Thursday, 5 August 2021

Back to the years… and now

 




လွန်ခဲ့သောနှစ်များစွာက ဓါတ်ပုံအဟောင်းတွေကိုပြန်ကြည့်ဖြစ်တယ်.....။  2011-2014 ကျွန်မအသက် 36-39 နှစ်အရွယ်တွေမှာ ရိုက်ခဲ့တဲ့ ပုံတွေက ဘဝမှာကြည့်အကောင်းဆုံးပုံတွေလို့ ကိုယ့်ဘာသာမှတ်ချက်ချမိတယ်...။ အဲဒီနှစ်တွေတုန်းက ဖြတ်သန်းမှုတွေမှာ ကြည်လင်လန်းဆန်းမှုတွေ လွတ်လပ်မှုတွေ ဆွတ်ပျံ့ကြည်နူးဖွယ်ရာတွေနဲ့ ပြည့်သိပ်နေတဲ့အချိန်ဆိုတာကို သွားတွေ့တယ်....။ လူတွေရဲ့ စိတ်ခံစားမှုဟာ မျက်နှာမှာ 80% လောက်ထင်ဟတ်စေတာပဲ....။ သော့ချက်ကတော့ "ချစ်ခြင်းမေတ္တာ" ပါပဲ....။ အဲအချိန်တုန်းက သတိမထားမိခဲ့ပေမယ့် အဲဒီနှစ်တွေဆီကို အခုပစ္စုပ္ပန်ကနေလှမ်းကြည့်တဲ့အခါ ပိုပြီး ထင်သာစွာ  မြင်ရတယ်.....။

ဒါပေမယ့်လည်း အဲဒီတုန်းက အချိန်မျိုးအခုပြန်လိုချင်လားလို့မေးရင်တော့.... ဟင့်အင်း မလိုချင်တော့ဘူး...။ လူတစ်ယောက်ရဲ့ ဘဝအပိုင်းအခြားဆိုတာ သူ့အကြောင်းတရားနဲ့သူ ဘယ်ချိန်ဘယ်သူနဲ့ဆုံတွေ့ ကွေကွင်း ပေါင်းစည်းရမယ်ဆိုတာ ပါလာပြီးသား....။ ဖန်တီးယူချင်တိုင်း ယူလို့ရတာမဟုတ်ဘူး.....။ ခုလက်ရှိအချိန်မှာလဲ သူ့လက်ရှိအတိုင်းပဲ ဖြစ်ပျက်ပါစေ...။ ခုပျော်နေပေမယ့် နောက် စက္ကန့်ပိုင်း မိနစ်ပိုင်းမှာပဲ ဘာဝမ်းနည်းစရာတွေကြားရ ကြုံရမယ်ဆိုတာ  ဘာမှအတတ်မပြောနိုင်ဘူး...။ ဘာမှမသေချာ မရေရာတဲ့ ဘဝကြီးပဲ...။ မျှော်လင့်မထားတဲ့ ကြီးမားတဲ့ ဖြစ်ပျက်ပြောင်းလဲမှုတွေကို ကြည့်ပြီး သံဝေဂတွေ ရသထက်ရနေတာ....။

တကယ်ဆို ကျွန်မတို့မှာ အချိန်သိပ်မရှိတော့ဘူး ဘယ်နေ့ဘာဖြစ်မယ် မသိတဲ့ဘဝမှာ ဘယ်သူ့ကိုမှ အမုန်းမပွား ရန်မလိုဘဲ မေတ္တာတရားတွေနဲ့ လူတိုင်းအပေါ်ကို Positive thinking နဲ့ပဲ တွေးမြင်ကြစေလိုတယ်....။ ကိုယ့်ရန်သူကိုမှလည်း အမုန်းမပွားစေချင်ဘူး....။ ပုထုဇဉ်အနေနဲ့ ခက်ခဲမယ်ဆိုတာသိပါတယ်....။ ဒါပေမယ့် ကြိုးစားကြည့်ပါ....။ မေတ္တာတရားတွေနဲ့ နေထိုင်ကြည့်ပါ အရမ်းကို အေးချမ်းတာကို ကိုယ်တွေ့ခံစားရမှာ....။ 

ခုကာလမှာ အသိမိတ်ဆွေထဲကရော အမျိုးမကင်းသူတွေထဲကရော လုပ်ဖော်ကိုင်ဖက်တွေထဲကရော ဟိုလူ့အဖေဆုံးပြန်ပြီ ဒီလူ့အမေဆုံးပြန်ပြီ ဟိုလူကတော့အောက်စီဂျင်ကျနေလို့ ဒီလူကတော့အနံ့တွေပျောက် တချို့ကျတစ်အိမ်လုံးဖျားနေကြပြီနဲ့ အမျိုးစုံကြားနေရတာ တကယ်စိတ်မချမ်းသာရဘူး....။ ကိုယ်တိုင်ကလဲ အိမ်ထဲအိမ်ပြင်တတ်နိုင်သလောက်မထွက်တော့ အိမ်ကနေ ဘာတွေလုပ်ပေးနိုင်လဲလို့စဉ်းစားကြည့်တော့ အွန်လိုင်းကနေ သူတို့လိုအပ်တဲ့ အစားအသောက်တွေ မှာပေးတာတို့ လိုအပ်တဲ့ဆေးတွေရနိုင်တဲ့နေရာတွေစုံစမ်းပေးတာတို့  အောက်စီဂျင်အိုးတွေငှားပေးတာတို့ကို တတ်နိုင်သလောက်လုပ်ပေးဖြစ်တယ်....။ ညဖက် ဘုရားရှိခိုးအမျှဝေပြီး တရားထိုင်တဲ့အချိန်မှာ မေတ္တာဓါတ်လွှတ်ပြီးဖြန့်တာ လုပ်ပေးဖြစ်တယ်....။ ကိုယ်ဆုတောင်းမေတ္တာပို့ပေးချင်တဲ့သူရဲ့ နာမည်ကို စိတ်ထဲကခေါ် မျက်နှာကိုမြင်ယောင်ပြီး ကျန်းမာပါစေ ချမ်းသာပါစေ ကိုးဗစ်ကပ်ရောဂါကိုလည်း တည်တည်ငြိမ်ငြိမ်နဲ့ ကျော်ဖြတ်နိုင်ပါစေလို့ သေချာအာရုံပြုပြီး မေတ္တာပို့ပေးတာလုပ်ဖြစ်တယ်....။ အနည်ဆုံးငါးပါးသီလမြဲပြီး သမာဓိကောင်းရတယ်...။ နေမကောင်းဖြစ်နေကြတဲ့ အသိမိတ်ဆွေ သုံးလေးအိမ်ကိုလုပ်ပေးတာ သုံးရက်မြှောက်မှာပဲ Feedback လေးသိချင်လို့ ဖုန်းဆက်မေးတော့ အဖျား ၁၀၄ နဲ့ ဝမ်းလဲလျှော အောက်ဆီ ၈၀ အောက်ရောက်လို့ ရှူနေရတဲ့ အန်တီကြီးက အောက်စီဂျင်လွတ်ပြီး တော်တော်ပြန်သက်သာလာတယ်....။ သူငယ်ချင်းအမေကျတော့အနံ့ပျောက် အောက်စီမကျ အဖျားမရှိ အသက်ရှစ်ဆယ်ကျော် ဘာအစားမှမစား ကျွေးမရ မျော့မျော့လေးဖြစ်နေတာ အဲအန်တီလဲ အခုပြန်လန်းလာပြီး ငှက်သိုက်တွေ Ensure တွေသောက်နိုင်နေပြီ....။ နောက်တစ်အိမ်လုံးဖျားနေတဲ့ မောင်လေးတစ်ယောက်ရဲ့မိသားစုလည်း အဖျားပြန်ကျသွားကြတာကို သိရတော့ တကယ်ဝမ်းသာပီတိဖြစ်သွားခဲ့တယ်.....။ ကိုယ်ပို့ပေးတဲ့ မေတ္တာတွေက Effective တကယ်ဖြစ်တာပဲလို့....။ သူတို့ရဲ့ ကံတရားနဲ့ အချိန်မတန်သေးတာလဲပါမှာပါ ကျွန်မတဖက်တစ်လမ်းက ပို့ပေးနိုင်တဲ့မေတ္တာဆိုတာ ကံအကူတစ်ခုအနေနဲ့ပဲလေ....။ သေခြင်းတရားကိုတော့ လူတိုင်းပြေးမလွတ်။

ဒီနှစ်လည်းဝါတွင်းသုံးလ သက်သတ်လွတ်စားဖြစ်တယ်.....။ ခုချိန်မှာ အသားစားမှ အဟာရရှိတာစားမှ ကိုယ်ခံအားကောင်းမှာလို့ပြောနေကြပေမယ့်.... ကျွန်မကတော့ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်စားတာပါ....။ ကိုယ့်ကိုယ်ကို ဘယ်လိုအဟာရဖြည့်တင်းရမယ် ကိုယ်ခံအားကောင်းအောင်ဘယ်လိုလုပ်ရမယ်ဆိုတာ သိနေရင် စောင့်ရှောက်နိုင်ပါပြီ...။ အသားငါးရှောင်ရင် ကိုယ်စောင့်နတ်တွေ နတ်ကောင်းနတ်မြတ်တွေ နိမိတ်ပြပေးတတ်တယ်ဆိုတာ ဟုတ်လားမသိ....။ ဟိုတလောက ဆွေးမကင်းမျိုးမကင်းထဲက အသက်ရှစ်ဆယ်ကျော်အဖိုးကြီးတစ်ယောက် မဆုံးခင်မနက် မိုးမလင်းခင်က အိပ်မက်ထဲမှာ အနက်ရောင်တွေချည်းဝတ်ထားတဲ့ လူတစ်စုကိုမြင်မက်တယ်....။ မနက် ခုနှစ်နာရီခွဲတော့ နာရေးသတင်းကြားရတယ်....။ တိုက်ဆိုင်တာလဲဖြစ်နိုင်ပါတယ်...။ ကျွန်မရဲ့ Lucky Color က အနက်ရောင်ဆိုတော့ ကျွန်မအိပ်မက်ထဲက အနက်ရောင် Suit တွေဝတ်ထားတဲ့ သားသားနားနား စတိုင်လ်မိုက်မိုက်ဘဲကြီးတွေက ကျွန်မရဲ့ ကိုယ်စောင့်နတ်တွေလဲဖြစ်နိုင်ပါတယ်...။ တချို့က Bow တောင်တပ်ထားသေး....။  ပြောချင်တာက ကျွန်မ နိမိတ်တွေကို ကြိုမြင်မက်တတ်ခဲ့ဖူးတာ အရင်ရွှေဝါရောင်အရေးခင်းမဖြစ်ခင်လပိုင်းလောက်က ဗိုလ်ချုပ်လမ်းနဲ့ ဆူးလေမှာဖြစ်ပျက်ခဲ့တဲ့ပုံတွေကို အိပ်မက်ထဲမှာကြိုမြင်ခဲ့ဖူးတယ်....။ တကယ်အပြင်မှာ အဲတိုင်းဖြစ်တာကိုသိရတော့ တကယ်ထိတ်လန့်သွားခဲ့ရတယ် အဲတုန်းက....။ မကောင်းတာပဲကြိုသိရမယ်ဆိုရင်တော့ နိမိတ်တွေကိုကြိုမသိချင်ပါဘူး...။ 


ကျွန်မဘလော့ကို စာဖတ်သူ တစ်ယောက်က 2018 တုန်းကတင်ခဲ့တဲ့ ပို့စ်အဟောင်း တစ်ခုကိုလာဖတ်သွားတာတွေ့တယ် ....။ အဲတုန်းက June လလောက်မှာ ကျွန်မ အနံ့ပျောက်လို့ ကိုယ့်ဘာသာကိုယ်ဘယ်လိုတွေကုခဲ့ရသလဲဆိုတာတွေရေးတင်ခဲ့ဖူးတယ်....။ အခုဖြစ်ပျက်နေတာတွေနဲ့ တထေရာထဲပဲ ဂျင်းပြုတ်ရည်သောက်ရတာ ငှက်သိုက်တွေသောက်ရတာစတဲ့ ကုထုံးတွေအကုန်ပဲ.....။ ကျွန်မ ဒီဝေဒနာတွေကို လွန်ခဲ့တဲ့သုံးနှစ်ကတည်းက ကြိုဖြစ်ခဲ့ဖူးတာပဲလို့တွေးဖြစ်သွားခဲ့တယ်....။ အဲတုန်းက ပို့စ်နှစ်ခုကို အောက်မှာလင့်ပြန်ချပေးခဲ့မယ်နော် ပြန်ဖတ်ချင်ရင်...။


ဘလော့မောင်နှမတွေထဲကရော ဘယ်သူတွေနေမကောင်းဖြစ်လဲ ကျွန်မက ဖေ့စ်ဘုတ်မသုံးတော့ သူတို့နဲ့အဆက်သွယ်မရှိ တီတင့်နဲ့တော့ ဟိုတလောက Telegram မှာ နှုတ်ဆက်ဖြစ်တယ်....။ မယ်နှိုင်းလဲ နေမကောင်းဖြစ်တာ ခုပြန်ကောင်းနေပြီ ကိုညိမ်းနိုင်လဲ Recovery ပြန်ဖြစ်နေပြီ ....။ P ဖြစ်ပြီး Antibody ထွက်သွားရင် ခြောက်လလောက်က ဗိုင်းရပ်စ်မကူးနိုင်သေးဘူးဆိုပေမယ့် ....အားနည်းနေချိန်မို့ ရောဂါအခံရှိသူတွေ ပိုပြီး ဂရုတစိုက်ရှိပေးပါ....။ ကိုယ်ခံအားတက်အောင်နေထိုင်စားသောက်ပါ သိပ်ပင်ပန်းတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေမလုပ်ပါနဲ့ဦး စိတ်ကိုပျော်ရွှင်အောင်နေပါ အနားကောင်းကောင်းယူပါလို့ မှာချင်ပါတယ်....။

ကျွန်မကတော့ အမျိုးအရင်းတွေရဲ့နည်း (ဗီယက်နမ်နည်း)ဖြစ်တဲ့ လက်ဖက်ရည်ကြမ်းထဲ သံပုရာသီးတစ်ဝက်လောက်အခွံပါထည့်ပြီး ရေနွေးဆူဆူခတ် အဲဒီလက်ဖက်ရည်ကြမ်းကို တစ်နေကုန် ရေနွေးထပ်ထပ်ဖြည့်ပြီးသောက်တယ်....။ ကိုးဗစ်ပျောက်တဲ့ဆေးတော့မဟုတ်ပေမယ့် ကာကွယ်တဲ့နည်းလေးပါ ကိုယ်ခံအားတက်စေတယ် Antioxidant ဖြစ်တယ်....။  ကာကွယ်ဆေးထိုးတယ်ဆိုတာကလဲ အချိန်ကာလအပိုင်းအခြားတစ်ခုထိပဲခံတာ ဆိုတော့….။ ရေများများလဲသောက်ပေးတယ် သက်သတ်လွတ်စားသူမို့ ပဲတွေစားပေးတယ် ဟင်းရည်က အရိုးပြုတ်ရည်သောက်မရတော့ အရွက်ပြုတ်ရည်တွေသောက်ပေးတယ်....။ ရှမ်းဟင်းစားနေကျမို့  မုန်ညင်း ဇူကာညွှန့် ဖရုံသီး ဗူးညွှန့် ဟင်းနုနွယ် အဲလိုအရွက်တွေကို ပဲပုတ် ကြက်သွန်ဖြူ ဂျင်း ငရုတ်သီးစိမ်းလေးထောင်းပြီးခတ်ထည့်တဲ့ ဟင်းရယ်ပူပူလေးတွေလုပ်သောက်ဖြစ်တယ်....။ 

ဒီပို့စ်ကို မနေ့က ဖုန်းနဲ့ထိုင်ရေးတာ အပြီးသတ်နေပြီ အဲဒါလက်နဲ့သွားထိမိပြီး အကုန်ပျောက်သွားတာ...။ ဒါနဲ့ အစအဆုံး အသစ်ပြန်ရေးရတယ်....။ အရင်လိုစိတ်နဲ့ နှမြောတသတာတွေဘာတွေ သိပ်မဖြစ်တော့ဘူး....။ ပျက်သွားလဲ အသစ်ပြန်ရေးလို့ရတာပဲ အဓိကအကြောင်းအရာကသိပြီးသား အရေးအသားနဲ့စကားလုံးတွေပဲ နဲနဲပြောင်းသွားမယ်....။ အဲဒါပဲ လောကမှာ ဘာမှမတည်မြဲဘူးဆိုတာ.....။ ဘာပဲဖြစ်ဖြစ်အကောင်းဖက်ကနေ တွေးတော ဆုံးဖြတ်ဖြစ်သွားခဲ့တဲ့အကျင့်မို့လို့ ကိုယ့်ကိုယ်ကို ကျေနပ်တယ်....။

ဒီကပ်ရောဂါဆိုးကြီးက ဘယ်တော့ပြီးဆုံးသွားမလဲမသိနိုင်သေးဘူး အခုကြားရတာတော့ အစဖြစ်ခဲ့တဲ့ တရုတ်ပြည် ဝူဟန်ကို Delta ကြီးက ဝင်မွှေနေလို့ သူတို့တစ်မြို့လုံး လူဦးရေ ငါးသိန်းလောက်ကို ဆေးစစ်တာတွေ တချို့ နေရာတွေကို lock down တွေချနေပြီတဲ့....။ မြန်မာပြည်မှာတော့ တတိယလှိုင်းနဲ့စတုတ္ထပေါင်းမိသွားပြီလဲပြောတယ်...။ ခုနောက်ဆုံးရသတင်းကတော့ Delta Plus တဲ့ ကိုးရီးယားမှာ စဖြစ်နေပြန်ပြီတဲ့....။ အောင်မလေး.... ဘယ်တော့မှ ပြီးဆုံးမလဲမသိတော့ပြီ....။ လှိုင်းဆိုတာ အမြင့်ဆုံးရောက်ရင် အောက်ကိုပြန်ကျရစမြဲပဲမို့ ကြံ့ကြံ့ခံထားကြပါ.....။ ပြီးတော့ အဦးဆုံးစဖြစ်ခဲ့တဲ့ ဝူဟန်ကို ဗိုင်းရပ်စ်က တစ်ပတ်လည်ပြန်ရောက်သွားတာဟာလဲ အဆုံးသတ်ဖို့ ဖြစ်နိုင်ပါတယ်..(ကျွန်မရဲ့ တကိုယ်စာအတွေး)....။

အားလုံးကျန်းမာ ချမ်းသာကြပါစေ ကပ်သုံးပါးမှလဲ ကျော်လွှားနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်.....။


_______________________
Revolution will prevail
မိုးငွေ့

No comments: