ကိုယ်မင်းကို အိပ်မက်မက်ပြန်ပြီ....။ ကိုယ်တို့နှစ်ယောက်ရဲ့ အဆုံးသတ်မှုက အချိန်အပိုင်းအခြားကြာခဲ့ပြီပဲ...။ ခုနှစ်နှစ်ကျော်ဆိုတဲ့ ကာလကြီးမှာ မင်းကို ကိုယ်မေ့မေ့ပျောက်ပျောက်နေခဲ့တယ်...။ ခုတလော မင်းနဲ့ မင်းတို့မိသားစုကို သတိရနေမိတယ်...ကိုယ်ငယ်ငယ်က ရုပ်နဲ့သိပ်တူနဲ့ မင်းတူမလေးနိုးနိုးကိုလဲ သတိရနေမိတယ်...။ အဲဒီချိန်တုန်းက မင်းအစ်မ ပထမကိုယ်ဝန်ဆောင်ထားတုန်းက မင်းတို့အိမ်ကို ကိုယ်မကြာမကြာရောက်ဖြစ်သေးတယ်...။ အစ်မဒါလေးက မွေးလာတဲ့ကလေးလေး လှအောင်လို့တဲ့ ချစ်စရာကောင်းတဲ့ ကလေးလေးပုံတွေဝယ်ပြီး အိမ်ဧည့်ခန်းမှာကပ်ထားလိုက်တာ...။ တစ်နေ့တစ်နေ့ အဲဒီပုံလေးတွေပိုကြည့်ရင်း ကြည်နူးနေရတာပေါ့...။ မင်းနဲ့ ကိုယ်လဲ မွေးလာမယ့်ကလေးအတွက် ကြိုတင်တွေးပြီး ၀မ်းသာနေကြတယ်လေ...။ အဲဒီတုန်းက မင်းပြောခဲ့သေးတယ်လေ မင်းမှတ်မိသေးလား...။ “ညို ကိုယ့်ကို ဘေဘီလေး မွေးပေးမလား” တဲ့...။ ကိုယ်တို့သာ ဘေဘီလေးတစ်ယောက်ရှိခဲ့ရင် သိပ်ကိုချစ်စရာကောင်းမှာပဲနော်...။
အစ်မ အမွှာယောကျာ်လေး ကလေးတွေဆုံးသွားတော့ ကလေးဆေးရုံမှာ မသဂြိုဟ်ခင် ဓမ္မဆရာမလေး ဆုလာတောင်းပေးတဲ့နေ့က ကလေးလေးတွေကိုကြည့်ပြီး မင်းမျက်ရည်ကျတာကိုတွေ့တော့ မင်းကို ကိုယ်အရမ်းသနားသွားခဲ့တယ်...။ အံ့အားသင့်စရာကောင်းတာက အဲဒီကလေးလေးတွေက မင်းနဲ့တစ်ပုံစံတည်း မင်းမှာသာ သားရှိခဲ့ရင် မင်းရဲ့သားလေးတွေပါလို့ပြောလို့ရတယ်...။ တူလေးတွေဆိုပေမယ့် မမွေးခင်ကတည်းက ဒီကလေးလေးတွေကို မင်းက အရမ်းမျှော်လင့်ထားခဲ့တာလေ...။ မင်းဘေးမှာ ရပ်နေရင်း မင်းမျက်ရည်တွေကို ကိုယ်သုတ်ပေးချင်လိုက်တာ...။
စကားချပ်။ ။(အဲဒီနေ့ကို ကိုယ်ကောင်းကောင်းကြီးအမှတ်ရနေသေးတယ်...။ ရွှေတိဂုံစေတီတော်ကြီးကို ထီးပြန်တင်တဲ့နေ့...တပေါင်းလပြည့်နေ့မှာပဲ အစ်မက အမွှာကလေးလေးနှစ်ယောက်ကို မွေးဖွားခဲ့တယ်...။ ညဘက်နွေခေါင်ခေါင်ကြီးမှာ မိုးတွေသည်းကြီးမဲကြီးရွာပြီး မိုးကြိုးတွေအရမ်းပစ်တဲ့ အချိန်ကြီးမှာပေါ့..။ ကလေးလေးနှစ်ယောက်စလုံး အသက်မရှင်ရှာပါဘူး...။ ရှစ်လနဲ့ လမစေ့ဘဲမွေးလိုက်လို့ ပထမကလေးလေးက မွေးပြီးသိပ်မကြာဘူး ဆုံးသွားတယ် နောက်တစ်ယောက်က သုံးရက်မြောက်မှာဆုံးသွားပါတယ်)
အစ်မကို ကလေးတွေဆုံးတာ သွေးသားနုချိန်မို့ အသိမပေးခဲ့ကြဘူး...။ မင်းကလဲ စိတ်မကောင်းဖြစ်ပြီး အစားမစားဘာမစားနဲ့တောင်ဖြစ်သွားသေးတယ်...။ အဲဒီရက်ပိုင်းတွေမှာ ကိုယ်မင်းနဲ့အတူ ထမင်းလာလာ စားဖြစ်တယ်...။ တော်ကြာ မင်းအစားမစားပဲနေနေမှာစိုးလို့ အမေကသူ့သားကို နှစ်သိမ့်ပေးဖို့ တိုးတိုးတိတ်တိတ် စစ်ကူတောင်းထားခဲ့သေးတယ်...။ ကိုယ်သက်သတ်လွတ်စားတဲ့နေ့ဆို အမေက ကန်ဇွန်းရွက်ကြော်ပေး တတ်ပါတယ်...။
နောက်နှစ်နှစ်အကြာမှာ အစ်မ ကလေးလေးနောက်တစ်ယောက် ထပ်မွေးပါတယ်...။ ကလေးလေးက မိန်းကလေးပါ...။ နာမည်လေးကနိုးနိုးတဲ့...။ မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ချစ်စရာလေး........။ ချောကလက်ရေ...ကြည့်ပါဦး ရှင့်တူမလေးက ကိုယ်ငယ်ငယ်ကရုပ်နဲ့တစ်ပုံစံတည်း...။ ကြည့်ရတာ အစ်မကိုယ်ဝန်ဆောင်ထားတဲ့ ကာလတစ်လျှောက်လုံး ကိုယ်ကိုပဲ ကြည့်ပါမြင်ပါများလို့ထင်ပါ့နော်...။ အစ်မဒါလေးက ဗာဒံစေ့ပုံအလျားရှည်ရှည် မျက်လုံးနဲ့ နှစ်ခမ်းထူထူ မျက်နှာသွယ်လျလျနဲ့ အစ်ကိုထွန်းထွန်းအောင်ကျတော့လဲ မျက်နှာဝိုင်းတယ်....။ ထူးဆန်းတာက ကလေးလေးက သူတို့နှစ်ယောက်လုံးနဲ့မတူဘဲ ကိုယ်ငယ်ငယ်ကရုပ်နဲ့လာတူနေတယ်...။ ကိုယ်ငယ်ငယ်က အဒေါ်အမွှာတွေကျောင်းဝင်းထဲက မြက်ခင်းပြင်မှာပေးထိုင်ပြီး ရိုက်ထားတဲ့ ပုံလေးနဲ့များ တစ်ထပ်ထဲပဲ...။ အဲဒီပုံလေးယူလာပြီး အမေ့ကိုပြကြည့်တော့ အမေတောင်မှ အံ့အားသင့်သွားခဲ့ရသေးတယ်..။ ဘယ်သူမှသတိမထားမိတဲ့ အချက်က အစ်မဒါလေးမွေးခဲ့တဲ့ ယောက်ကျားလေးကလေးတွေက မင်းနဲ့တူပြီး သမီးလေးက ကိုယ်နဲ့လာတူနေတယ်...။ အဲဒါတွေဟာ မျိုးရိုးဗီဇကနေတွေဖယ်ပြီး မမြင်နိုင်တဲ့ အာရုံဆီကဖြစ်တတ်တဲ့ ကိုယ်တို့ဥာဏ်မမီနိုင်တဲ့ ဖြစ်စဉ်တစ်ခုဖြစ်မှာပါ...။
ဒီလိုနဲ့ ကိုယ်တို့နှစ်ယောက်တူမလေးနဲ့အတူ အချိန်တွေကို ဖြတ်သန်းလာခဲ့တာ မင်း နိုင်ငံခြားမထွက်ခင်အထိပဲ ဆိုပါတော့...။ မင်း ကွန်ပျူတာ သင်တန်းမရှိတဲ့နေ့ ကိုယ်မင်းနဲ့အတူနေ့လည်စာ လာစားတဲ့နေ့ဆိုရင် အစ်မကအလုပ်သွားတော့ တူမလေးကို အမေနဲ့အတူကူပြီး ထမင်းကျွေးပေးပြီးတော့ မင်းကိုယ်တိုင်ဂီတာတီးပြီး ဆိုပြတဲ့သီချင်းတွေ နားထောင်ကြရင်းပေါ့...။
တကယ်တမ်း....မင်း အဝေးကိုထွက်သွားတော့ နှစ်ဆွေးနေတဲ့ သံယောဇဉ်ကလေးကိုတောင်မငဲ့ကွက်ဘဲ... ကိုယ့်ကို နာကျင်စွာ စိမ်းပျက်ရက်စက်စွာ ခွဲသွားခဲ့တာပါ...။ ကိုယ်ဘယ်လောက်ကြေကွဲဝမ်းနည်းပြီး ကျန်ရစ်ခဲ့မလဲ မင်း...နည်းနည်းကလေးမှ မတွေးမိဘူးဆိုတာကို ဒီနေ့ထိ ကိုယ်မယုံနိုင်ခဲ့ပါဘူး...။ မင်းကိုလွမ်းတဲ့အကြောင်း စာမျက်နှာတွေမှာ နေရာယူခဲ့တာ နှစ်လတာရှည်ခဲ့ပါပြီ...။ ကိုယ့်အိမ်မက်ထဲကို အကြိမ်ကြိမ်မင်းရောက်လာတတ်တာဟာ မင်းကိုယ့်ကို မသိစိတ်ထဲက သတိတရရှိနေခဲ့လို့များလားလို့တောင် ကိုယ့်မှာ တွေးပိုင်ခွင့်မရှိတော့ပါဘူး ချောကလက်ရယ်....။
ဘယ်လိုပဲဖြစ်ဖြစ် မင်းအလည်ရောက်လာမယ့် အညိုရောင်အိပ်မက်လေးထဲမှာ ကိုယ်အမြဲရှိနေမှာပါ....။ အမှတ်သည်းခြေမရှိစွာနဲ့ကို ရှိနေဦးမှာပါ...။
မိုးငွေ့