Monday, 28 April 2025
The Answer....
Wednesday, 23 April 2025
ဝေးပြီးတဲ့နောက်မှာ.....
သူပျော်နေတယ်လို့ စိတ်ထဲမှာ
ယုံထားလိုက်တယ်
နောက်ထပ် ဘာမှမသိရ မတွေ့ရ
မကြားရအောင် နေတယ်
ကိုယ့်စိတ်ကို ပျော်အောင်ထားတယ်
တတ်နိုင်တဲ့အခါ ရယ်တယ်
မတတ်နိုင်တဲ့အခါ ငိုတယ်
မနေ့ကထက် ဒီနေ့ပိုလှအောင် ပြုံးတယ်
သတိရတဲ့အခါ ကြယ်တွေကို ငေးတယ်
အိပ်မက်ဟာ အိပ်မက်ပဲဆိုတဲ့အကြောင်း
ကြိုးစားလက်ခံလိုက်တယ်
အမှတ်တရတချို့ ပြန်တွေ့ရရင်
ကိုယ့် memory ထဲမှာပဲ
ဘယ်သူမှ မမြင်အောင်
တိတ်တိတ်ကလေး သိမ်းထားတယ်
ချစ်ခြင်းမေတ္တာဆိုတာကို စကားလုံးအဖြစ်နဲ့
ကဗျာထဲမှာ သုံးရုံလောက်ပဲ အာရုံရှိတော့တယ်
ဖြတ်မျဉ်းတစ်ကြောင်းလို
ကိုယ့်ဆီမှာ ခဏတာ
ရေစက်လာဆုံပေးတဲ့အတွက်လည်း
တစ်သက်စာ ကျေးဇူးတင်တယ်
ကြီးကြီးမားမားတွေ မလုပ်ပြချင်ပေမယ့်
တခမ်းတနားတော့ တိတ်ဆိတ်ပြချင်တယ်
Monday, 14 April 2025
Metta Sutta .....
Telegram Channel မှာ ကျနော် Followed လုပ်ထားတဲ့ သုခိတာချောဆီက ကူးယူမျှဝေတာလေးပါ...
""မေတ္တာသုတ်ကို ရွတ်ဖတ်ကြသလို လက်တွေ့လည်း Apply လုပ်ရတော့မယ့် အချိန်အခါပါ ..
ကိုယ်တိုင် အထူးလိုက်နာဖြစ်တာတော့ ဒီအပိုင်းလေးပါပဲ ..
“ လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ ..
အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ
ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ “တဲ့
ဒီကာလ မှာကိုယ်ဘယ်လောက် ကျင့်သုံးနိုင်လဲ ကိုယ့်ကိုယ်ကို ဆန်းစစ်ဖြစ်ပါတယ် ..
နပရော ပရံ နိကုဗ္ဗေထ နာတိမညေထ ကတ္ထစိ နကိဉ္စိ ဗျာရောသနာ ပဋိဃသည နာညမညဿ ဒုက္ခမိစ္ဆေယျ။
**တစ်ယောက်ယောက်က တစ်ယောက်ယောက်ကို ဘယ်လိုအကြောင်းကြောင့်မျှ၊ ဘယ်နေရာမှာမဆို၊ စဉ်းလဲကောက်ကျစ် မကောင်းကြံခြင်း၊ မာန်မာနထောင်လွှားကာ မထီမဲ့မြင် ပြုခြင်း မရှိကြပါစေလင့်။
ကိုယ်နှုတ်တို့ဖြင့် စော်ကားပုတ်ခတ်ခြင်း၊ ဒေါသအာဃာတဖြင့် အချင်းချင်း သူတပါးဒုက္ခရောက်သည်ကို အလိုမရှိကြပါစေကုန်လင့်။
Na paro paraṃ nikubbetha, nātimaññetha katthaci naṃ kiñci,
Let none deceive another or despise any being in any state.
Byārosanā paṭīgha-saññā, nāññam-aññassa dukkham-iccheyya.
Let none through anger or ill-will wish harm upon another.
ဒီအချိန်က မေတ္တာပို့နေရမယ့် အချိန်ဆိုတာထက် မေတ္တာသုတ်မှာပါဝင်တဲ့ check list နဲ့ ကိုယ့်ကိုယ်ကို check လုပ်နေရတော့မယ့် အချိန်ဖြစ်နေပါတယ်
မေတ္တာသုတ် ပါ Check list ကတော့ အောက်ပါ အတိုင်းပါ
၁) သက္ကောစ - ကုသိုလ်ကောင်းမှု့ကို ပြုလုပ်ရန် စွမ်းနိုင်သူ ဖြစ်ရမည်။
(၂) ဥဇူ စ - ကိုယ်ရော နှုတ်ပါ ရိုးသားဖြောင့်မတ် မှန်ကန်သူ ဖြစ်ရမည်။
(၃) သုဟုဇူ စ -စိတ်ဓါတ် ပါ ရိုးသားဖြောင့်မှန်သူ ဖြစ်ရမည်။
(၄) သုဝစော စဿ - ဆိုဆုံးမခြင်းကို နာခံလွယ်သူ ဖြစ်ရမည်။
(၅) မုဒု - ယဥ်ကျေး သိမ်မွေ့ရမည် ။
(၆) အနတိမာနီ - မမောက်မာရ (မာနမကြီးလွန်းရ )။
(၇) သန္တုဿကော - တင်းတိမ်ရောင့်ရဲလွယ်ပြီး ရှိတာနှင့် ကျေနပ်ရမည် ( ဇီဇာမကြောင်ရ )။
(၈) သုဘရော စ - မွေးမြူလွယ်ရမည် (သူများကူညီစောင့်ရှောက်မှု့ကို ကျေနပ်နှစ်သက်နိုင်ရမည်)။
(၉) အပ္ပကိစ္စော စ - ကိစ္စ နည်းပါးရမည် ( မိမိအလုပ်နားသည့်အချိန်မှာ မေတ္တာပွားရန် အချိန်ကို ယူတတ်ရမည်)။
(၁၀) သလ္လဟုက ဝုတ္တိ - ပေါ့ပေါ့ ပါးပါး အသက်မွေးတတ်ရမည် ။
(၁၁) သန္တိန္ဒြိယ - ဣန္ဒြေ သိက္ခာ ရှိရမည် ။
(၁၂) နိပကော စ - ရင့်ကျက်သော အသိပညာဖြင့် ပြည့်စုံအောင် ကြိုးစားရမည် ။
(၁၃) အပ္ပဂဗ္ဘော - ကြမ်းတမ်းခက်ထန်သူ မဖြစ်ရ ။
(၁၄) ကုလေသွ နနုဂိဒ္ဓေါ -ဆွေမျိုး မိတ်ဆွေ တို့အပေါ် တဏှာဖြင့် တွယ်တာမှု့ ကြီးသူ မဖြစ်စေရ ။
(၁၅) န စ ခုဒ္ဒ မာစရေ ကိဉ္စိ ၊ယေန ဝိညူ ပရေ ဥပ ဝဒေယျုံ - သူများအပြစ်တင် မေးငေါ့ခံရမည့် အပြစ်ပြောစရာ အပြုအမူများကို အသေးအဖွဲက စ၍ မပြုလုပ်ရ ။ တဲ့
၁၅ ချက်ရှိပါတယ် .
Being က Doing ထက် ပို အရေးကြီးနေတဲ့ အချိန်ဖြစ်နေလို့ ၂ ခုလုံးကို တပြိုင်ထဲ လုပ်နေပါတယ် .. ""
Cre: Sukhitachaw
https://t.me/sukhitachaw/783
🙏🤎
Wednesday, 9 April 2025
အကြိုက်.....
Tuesday, 1 April 2025
Welcome Back !!!!
ကျနော့်ဘလော့ကို ပြန်ဖွင့်ချိန်ဟာ တိုက်တိုက်ဆိုင်ဆိုင် April တစ်ရက်နေ့ဖြစ်နေတယ်... ။ တကယ်တမ်းကျတော့ တိုက်ဆိုင်မှုဆိုတာ လောကမှာမရှိပါဘူး လူတစ်ယောက်ဟာ ဘာပြီးရင်ဘာဖြစ်မယ်ဆိုတာ သူ့အချိန်နဲ့သူ သူ့နေရာနဲ့သူပါလာပြီးသားပဲ...ကျနော်ကတော့ ဒီလိုယုံကြည်ထားတယ်...။
ပြီးခဲ့တဲ့သောကြာနေ့က စစ်ကိုင်းပြတ်ရွေ့ကြော ဗဟိုပြုငလျင်လှုပ်သွားတယ် အဓိက မန္တလေး နဲ့ စစ်ကိုင်း အပျက်အစီးများပြီး တစ်နိုင်ငံလုံးလိုလို အဖျားခတ်သွားတယ်....။ ပျော်ဘွယ်မှာလည်း လူမဆန်တဲ့ နာမည်ကြီးဘဏ်သူဌေးရဲ့ တစ်ကိုယ်ကောင်းဆန်လုပ်ရပ်ကြောင့် ဝန်ထမ်းတွေအားလုံးနဲ့ customer တွေတစ်ယောက်မှအသက်မရှင်ကြဘူး တစ်မြို့လုံး ပုပ်နံ့တွေလှိုင်လို့....။ သဘာဝဘေးတစ်ခုကျရောက်တိုင်း ကျရောက်တိုင်း လူတွေရဲ့ လောဘဇောနဲ့ ဇာတ်ရုပ်အမှန်တွေပေါ်ပေါ်လာကြတယ်...။ ကျနော်တို့နိုင်ငံအခုလို ဒုက္ခတွေဝေနေရတဲ့ အကြောင်းရင်းက လူလူချင်းမေတ္တာတရားခေါင်းပါးလာတာရယ် လူစိတ်မရှိကြတာရယ်ကြောင့်ပဲလို့ ကျနော်မြင်တယ်...။
နိုင်ငံတော်ဘတ်ဂျက်ကို လူကယ်ဖို့ ပစ္စည်းကိရိယာယန္တရားရှိနေဖို့ထက် လူသတ်ဖို့လက်နက်တွေမှာ ရင်းနှီးမြှုပ်နှံတယ်...။ မင်းနဲ့စနစ်မကောင်းရင် တိုင်းပြည်တစ်ခုလုံးသွားတာပဲ..။ မင်းလို့တော့ အဲဒီ ကျက်သရေတုံး လူသတ်ကောင်ကို နာမ်စားမတပ်ချင်ပါဘူး...။ ဒုက္ခရောက်နေတဲ့ကျနော်တို့နိုင်ငံကို တခြားလူစိတ်ရှိတဲ့နိုင်ငံက ကူညီပါရစေလို့ လူပီသစွာလာရောက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းကိုလုပ်နေတဲ့အချိန် အဲလူသတ်ကောင်ကတော့ ဗုံးကျဲလို့ကောင်းဆဲတဲ့ အကယ်အံ့ဩစရာပဲ....။ ဘယ်လိုစိတ်ဓါတ်မျိုးနဲ့လူဖြစ်လာလဲ မတွေးတတ်တော့ဘူး...။ ဒီနေ့ နေ့လည် တစ်နာရီကို ဝမ်းနည်းခြင်းအထိမ်းအမှတ်နဲ့ ငြိမ်သက်ဖို့ အမိန့်ထုတ်သတဲ့...ဒီချိန်မှာ နင်လုပ်ရမှာက ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်နိုင်ရေးကိစ္စဟ... စိတ်ပျက်ပါတယ်..။ ကိုယ့်တစ်ဖို့ပဲကိုယ်ကြည့် တိုင်းပြည်တစ်ခုလုံးရဲ့ စီးပွားရေးကို လက်ဝါးကြီးအုပ်ပြီး ခွေးတစ်ကောင်လောက်တောင် အသုံးမဝင်တဲ့ $စစ်တပ်... သတင်းအမှန်တွေဖုံး ပြည်သူတွေကပဲ speak out ပြန်လုပ်နေရ...။
ဆရာအောင်သင်းပြောခဲ့တဲ့ "လူညစ်တစ်ယောက်ပေါ်လာတိုင်း ကမ္ဘာကြီးအလုပ်ရှုပ်ရတယ်"ဆိုတာ တကယ်မှန်တယ်...။
ဘလော့ကို ပြန်လာတဲ့ Welcome back ပို့စ်မှာ ဒီလို စိတ်မကောင်းစရာအကြောင်းအရာတွေရေးရလိမ့်မယ်လို့ ထင်မထားဘူး...။ 2011 တုန်းက ကျနော့်မွေးဇာတိမှာ 6.8 ရေချစကေးငလျင်ဒဏ်ကြောင့် တစ်မြို့လုံးနီးပါးပျက်စီးသေကျေကြတယ်...။ ကျနော်ငယ်ငယ်က နေခဲ့တဲ့ အဖိုးဆောက်ခဲ့တဲ့တိုက်အိမ်လေးက နံရံလေးတစ်ချက်ပဲကျန်ခဲ့တယ် ဒီပို့စ်မှာ ကျနော်တင်ထားခဲ့ဖူးပါတယ် ...။ ကျနော်တို့အိမ်ရှေ့တည့်တည့်က နှစ်ထပ်အိမ်က အောက်ထပ်တစ်ခုလုံး မြေကြီးထဲကျွံဝင်သွားလို့ အမျိုးသမီးတစ်ယောက်ရဲ့ DB ကို သုံးရက်လောက်ရှာဖွေတူးဖော်လိုက်ရတယ်...။ မြို့သေးသေးလေးက လူတွေအားလုံး လပေါင်းများစွာ စိတ်ချောက်ခြားမှုဒဏ်ကို ခံစားခဲ့ရတယ်...။ အဲတုန်းကလည်း တတ်နိုင်သလောက်အကူလေးပေးဖြစ်ခဲ့တယ်...။
အခုငလျင်မှာလဲ မန်းလေးထက် စစ်ကိုင်းကိုပဲ target ထားပြီး ကူဖြစ်တယ် အဲဖက်မှာက အပျက်အစီး အသေအကျေများ ကူကယ်ရာမဲ့တွေများနေတယ် ဒုက္ခရောက်နေကြတဲ့ သံဃာတွေ မယ်သီရှင်တွေကိုသွားကူမယ့်အဖွဲ့ကိုပဲ အဓိကထားပြီးလှူဖြစ်နေပါတယ်....။ ဒီလို အလှူလေးဖြစ်ဖို့အတွက် ကျနော့်ဘလော့ရဲ့ ထာဝရပရိတ်သတ်စာဖတ်သူလေးတစ်ယောက်က ကိုယ်တိုင်ကိုယ်ကျမြေပြင်ကိုလက်တွေ့သွားလုပ်ဆောင်ပေးနိုင်လို့ သာဓုခေါ်ရပါတယ်...။ ပြီးတော့ ကျနော်တို့ရဲ့ ဦးဇင်းလည်း ပခုက္ကူကနေ ဆရာဝန်ပါ ပါတဲ့ အဖွဲ့နဲ့ ဆေးဝါးအစားအသောက်တွေနဲ့ လိုအပ်ရင်ဆေးကုပေးဖို့ မနက်ဖြန်စထွက်ပါမယ်...။ လူပီသစွာ လူသားဆန်စွာ ကျနော်တို့အတူတူ တတ်နိုင်သလောက် ကူညီကြရအောင်... together we can....။
ငါတို့မှာ ငါတို့ပဲ ရှိတယ်.....
အားလုံးဘေးရန်ကင်းကင်းနဲ့ နောက်ဆက်တွဲသဘာဝဘေးကနေ ကင်းလွတ်နိုင်ကြပါစေလို့ ဆုတောင်းပါတယ်...။
ps: ထိုင်းနိုင်ငံတောင်ပိုင်း ကော်စမွီမှာ မုန်တိုင်းဝင်နေပြီလို့သိရတယ် ကျနော်တို့ဆီ အဖျားခတ်လာမလား သတိနဲ့နေကြပါ....။