈေးကောင်းတယ် အရွက်ကြော်ထဲထည့်ကြော်ရင်သိပ်မမွှေးတယ် အစပ်နည်းတယ်...



 ခရမ်းသီးကြီးတွေလှလိုက်တာ ဒီလိုအလုံးတွေက ပြာပူပူမှာဖုတ်ပြီး သုတ်စားစား ဒါမှမဟုတ်ကြက်ဥနဲ့ အောမလက်လိုကြော်စားစား အရမ်းကောင်းမှာ



 ဗူးသီး ကြက်ဟင်းခါးသီး



 ရေမွှေးနှင်းဆီလှလှလေးတွေ







ခြံထွက် ပန်းဂေါ်ဖီပွင့်တွေ တစ်ထောင်ဖိုး သုံးပွင့် လေးပွင့်တဲ့... ခုက ဓာတ်မြေသြဇာတွေနဲ့ ကြီးအောင် လှအောင်လုပ်တဲ့ အပင်တွေအသီးတွေကို စားရမှာ ကြောက်တတ်လာကြပြီ... ဒါကြောင့် အော်ဂဲနစ်အသီးအရွက်တွေက ဈေးကွက်ဝင်လာကြပြီ...။ ရန်ကုန်မှာ တချို့စားသောက်ဆိုင်တွေမှာ ကိုယ်ပိုင်ခြံမြေမှာ ကိုယ့်စိတ်ကြိုက်အသီးအရွက်တွေကို သဘာဝနည်းအတိုင်း စိုက်ပျိုးကြတယ် ဆီဆိုရင်လည်း နေကြာဆီသုံးလာကြတယ်...။ အဲဒါမျိုးဆိုင်ဆိုရင်တော့ သာမန်ဆိုင်တွေထက်တော့ ဈေးနှုန်းပိုကြီးတတ်တယ်...။ ဘာပဲဖြစ်ဖြစ် ကျန်းမာရေးအတွက် အပေါစားဆိုးဆေးတွေ စားအုန်းဆီတွေနဲ့ချက်ပြုတ် ထားတာတွေကို ရှောင်သင့်နေပါပြီ...။ ဆရာဝန်တွေကအစ နှလုံးသွေးတိုး ဆီချိုသမားတွေကို မြေပဲဆီ ပဲပိစပ်ဆီနေရာမှာ နေကြာဆီကို အစားထိုးစားသုံးဖို့ ညွှန်လာကြပြီ...။





ဘရိုကိုလီလို့ခေါ်တဲ့ ပန်းပွင့်စိမ်းကတော့ ကျန်းမာရေးအတွက် လူတွေကို အကောင်းဆုံးအဟာရပေးစွမ်းနိုင်ဆုံးတဲ့ အစိမ်းရောင်ပါ...။ ပန်းပွင့်အဖြူထက်တော့ဈေးပိုပေးရတယ်...။ သူ့ကို ဒီတိုင်းအစိမ်းလိုက်ကြော်တာထက် ရေဆူဆူမှာ တစ်မိနစ်လောက်ဖျောပြီး ကြက်သွန်ဖြူဆီသတ် ခရုဆီလေးနဲ့ ပြန်ကြော်ရင် အရမ်းကို မွှေးပြီး ရိုးစင်းကောင်းမွန်တဲ့ ဟင်းပွဲလေးတစ်ပွဲပါ...။ ဟင်းအလှဆင်လို့ကောင်းတဲ့ အပွင့်လည်းဟုတ်တယ်... ပါစတာတွေမှာလည်းထည့်ကြော် တတ်ကြသေးတယ်...။

ဒီလောက်ပဲနော်... နောက်နေ့တွေ ဈေးထဲက အထူးအဆန်းလေးတွေတွေ့ရင် တင်ပါဦးမယ်...။ အစာလည်းဆေး ဆေးလည်းအစာဆိုသလို မိမိကျန်းမာရေးကို ရောင်စုံဟင်းသီးဟင်းရွက်တွေ စားသုံးရင်းနဲ့ ခြယ်သအလှဆင်နိုင်ကြပါစေ..။


မိုးငွေ့

Friday, 15 February 2013

နှဦေး(၃).....




နွေဦး(၂)တုန်းက မင်းလာဖတ်ပြီး ကမ်းခြေကိုရော ကိုယ့်ကိုရောသတိရလိုက်တာကိုပြောဖူးခဲ့တယ်….။ ဒီတစ်ခါရောမင်းလာဖတ်ဦးမှာလား အိန်ဂျယ်….။ နွေဦးဆိုတဲ့ စကားလုံးလေးဟာ ကိုယ်တို့နှစ်ယောက်စတင်ဆုံဆည်းစေခဲ့တဲ့ နှစ်ပတ်လည်အမှတ်တရစကားလုံးလေးပါ….။ အဲဒီကတည်းက ကိုယ်ကမ်းခြေကိုမရောက်ဖြစ်တော့တာ နှစ်နှစ်ပြည့်သွားခဲ့ပြီလေ….။ မင်းလည်းကိုယ့်လိုပဲအဲကတည်း ပြန်မရောက်တော့တာမဟုတ်လား….။


ကိုယ်ပြန်မြင်ယောင်ကြားယောင်ကြည့်မိတယ်….ကမ်းခြေရဲ့အသံစုံဂီတတွေ ကောင်းကင်ရဲ့ညအော်သံတွေ ကြယ်တာရာရဲ့အလင်းလဲ့လဲ့တွေ…. ပင်လယ်ပြင်မှာအရောင်ပြန်နေတဲ့ ငွေခြည်ရောင် လခြမ်းကွေးကွေးရဲ့အရိပ်တွေ…. လေထဲမှာနူးညံ့စွာစီးမျောပြီး နှလုံးသားထဲထိနစ်ဝင်သွားစေတဲ့ ဂီတသံစဉ်လေးတစ်ခု….။ လင်းလက်တောက်ပတဲ့ အဖြူရောင်အပြုံးတစ်ခု…။ အရာအားလုံးဟာ ကိုယ့်အတွေးထဲကို ……….အစဉ်လိုက်ဝင်ထွက်နေကြတယ်…….။ ဒီအတွေးစလေးတွေ ကိုယ့်ဘယ်ဖက်အိတ်ကပ်လေးထဲကို အသာအယာလေးပုန်းခိုလိုက်လာခဲ့လိုက်တာ ရာသီစက်ဝိုင်းနှစ်ခါလည်ခဲ့ပါပေါ့လား…..။

ကိုယ်မသိလိုက်ပေမယ့် တိတ်တဆိတ်လေး ကိုယ့်နွေဦးဆီကို ကမ်းခြေရဲ့သဲမွမွသောင်ပြင်မှာလို ခြေရာလေးခပ်ဖွဖွချန်ထားခဲ့ပါ အိန်ဂျယ်……..။ 

ဟိုအရင်ညတွေတုန်းကလို ကော်ဖီအတူသောက်ခဲ့ဖူးတာတွေ စကားလက်စုံပြောခဲ့ဖူးတာတွေဟာ ခုချိန်မှာ ပုံပြင်တစ်ပုံဖြစ်သွားခဲ့ပြီဆိုတာ မယုံနိုင်စရာပါပဲ…..။ ကိုယ်ယောင်ဖျောက်နေတတ်တဲ့မီးမလင်းတော့တဲ့ မင်းရှိရာဆီကို ကြယ်စင်တွေရဲ့အလင်းနဲ့ရှာဖွေဖို့ ကိုယ့်မှာအင်အားတွေချိနဲ့နေခဲ့ပြီလေ…….။ မမြင်စေချင်လို့ အမှောင်တွေနဲ့ပိတ်ကာဆီးထားတဲ့ ကန့်လန့်ကာတစ်ခုကို စိတ်လိုက်မာန်ပါ ကိုယ်တိုင်လှစ်ဟကြည့်လို့မရလောက်အောင်… အကန့်အသတ်တွေက ပြည့်နှက်လို့ရယ်ကွယ်…..။

လရောင်ခပ်ပါးပါးမှာ အလွမ်းငွေ့ငွေ့တွေလွတ်ထွက်သွားမှာစိုးလို့ တင်းတင်းကျပ်ကျပ်ပိုက်ထွေးရင်း ရူးမိုက်စွာမင်းကို စောင့်မျှော်ဆဲပါ…။

နွေဦးရဲ့လေပြေနဲ့အတူ အဖြူရောင်ပါးပါးလေး ကိုယ့်မြင်လွှာမှာစွဲထင်ခဲ့ဖူးတာကို မဆုံးတဲ့ရုပ်ရှင်တစ်ကားလို ကိုယ်တစ်ယောက်တည်း ပရိတ်သတ်အဖြစ်ထိုင်ကြည့်နေတတ်တုန်းပဲ…..။

အိန်ဂျယ်ရေ…. ကိုယ့်ရဲ့ နွေဦးအတွေးစလေးကို ခဏကလေးဖြစ်ဖြစ်အချိန်ပေးပြီးဖတ်သွားခဲ့တယ်ဆိုရင် မင်းကိုကိုယ်ကျေးဇူးတင်မိနေတော့မှာ….။



မိုးငွေ့

Thursday, 14 February 2013

တစ်ကိုယ်တော် Valentine....

 
ချစ်သူများနေ့မှာ ကိုယ်တိုင်အမှတ်တရရေးစရာမရှိတော့ မုန့်ပဲလုပ်ကျွေးတော့မယ်နော် ...
 စားပြီးရင် လည်းသီချင်းလေးနားထောင်သွားကြပါဦး....။ 

  ဒါက တစ်ကိုယ်တော် Valentine သမားများအတွက် Special ပါ....

1800တန်ဆိုင်က၀ယ်ထားတဲ့  pan cake ring ကို ကွကိုယ် cutter လုပ်လိုက်တယ်....

    Season Bakery က၀ယ်လာတဲ့ ဂျုံကြမ်းပေါင်မုန့်တစ်ထုပ်ကို အသဲပုံလေးဖြတ်လိုက်တယ်...

Cheese နဲ့ ကြက်သားပြားတွေကိုလဲ အသည်းပုံလေးတွေဖြတ်ထားတယ် ပိုတဲ့ဘေးသားတွေကိုသပ်သပ်ဖယ်ထား...သူ့ကိုလည်း အသားညှပ်ပေါင်မုန့်နှစ်ခုစာလုပ်လို့ရတယ်...။

  
 Sandwich ထဲထည့်မယ့်ဆလပ် ခရမ်းချဉ်သီး မိုင်ရောနစ်

  
ချိစ်ပြားကနဲနဲကြီးသွားတယ် ပေါင်မုန့်ထပ်ပိုသေးအောင်လုပ်ပေးပါ မဟုတ်ရင် မုန့်က ချိစ်အရသာများပြီးငံနေမယ်...

ဟုတ်ကဲ့...တစ်ယောက်တစ်ခုအတူတူစားနော်... ချစ်သူစုံတွဲတွေကို အဓိကပြောတာပါ...

စိုင်းစိုင်းနဲ့ဘန်နီဖြိုးတို့ဆိုထားတဲ့ တစ်ကိုယ်တော် Valentine သီချင်းလေးကိုနားထောင်သွားပါဦး


♫ ♥●••·˙˙·••●♥♫ Happy Valentine's Day ♫ ♥●••·˙˙·••●♥♫


မိုးငွေ့

Monday, 11 February 2013

ကြယ်ကြွေလမ်းခွဲ.....



အရမ်းကြိုက်တယ် ဒီသီချင်းလေးကို....။ ကြယ်ကြွေရင်ဆုတောင်းပြည့်တယ်လို့ ဘယ်ကတည်းကအစွဲရှိခဲ့ကြသလဲ တိတိကျကျမသိပေမယ့် ကိုယ်တွေလည်း ငယ်ငယ်ကတည်းက ကောင်းကင်မော့ကြည့်လို့ ကြယ်ကြွေတာတွေ့ရင် ဘေးနားကလူကိုတောင် လက်မတို့ဘူး ကွကိုယ်တိတ်တိတ်ကလေး မျက်စိမှိတ်ပြီး ပါးစပ်က ပွစိပွစိနဲ့ဆုတောင်းတတ်ခဲ့တာ...။ သီချင်းစာသားလေးက ချစ်စရာလေးပါ....နားထောင်ကြည့်...။
“ဘုရားပေးတဲ့အတိုင်းသာ အရိုးသားဆုံးချစ်နေမယ်”တဲ့....။

မိုးငွေ့

Friday, 8 February 2013

Angel Smile.....





တချို့တွေကတော့ မင်းနဲ့ပတ်သက်ပြီး ကိုယ့်ကိုအဖြစ်သည်းလိုက်တာ ဖွဲ့နွဲ့လိုက်တာလို့ထင်ကြမှာပဲ…..။ အိန်ဂျယ်လို့သတ်မှတ်လို့ရတဲ့ အိန်ဂျယ်ရှိတဲ့လူတိုင်းတော့ ကိုယ့်ခံစားမှုကိုနားလည်လိမ့်မယ်လို့ထင်တယ်…။ 

အိန်ဂျယ်ဆိုတာ ရုပ်ရည်ချောမောစရာမလိုပါဘူး လိမ္မာစရာမလိုပါဘူး အသက်အရွယ်ကွာခြားလွန်းတာကိုလည်း ဂရုစိုက်စရာမလိုပါဘူး…. ။ အိန်ဂျယ်လို့သတ်မှတ်ဖို့လောက်ထိ ကိုယ့်ကိုဆွဲဆောင်နိုင်တဲ့သူဖြစ်ဖို့သာလိုတာပါ…။

အဲဒီအဖြူရောင်အပြုံးပွင့်တွေက ကိုယ်နဲ့ပတ်သက်တော့မှ ပျောက်ဆုံးသွားကုန်ကြသလားဟင်…..။
ကိုယ်ဟာ...တော်တော်မကောင်းတဲ့ မိန်းမတစ်ယောက်ပဲနော်….။ အပြုံးဖြူဖြူတွေကို ညစ်ထေးအောင်လုပ်နိုင်တဲ့ စုန်းမတစ်ယောက်လို့များကိုယ့်ကို နောက်ကွယ်မှာ မင်းကိုယ်တိုင်မဟုတ်ရင်တောင် မင်းအပေါင်းအသင်းတွေက ပြစ်တင်ကဲ့ရဲ့နေတော့မှာ…။
ဟုတ်တယ်…..။ ဖြူစင်တဲ့ အပြုံးတွေကို ထာဝရပျောက်ဆုံးအောင်လုပ်လိုက်မိတဲ့ ကိုယ့်ကို ကံကြမ္မာက ကောင်းကောင်းဒဏ်ခတ်လိုက်ပြီးပြီပဲလေ.။  ဒါကိုပဲ ဘာကိုထပ်ပြီး တောင်းတချင်နေသေးသလဲ….။ ဘာမှပြန်မရနိုင်တော့လောက်အောင် ကိုယ်တိုင်ပဲလုပ်ခဲ့တာလေ….။

ဒါပေမယ့်လေ…သိလား အိန်ဂျယ်…မင်းဆီကကိုယ်ရခဲ့ဖူးတဲ့ နောက်ဆုံးညတုန်းက အပြုံးလက်လက်လေးတစ်ပွင့်ကတော့ ကိုယ်ရင်ထဲခုထိတိုင်စွဲထင်ကျန်နေတုန်းပဲ….။ အဲဒီညတုန်းက ကောင်းကင်က ကြယ်ပွင့်လေးတွေနဲ့အပြိုင် လက်ခနဲလင်းခနဲမင်းရဲ့အပြုံးတွေကို ကိုယ်အမှတ်တမဲ့တွေ့ခဲ့လိုက်ရတာ….။ အိုကွယ် အဲဒီနောက်ဆုံးလက်ဆောင် မင်းအပြုံးတွေကို...ပန်းပွင့်လေးတွေလို…သေတ္တာငယ်လေးတစ်ခုထဲမှာ သိမ်းထားလို့ရရင်သိပ်ကောင်းမှာပဲ… ဒါပေမယ့်လဲလေ………..။

ဘယ်တော့မှပြန်မရနိုင်တော့တဲ့အရာတစ်ခုကို ပြန်လည်တောင်းတရတဲ့ နောင်တမျိုးကို အကြိမ်ကြိမ်ရဖူးခဲ့ပေမယ့်…..မင်းနဲ့ပတ်သက်ပြီး..ဘယ်တော့မှပြန်မရနိုင်တော့တဲ့အရာအားလုံးအတွက်ကို တည်ငြိမ်မှုမဲ့စွာ ကိုယ်ခုချိန်ထိန့်လန့်နေတုန်းပဲ……….။

ဘယ်တော့မှပြန်မလာတော့ဘူးဆိုတဲ့အတွေးစလေး ခေါင်းထဲဝင်လာတိုင်း မင်းအပြုံးလေးတွေနဲ့ကိုယ်အစားထိုးပစ်လိုက်စမြဲပဲ….။ လက်တွေ့တကယ်ဖြစ်နေပေမယ့် အတွေးနဲ့တောင်မှ ကိုယ်ရင်မဆိုင်ရဲလောက်တဲ့အဖြစ်…ဒါပေမယ့်လည်း လက်တွေ့ရင်ဆိုင်နေရတာပဲ လတ်တလောတကယ်ကြီးဖြစ်ပျက်နေတာပဲ…. အဲဒါကို ကိုယ်မသိချင်ယောင်ဆောင်ပြီး လက်မခံနိုင်ဖြစ်နေတာ..။



မိုးငွေ့