
ကိုယ်ခဏကလေး ကွန်ပျူတာစခရင်နဲ့ဝေးသွားတဲ့ အချိန်အတွင်းမှာ…..မင်းရောက်လာခဲ့တယ်….။ ခဏကလေးပါပဲ….. ကိုယ်ပြန်ရောက်လာချိန်မှာ မင်းရှိနေသလားမရှိဘူးလားတော့ မင်းကိုယ်တိုင်ပဲသိလိမ့်မယ်….။ မတွေ့ရတာကြာပြီဖြစ်တဲ့သူတွေ နှုတ်ဆက်လေ့ရှိတဲ့ စကားမျိုးမဟုတ်ဘဲ….. မင်းသိချင်တဲ့ မေးခွန်းလေးတစ်ခုကို မင်းဘာသာမင်းရွတ်ဆိုသွားတဲ့ စကားလေး……။ နှစ်ကြောင်းလောက်ပါပဲ….။ အမြဲတမ်းကိုယ်ယောင်ဖျောက်ပြီး လာတတ်တဲ့အတွက် မင်းကို ကိုယ်ပြန်ပြောလိုက်တဲ့ စာတစ်ကြောင်းနှစ်ကြောင်းရဲ့ တုန့်ပြန်မှုကို ကိုယ်တိတ်တဆိတ် မျှော်လင့်နေခဲ့တယ်…..။ ဒါပေမယ့် မင်းဘာမှပြန်မပြောခဲ့ဘူး….။ မင်းပြန်ထွက်သွားသလား လိုင်းကျနေလို့လား ဒါမှမဟုတ် မင်းပုန်းပြီး…. ကိုယ်ကိုချောင်းကြည့်နေခဲ့သလား….....။
ကိုယ်လက်ချောင်းတွေ ကီးဘုတ်ပေါ်မှာ အဆင်သင့်လေးတင်ထားလျက်….. ပြန်မရောက်လာတော့တဲ့ မီးလင်းမနေတဲ့ မင်းနာမည်လေးကိုပဲ ကိုယ်တွေတွေလေး ငေးကြည့်နေမိတယ်…..။ စခရင်ဆေဗာမှာ ပူဖေါင်းလေးတွေ အရောင်စုံတစ်လုံးပြီးတစ်လုံးတက်လာနေတယ်…..။ သိပ်မကြာခင် ကိုယ်ခလုတ်တစ်ခုခုကို မဖိလိုက်ရင် ကွန်ပျူတာလေး အမှောင်ကျသွားတော့မယ်…..။ မင်းလည်းအမှောင်ထဲ ပျောက်ကွယ်သွားမယ်….။ မဟုတ်ပါဘူး…. မင်းနာမည်လေးနဲ့ ဘောက်စ်လေး ပျောက်သွားလိမ့်မယ်…..။ တခဏလေးပါပဲ ခလုတ်တစ်ခုခုကို ကိုယ်လက်ချောင်းနဲ့ထိလိုက်ရင် ပြန်ပေါ်လာမယ်ဆိုတာသိနေပေမယ့် အဲဒီတခဏလေးပျောက်သွားမှာကို ကိုယ်စိုးရိမ်နေတယ်….။
မင်းကပူဖေါင်းကြည်ကြည်လေးတွေနဲ့တူတာပါ…..။ ဟုတ်တယ်….. တို့ထိလိုက်မိရင် ဖေါက်ခနဲပေါက်ကွဲသွားမယ့် ဆပ်ပြာပူဖေါင်းလေးတွေနဲ့တူတယ်…..။ ဒါကြောင့် မင်းဟာ ကိုယ်အဝေးတစ်နေရာက တင်းတိမ်ရောင့်ရဲစွာ မက်မောတမ်းတရတဲ့ အိန်ဂျယ်လေးဖြစ်နေရတာလေ…။ ကိုယ်မင်းကို မတို့ထိရဲပါဘူး….။ ပူဖေါင်းလေးတွေလို ပေါက်သွားမှာစိုးတယ်ကွယ်….။ တကယ်တော့ မင်းနဲ့အနီးစပ်နိုင်ဆုံးဆိုလို့ ဟောဒီကွန်ပျူတာလေး တစ်ခုတည်းပဲရှိတာပါ……..။ မင်းကို ကိုယ်အရမ်း သတိရလွမ်းဆွတ်တဲ့အခါ မင်းဓါတ်ပုံလေးတွေကို ဖွင့်ကြည့်လိုက်မယ်…. မင်းနဲ့ပတ်သက်ခဲ့တဲ့ အကြောင်းအရာ အဖြစ်ပျက်ဟောင်းတွေကို ပြန်ဖတ်နေမယ်….။ ပင်လယ်ပြာပြာနဲ့ ကြယ်စုံညတွေမှာ ဆိုညည်းပြခဲ့ဖူးတဲ့ မင်းသီချင်းသံချိုချိုလေးတွေကို ပြန်ကြားယောင်နေလိုက်မယ်…..။ ကိုယ့်အတွက်ဖြေသိမ့်နိုင်စရာ အကြောင်းအရာနည်းနည်းလေးပဲရှိပေမယ့် ကိုယ်အဲဒီနည်းနည်းလေးနဲ့ မင်းကိုရောင့်ရဲလိုက်ပါတယ် အိန်ဂျယ်…..။
မင်းရောက်လာခဲ့မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ကိုယ်ညတိုင်း ညဥ့်နက်တဲ့အထိစောင့်နေခဲ့တယ်….။ ပျောက်ဆုံးနေသော အိန်ဂျယ်ကိုရှာဖွေခြင်းလို့ နစ်မှာရေးတင်ပြီးတော့လေ….။ နေ့ပေါင်းများစွာ ညပေါင်းများစွာသာ ကုန်ဆုံးလို့သွားတယ်…. မင်းကိုယ့်ဆီရောက်မလာခဲ့ပါဘူးကွယ်………..။ တစ်နေရာမှာ မင်းပုန်းပြီးကိုယ့်ကိုကြည့်နေမလားလို့ ကိုယ်စိတ်ကူးယဉ် ကြည့်ချင်တာတောင် မင်းက ကိုယ့်စိတ်ကူးထဲကို ၀င်မလာချင်သူပါ……..။ ကိုယ်ဟာ…. မင်းအတွက် ဒီလောက်တောင်ပဲ ရွံမုန်းစရာကောင်းသလား……..။
တကယ်တော့ ဒီအလွမ်းဇာတ်မှာ ကိုယ်တစ်ယောက်တည်းကနေခဲ့သူပါ…….။ ပျော်စရာအချိန်လည်း အဝေးမှာကျန်ခဲ့ပြီ….။ ချိုမြိန်တဲ့ အနမ်းတွေကို တမ်းဆွတ်ရင်း…...ချိုအီနေတဲ့ တယောသံလေးမှာ နစ်မျောရင်း..... ငှက်ကလေးတွေပျံဝဲနေတာကို မော့ကြည့်ရင်း ရှေ့တည့်တည့်က အေးစက်နေပြီဖြစ်တဲ့ ကော်ဖီခွက်ကိုငေးမောရင်း ....အိန်ဂျယ်ရေ…. မင်းကို အဝေးကပဲဆက်ချစ်သွားမယ်….။
မိုးငွေ့
5 comments:
အေးနေတဲ့ ကော်ဖီကိုသောက်ရတာ ဘယ်လိုနေလဲ ?..
အေးနေပါတယ်ဆိုမှ ကော်ဖီအေးဖြစ်သွားတာပေါ့ မယ်နှိုင်းရယ်....
မဟုတ်ဘူးလေ..အဲလို Ice Coffee မျိုးကို ပြောတာမဟုတ်ဘူး..
ကော်ဖီပူပူကနေပြီး..
အေးစက်သွားတဲ့ ကော်ဖီမျိုးကိုပြောဒါ..
ဘယ်သူ့ကိုလဲဟင်း)
i can't love from so far...he he
so i must try to closely ..
but so feeling your post.
best regards,
chitchin alinkar
Post a Comment