မေတ္တာလေ့ကျင့်ခန်း.....
ပုထုဇဉ်လူသားတိုင်းတွင် ကောင်းစိတ်နှင့် မကောင်းစိတ် နှစ်မျိုးလုံး ရှိနေပါသည်။ ကောင်းစိတ် အား ကောင်းလျှင် မကောင်းစိတ်မှာ အခိုက်အတန့် ဖြစ်ပေါ်ခွင့်မရ။ မကောင်းစိတ်အားကောင်းလျှင် ကောင်းစိတ်မှာ ဖြစ်ပေါ်ခွင့်မရချေ...။
မကောင်းစိတ်အားကောင်းမှုသည် မွေးရာပါဗီဇစိတ်သဘောမျိုးဖြစ်နေ၍ " ပါပသိံမ ရမတိ မနော " ဟု ဘုရားဟောတော်မူခဲ့ခြင်း ဖြစ်၏...။ ကောင်းစိတ်အားကောင်းစေရန် သီးသန့်လေ့ကျင့်ယူရမည် ဖြစ်၏...။
ကောင်းစိတ်သည် ကုသိုလ်စိတ်ဖြစ်ပြီး မကောင်းစိတ်သည် အကုသိုလ်စိတ်ဖြစ်သည်...။ ကုသိုလ်စိတ်ကို လေ့ကျင့်ယူရာ၌ ' အသေးအဖွဲကလေးပဲဟု ' သဘောမထားဘဲ စိတ်ပါလက်ပါပြုလုပ်ရမည် ဖြစ်သည်..။ အရေး အကြီးဆုံးမှာ မိမိသန္တာန်၌ ကောင်းစိတ် ထက်ထက်သန်သန် ဖြစ်စေချင်သည့် ဆန္ဒအားကြီးနေရန် လိုပါသည်..။ ကောင်းစိတ်နှင့် မကောင်းစိတ်သည် မည်သည့်စိတ် အဖြစ်များနေကြောင်းကိုလည်း မိမိကိုယ်ကို ဝေဖန်ကြည့်ရ ပါမည်။
လူသည် ကိုယ့်ကိုယ်ကို အချစ်ဆုံးဖြစ်၏။ အငဲ့ညှာဆုံးဖြစ်၏ မကောင်းမှုပြုနေသော်လည်း မကောင်းမှု ဟု မမြင်ဘဲ ဆင်ခြေဆင်လက် အကြောင်းပြချက်အမျိုးမျိုးဖြင့် ကာကွယ်တတ်၏..။ သူများကိုမလိမ်ခင် ကိုယ့် ကိုယ်ကို အရင်လိမ်၏..။ သူတစ်ပါးအပြစ်ကိုသာ မြင်တတ်ပြီး ကိုယ့်အပြစ်ကို ပြန်မြင်သူရှားပါး၏။
" လူ့အရည်ချင်း ဆိုသည်မှာ အသိညာဏ်၊ တရားမျှတမှု၊ ဖြောင့်မှန်မှု၊ ဗဟုသုတ " ဟု မီးစီးယပ်စ်ဆို သော ပညာရှိပုဂ္ဂိုလ်က ဆိုထားပါသည်...။
လောကကြီးအတွက် လိုအပ်နေသောအရာသည် မေတ္တာနှင့်ပညာ ပင်ဖြစ်သည်..။ မေတ္တာမရှိသော ပညာရှိသည် ကောင်ကျစ်နိုင်သည်...။ ပညာမရှိသော မေတ္တာရှင်သည်လည်း လောကအကျိုးကို ပြည့်စုံစွာ သယ် ပိုးနိုင်လိမ့်မည် မဟုတ်ပါ...။ မေတ္တာနှင့်ပညာပါ ကင်းမဲ့သူသည် လောကအတွက် အဆိပ်အတောက် သက်သက် သာ ဖြစ်နေပါလိမ့်မည်...။
ကိုယ်ချင်းစာနာမှု၊ အနစ်နာခံမှု စသည် ကရုဏာ၊ မေတ္တာတရားများသည် လောကအတွက် ပါးစပ်အား ဖြင့်သာ ပေါများသော်လည်း ကာယကံမြောက် လက်တွေ့တွင်မူ ရှားပါးနေသေး၏...။ ဒုက္ခိတသတ္တဝါကို မြင်သော အခါ " သနားပါတယ်ကွာ " ဟု ပြောသော်လည်း လက်တွေ့ကူညီမှုကား မရှိချေ...။
လောကကြီးသည် ဟန်ဆောင်မှုများဖြင့် ပြည့်နှက်နေ၏...။ " ငါက မေတ္တာရှင်၊ ငါက အလုပ်ကြိုးစားသူ၊ ငါက သူတော်ကောင်း " စသည် အပေါ်ယံရွှေမှုန်ကြဲပြီး အတွင်းအနှစ်သားမှာမူကား ပိုးထိုးနေသော သစ်သီးသဖွယ် ပုပ်ပွနေသူများကို မိမိတို့ပတ်ဝန်းကျင်တွင် တွေ့နေရသည်။ အများမြင်စေရန် ရေကန်ထဲကငါးကို အစာ ကျွေးသော်လည်း အစာငတ်၍ လာတောင်းရှာသော နောက်ကျောဘက်က ခွေးကိုမူ လေးခွဖြင့် ပစ်၏...။
လူရှေ့ သူရှေ့ထွက်၍ ဧည့်ခံကြိုဆိုရေး၊ ကျွေးမွေးရေးတာဝန် ယူလိုကြသော်လည်း နောက်ဖေး၌ ရေခပ်၊ ပန်းကန်ဆေးတာဝန်ကို ယူချင်သူရှား၏...။ မြို့ကြီးပြကြီးတွင်နေပြီး သာသနာပြုလိုကြသော်လည်း တကယ် လိုအပ်နေသော ကျေးလက်တွင် ကျောင်းထိုင်ဘုန်းကြီး ရှာမရပေ...။
ဤကဲ့သို့ မိမိကိုယ်ကို အထင်ကြီးလိုမှု၊ အရေးပါလိုမှု၊ ဟန်ဆောင်မှု စသည့် စိတ်ယုတ် စိတ်ပုပ်ကလေးများသည် ပုထုဇဉ်တို့ သန္တာန်၌ အများအားဖြင့် ဖြစ်ပေါ်နေကြပါ၏..။ ထိုစိတ်ယုတ်များပျောက်ရန်၊ ပါးလျရန်အ တွက် ကျွန်ုပ်တို့သည် တစ်စတစ်စလေ့ကျင့်ယူရမည်ဖြစ်၏...။ ကုသိုလ်သည် ယူတတ်လျှင် မိမိပတ်ဝန်းကျင်တွင် အပြည့်ရှိနေပါ၏...။
လမ်းမများပေါ်တွင် သွားရင်းလာရင်း ပုလင်းကွဲစများတွေ့ပါက " မတော်တဆ သူများတကာ နင်းမိနေ မှဖြင့် " ဟူသော မေတ္တာစိတ်ဖြင့် ကောက်ယူလွှင့်ပစ်လိုက်ပါ...။
မိမိတို့ကျောင်း၊ အိမ်တွင်း အိမ်ပြင်တွင် အမှိုက်များ၊ သတ္တဝါများ၏ အညစ်အကြေးများတွေ့ရှိပါက မသိချင်ယောင်ဆောင်မသွားဘဲ " သူများတွေလဲ ငါ့လိုရွံမှာပဲ " ဟူသောအသိဖြင့် သန့်ရှင်းပေးလိုက်ပါ...။
အဝတ်တန်းများပေါ်မှ အဝတ်စားများ ပြုတ်ကျနေသောအခါ " ငါ့အဝတ်မှ မဟုတ်ဘဲ " ဟု သဘောမ ထားဘဲ ကောက်တင်ပေးလိုက်ပါ...။
မိမိအောက် ဆင်းရဲသောပုဂ္ဂိုလ်များတွေ့ပါက တတ်နိုင်သလောက် ကူညီပါ...။
ဆိုက်ကားစီးသောအခါ ဆိုက်ကားနင်းသူမှာ ကိုယ်ကာယဖြင့် အပင်ပန်းခံလုပ်စားနေရ၏...။ မိမိမှာ အခန့် သားထိုင်စီးနေရခြင်းဖြစ်ရာ " ငါသာဆိုလျှင်" ဆိုသော ကိုယ်ချင်းစာစိတ်ဖြင့် ဆိုက်ကားခကို တန်ရာတန်ကြေး ပေးပါ...။ ပိုတောင်းနေမှန်းသိလျှင်လည်း ပေးနိုင်စွမ်းပါက လှုသည်ဟုသဘောထား၍ ပေးလိုက်ပါ...။
ရေအိမ်တက်သည့်အခါ မိမိရှေ့မှ အသုံးပြုသွားသူသည် ကိုယ့်အညစ်ကြေးကို မဆေးကြောခဲ့ပါက ကဲ့ရဲ့အပြစ်တင် ဒေါသမထွက်ဘဲ " ငါ့ကို ကုသိုလ်ပေးနေတာပါလား " ဟု သဘောထားပြီး သန့်ရှင်းပေးလိုက်ပါ...။
ထိုကောင်းမှုများကို လူသိမည်တော့မဟုတ်ပေ။ မသိစေခြင်းပင်လျှင် ကိုယ့်စိတ်အရည်သွေးကို မြှင့်နေခြင်းဖြစ်ပါ၏...။ ဤသို့ဖြင့် မိမိ၌ ကောင်းစိတ်များဖြစ်ပွားအောင် လေ့ကျင့်ယူပါ...။
စာရေးသူတို့ကျောင်းသို့ ထမင်းကျန်ဟင်းကျန်များ တောင်းရမ်းစားသောက်တတ်သော ကလေးငယ် များ ရောက်လာတတ်၏...။ ကျန်သည့်နေ့တွင် ပေးနိုင်သော်လည်း မကျန်သည့်နေ့များတွင် သူတို့နှင့် အရောတဝင် စကားပြောကာ အရေးတယူဆက်ဆံပြလိုက်ပါသည်...။ အားငယ်နေသော သူတို့၏ဘဝတွင် လူကြီးတစ် ယောက်၏ အရေးတယူပြုမူဆက်ဆံမှုကို ခံချင်ကြရှာမည်သာ ဖြစ်သည်...။ မေတ္တာကို လက်ဖြင့်မဖော်ကျူးနိုင်လျှင် နှုတ်ဖြင့်ဖော်ကျူးပါ...။
တချို့သော သားသမီးများသည် " တလကို ငွေမည်မျှပေးမည်၊ မည်သို့ ကျေးဇူးဆပ်မည်" ဟု လေလုံး ကြီးကြီးဖြင့် ပြောတတ်ကြသော်လည်း လက်တွေ့တွင် မိဘစိတ်ချမ်းသာအောင် မထားနိုင်ပေ..။ မိဘကို တစ်ပြား တစ်ချပ်မှ မထောက်ပံ့နိုင်လျှင်ရှိပါစေ၊ မိဘစိတ်ချမ်းသာအောင် နေထိုင်ပြခြင်းသည် အကောင်းဆုံး မေတ္တာဖြင့် ကျေးဇူးဆပ်ခြင်း မဟုတ်ပါလား။ ရသည့်အခြေနေမှစ၍ မေတ္တာစိတ်ကိုမွေးပါ...။
စာရေးသူတို့သည် မိမိ၏ စိတ်ယုတ်၊ စိတ်ပုပ်များကို တခြားနေရာများတွင် ဟန်ဆောင်နိုင်ကြသော်လည်း ဆွမ်းစားဝိုင်းတွင်မူ ပေါ်တော့ပေသည်..။ ဟင်းခွက်ကောင်းကောင်းဆိုလျှင် အကြိမ်ကြိမ်ကြည့်နေပြီး သူ များထက်ဦးအောင် ထည့်လိုက်ရမှ ကျေနပ်သည်..။
ရန်ကုန်မြို့ ရိပ်သာကြီးတစ်ခုတွင် တရားစခန်းဝင်စဉ်က ဆွမ်းဘုဉ်းသောအခါ တစ်ဝိုင်းတွင် ငါးပါးကျ ထိုင်ရ၏...။ ဆွမ်းဘုဉ်းပေးပြီး၍ အချိုပွဲချသောအခါ သီးမွှေးငှက်ပျောသီးမှာ လေးလုံးဖြစ်နေသည်...။ တစ်ပါးစာ လိုနေ၏..။
မိမိသည် အရင်ဦးဆုံးတစ်လုံးယူ၍ နံဘေးရှိ မန္တလေးမှ ကိုယ်တော်အား တစ်လုံးယူပေးလိုက်၏။ ထို ကိုယ်တော်သည် မဘုဉ်းသေးဘဲ ပြန်ချထားလိုက်၏...။ ကျန်ကိုယ်တော်သုံးပါးထဲမှ တစ်ပါးက " ငှက်ပျောသီးမ စား " ဟု ပြောသောအခါမှ ပြန်ယူ၍ ဘုဉ်းပေးလေ၏...။ မိမိရှက်သွားမိပါသည်..။
တရားစခန်း အကြိမ်ကြိမ်ဝင်ပြီး ရုပ်နာမ်ဖြစ်ပျက် ဘယ်လောက်ပြောနေနေ မန္တလေးကိုယ်တော်ကဲ့သို့ စိတ်ဓာတ်မျိုး မိမိမှာ မပြည့်ဝခဲ့...။ အနစ်နာခံလိုစိတ်မရှိခဲ့...။ အစားလောဘကြောင့် သတိမထားနိုင်ခဲ့...။
ထိုစိတ်မျိုးကို လေ့ကျင့်၍ ဖျောက်ဖျက်ပစ်ရမည် ဖြစ်သည်...။ မေတ္တာစိတ် စစ်မှန်လျှင် လူချစ်လူခင်ပေါ စေရန် ဒေးကာနက်ဂျီ၏ မိတ္တဗလဋီကာ ဖတ်နေစရာမလိုပေ...။
တစ်ခါက စာရေးသူ၏ ခြေရင်းအခန်းမှ ကိုရင်ငယ်တစ်ပါး ငှက်ဖျားရောဂါဖြစ်နေ၏...။ ငှက်ဖျားဆေးဝါး ဒဏ်ကြောင့် ကိုရင်ခမျာ ည ၂ - နာရီလောက်တွင် အန်နေ၏...။ အမေတ၍ တရှုပ်ရှုပ်ငိုနေ၏...။ သူနှင့်တခန်း တည်းနေသော ကိုရင်မှာ မနိုးသလို အခြားအခန်းမှ ကိုယ်တော်များလည်း မနိုးကြပေ..။
မိမိသည် အိပ်ရာပေါ်မှ အသံကြားနေသော်လည်း အိပ်ချင်စိတ်အားကြီးနေ၍ ပြန်အိပ်မည်ဟု ကြံပြီးခါမှ ဖျတ်ခနဲ လန့်သွားပါသည်...။ ကိုယ့်ကိုယ်ကိုလည်း တော်တော်အပြစ်တင်လိုက်မိ၏...။
" မိဘဆွေမျိုးများနှင့် ကင်းဝေးနေသော ကိုရင်ခမျာ နေမကောင်းဖြစ်ချိန်၌ အားငယ်နေမည်ပေါ့...။ ဒါကို သိနေလျက်နှင့် မသိချင်ယောင်ဆောင်ရဲသော မိမိစိတ်သည် အတော်အောက်တန်းကျသည့် စိတ်ပါကလား " ဟု ဆင်ခြင်မိသည်...။
အိပ်ရာပေါ်မှလူးလဲထ၍ ကိုရင့်အခန်းထဲဝင်သွားသောအခါ ခုတင်အောက်တွင် အန်ဖတ်အဖွေးသား ချွေးတရွှဲရွှဲဖြင့် ဒုက္ခရောက်နေသော ကိုရင်ကိုတွေ့လိုက်ရသည်...။ " ငါ တော်တော် မေတ္တာခေါင်းပါးပါလား " ဟု ထပ်အပြစ်တင်မိပြန်သည်...။
ကိုရင်၏ အန်ဖတ်ကျုံး၊ ရေတိုက်၊ ချွေးသုတ်၊ သင်္ကန်းလဲပေး၊ အားပေးစကားပြောပြီး ကိုရင်သက်သာ၍ ပြန်အိပ်သွားသောအခါမှ ခြင်ထောင်ချပေးပြီး မိမိအခန်းသို့ ပြန်လာခဲ့၏...။
ထိုအဖြစ်ပျက်ကို ယခုအချိန်ပြန်တွေးမိသောအခါ ပီတိဖြစ်ရ၏...။ မိမိသည် ကိုယ်ရည်သွေး၍ " ကိုယ့် ဂုဏ်ကိုယ်ဖော် မသူတော် " လုပ်နေခြင်း မဟုတ်ပါ...။ ဤသို့ အချိန်မီ စိတ်ကောင်းလေးဝင်ရောက်လာခြင်း အ ကြောင်းကို ပြောချင်၍ ဖြစ်ပါသည်...။ စာရေးသူလည်း နေရာတကာ စိတ်ကောင်းမထားနိုင်သးပါ...။ လေ့ကျင့်နေဆဲ ဖြစ်ပါသည်...။
စာရေးသူ၌ အချိန်မီစိတ်ကောင်းဝင်ရောက်လာခြင်းသည် မြတ်စွာဘုရားရှင်၏ ဂိလာနရဟန်းအား ကိုယ်တိုင်ပြုစုပုံကို သိထား၍လည်းကောင်း၊ မြန်မာနိုင်ငံ သာသနာ့သမိုင်း၌ ထင်ရှားခဲ့ကြသော လယ်တီဆရာ တော်၊ ဆရာတော် အရှင်ဇနကာဘိဝံသတို့၏ ထေရုပ္ပတ္တိကို ဖတ်ဖူးထား၍လည်းကောင်း ဖြစ်ပါသည်...။ စာရေးသူ ၏ အဖြစ်ပျက်ကို ဖတ်မိလျှင်လည်း စိတ်ကောင်းကလေးများ ဝင်ရောက်နိုင်ပါသေးဟု ရည်ရွယ်၍ ဖော်ပြရခြင်း ဖြစ်ပါသည်..။
လယ်တီဆရာတော်၏ မေတ္တာကရုဏာကြီးမားပုံမှာ အံ့ဖွယ်သရဲဖြစ်ပါသည်...။ တစ်ခါသော် လယ်တီ တိုက်နေ ကိုယ်တော်တစ်ပါး ဝမ်းလျှောရာ သီတင်းသုံးဖော် သံဃာတော်တို့မှာ အနားမကပ်ရဲဘဲ ရှိကြ၏...။
ဤအကြောင်းကို လယ်တီဆရာတော်ကြီးသိသောအခါ ထိုဝမ်းလျောနေသော ရဟန်းငယ်ထံသို့ ကိုယ် တိုင်သွားရောက်ပြုစုစောင့်ရှောက်၏...။ ရဟန်းငယ်၏ မစင်လူးနေသော သင်္ကန်းနှင့်စောင်တို့ကို လျှော်ဖွပ်ရန် ရေချိုးအိမ်သို့ ယူဆောင်တော်မူခဲ့သည်....။ မစင်နံ့မှာ များစွာ ညှီစော်နံနေသဖြင့် သည်းမခံနိုင်ဖြစ်ပြီး တွန့်ဆုတ် သွားခဲ့၏...။
ထိုအခါ စိတ်ကိုတင်းပြီး " ဟယ်….စိတ်၊ ငါ့အားလှည့်စားသလော " ဟု ဆိုပြီး မစင်လူးနေသောသင်္ကန်း တို့ဖြင့် မိမိကိုယ်ကို ပွတ်တိုက်တော် မူလေ၏။ ဤမေတ္တာမျိုးကား ရှာလေရှားမည့် မေတ္တာမျိုးဖြစ်၏...။
ဆရာတော်ဇနကာဘိဝံသသည်လည်း ဂျပန်ခေတ်တွင် ဂန္ဓာရုံကျောင်း၌ ကိုရင်ဉာဏောဒယနှင့် ဆရာ တပည့် နှစ်ပါးတည်းရှိရာ အခါတစ်ပါး၌ ကိုရင်ဖျားလေ၏...။ စစ်အတွင်းကာလဖြစ်၍ မည်မည်ရရ ဆေးဝါးလည်း မရှိချေ...။ ကွမ်းရွက်ပြုတ်ရည်လေးတိုက်၍ တတ်သမျှဖြင့် ကုသော်လည်း အဖျားမကျပေ...။
ထိုအခါ ဆရာတော်သည် ကိုရင်ကိုမှောက်ခိုင်း၍ " ငါ့မှာတာဝန်ရှိတယ်ကွ၊ ဘုရားဟော မဟာခန္ဓကထဲ မှာ တပည့်နေမကောင်းရင် ဆရာက နင်းနှိပ်ပြုစုရမယ်လို့ပါတယ် " ဆိုပြီး နင်းပေးလေသည်...။
ကိုရင်မှာ ဆရာတော်၏ ကိုယ်အလေးချိန်ကို ကြိတ်မှိတ်ခံရင်း ချွေးများတပြိုက်ပြိုက်ကျလာပြီး အဖျား သက်သာသွားလေသည်...။
ဤကဲ့သို့ မေတ္တာကရုဏာကြီးမားသော ဆရာတော်များကို စာရေးသူတို့ အတုယူရပေမည်...။ ဝုန်းဒိုင်းကြီး ချက်ချင်းမရနိုင်သေးသော်လည်း တဖြည်းဖြည်းအသေးအဖွဲမှစ၍ လေ့ကျင့်ယူလျှင် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုသော ဗြဟ္မဝိဟာရတရားသည် မိမိသန္တာန်၌ အားကောင်းလာနိုင်မည် ဖြစ်ပါကြောင်း…။
သာဓု သာဓု သာဓုပါဘုရား
🙏🏻🪷🙏🏻🪷🙏🏻🪷
မူရင်း👉𝐂𝐫𝐞𝐝𝐢𝐭
#ဓမ္မမီးအိမ်