(ဩဂုတ်နဲ့ ဝါနေတဲ့ လိပ်ပြာတွေ) ဆရာမျိုးဆွေသန်းရဲ့ Facebook ကနေကူးလာတာ.....
ဩဂုတ်လရောက်တာနဲ့ ဗလာစာအုပ်လေးထဲမှာကြိုက်လို့ ကိုယ့်လက်ရေးနဲ့ကိုယ် ကူးရေးထားတဲ့ စာမျက်နှာတစ်မျက်နှာထဲမှာ ကူးမိတဲ့ "မြစ်ကုန်သည်ရဲ့ ဇနီး" နဲ့ ရဝေရှင်ထွေးရဲ့"ကြာတော့သည်လည်း မောင့်စကား"က အလိုလိုမှ အလိုလိုကို သတိရလာတော့တာပါပဲ။
(မြစ်ကုန်သည်ရဲ့ ဇနီး . . . . ပေးစာ)
ကျွန်မဆံပင်ကို နဖူးမှာတန်းလန်းဖြတ်ရဆဲပဲ ရှိစဉ်က
ကျွန်မရှေ့တံခါးမှာ ကစားခဲ့တယ် ပန်းတွေနှုတ်တမ်း
ရှင်ရောက်လာတယ် ဝါးလုံးနဲ့ထောက် မြင်းစီးတမ်း
ကျွန်မထိုင်တဲ့နား လျှောက်လာ၊ ဆီးသီးပြာပြာနဲ့ ကစား
ကျွန်မတို့ ချိုကန်ရွာမှာ ဆက်နေခဲ့ကြတယ်
လူသားငယ်နှစ်ဦး အမုန်းမဲ့ သံသယမဲ့။
တစ်ဆယ့်လေးမှာ
ကျွန်မရှင့်ကို သခင့်ကို လက်ထပ်ခဲ့
ကျွန်မ မရယ်ဘူး ရှက်တတ်လို့ ခေါင်းကို ငုံ့ကာ
နံရံကိုကြည့်နေမိ၊ ခေါ်ကြရဲ့ အကြိမ်တစ်ထောင်
နောက်လှည့်မကြည့်ဘူး။
တစ်ဆယ့်ငါးမှာ
ကျွန်မ မျက်နှာ ရှစ်ခေါက်ချိုးမလုပ်တော့ဘူး
ကျွန်မ မြူမှုန်နဲ့ ရှင့် မြူမှုန်နဲ့ နှောစေချင်တယ်
ထာ၀ရ ထာ၀ရ ထာ၀ရသာ၊
ဘာဖြစ်လို့ ကျွန်မ မျှော်စင်တက်ရမှာတုန်း။
တစ်ဆယ့်ခြောက်မှာ ရှင်ခရီးထွက်တယ်
ဝေးလံတဲ့ ကူတိုးအင် ကို
ဝဲဂယက်ချာလည် မြစ်ကသွားတယ်
ရှင်သွားတာ ငါးလ ကြာခဲ့ပြီ
ခေါင်းထက်မှာ မျောက်တွေ
လွမ်းဆွေးဖွယ်အသံပြုနေကြ။
ရှင်ထွက်သွားတော့ ခြေကို ဒရွတ်ဆွဲလို့
တံခါးပေါက်မှာ ခု ရေညှိတက်နေပြီ
ရေညှိမျိုးစုံ ထူလိုက်တာ ခွာလို့မရတော့ဘူး
ဒီဆောင်းဦး စောတယ် သစ်ရွက်ကြွေတာ လေထဲ
လိပ်ပြာမောင်နှံတွေ သြဂုတ်နဲ့ ဝါနေကြ
အနောက်ဥယျာဉ်က မြက်ခင်းပေါ်မှာလေ။
ဒါတွေ ကျွန်မ ထိခိုက်ရ၊ ကျွန်မ အိုသထက် အိုမင်းပေါ့
ကိအန်မြစ်ရဲ့ မြစ်ကျဉ်းကနေ လာမယ်ဆိုရင်
ကျွန်မ ကြိုတင်သိပါရစေနော်
ကျွန်မ ထွက်လာကြိုမယ် ချိုဖူးဆ အထိပဲ။ ။
လီတိုက်ပို (၈ ရာစု)
(၈) ရာစုက တရုတ်ကဗျာကို ဆရာမောင်သာနိုး ဘာသာပြန်တယ်။
ရာစုနှစ်တွေ ခေတ်တွေကို ကျော်ထွက်တဲ့ ကဗျာတွေပဲ ဖြစ်တယ်။ အလွမ်းမှန်အလွမ်းသန်ပုံကိုကြည့်ပါလား၊ ဆီးသီးပြာပြာနဲ့ ကစားတဲ့ လူသားငယ်နှစ်ဦးက အမုန်းမဲ့ သံသယမဲ့ တဲ့။ ဝေးလံတဲ့ ကုတို့အင်ကို ဝဲဂယက်ချာလည် မြစ်ကသွားတော့ခေါင်းထက်မှာ မျောက်တွေ လွမ်းဆွေးဖွယ်အသံပြုနေကြ။ တယ်တဲ့။
အို မျောက်တွေအူတာ က သူ့အလွမ်းကို စေ့ဆော်လိုက်တာလို့မြင်ရတယ်။ ကျွန်မ မြူမှုန်နဲ့ ရှင့် မြူမှုန်နဲ့ နှောစေချင်တယ် တဲ့ အက်တမ်၂ခုကို ပေါင်းချင်တာပေါ့။ လိပ်ပြာမောင်နှံတွေ သြဂုတ်နဲ့ ဝါနေကြ ဒါတွေ ကျွန်မ ထိခိုက်ရပြီး အိုသထက် အိုမင်းရပြီ ကိအန်မြစ်ရဲ့ မြစ်ကျဉ်းကနေ လာမယ်ဆိုရင် ကျွန်မ ကြိုတင်သိ ပါရစေနော်တဲ့ ချိုဖူးဆ အထိ သူထွက်ပြီး လာကြိုပါမယ်တဲ့။ ၈ ရာစုက ကဗျာက အလွမ်းမှန် အလွမ်းသန်လိုက်တာခုထိ လွမ်းရတုန်းပဲ။ နေ့စဉ် သုံးစကားတွေကပဲ သာနေလိုက်တဲ့ အသံတွေ။
ဒီလိုပဲ တောင်ငူခေတ်က မင်းပျို မင်းလွင် အိမ်ရှေ့မင်း နတ်သျှင်နောင်ကို မရဲတရဲ ချစ်ခဲ့ရတဲ့ ရဝေရှင်ထွေးလေးရဲ့ ဝမ်းနည်း မပြေ ဖြစ်ရပုံကိုကြည့်ပါလား......။
ဝမ်းနည်းမပြေ၊ မွေ့ရာရွှေထက်
ကြာခွေသောတူ၊ မယ့်လွမ်းမူကို
ကြင်သူသက်ဝေ၊ မသိလေတည့်
မရွှင်တမ်းစက်၊ အုံ့ပြက်မနည်း
အလွမ်းသည်းအောင်၊
ဆည်းဘိသည်လော၊ မရောလင်းဝါ၊
လျှပ်စစ်ပါ၍
ဖြာတော့သည်လည်း တိမ်ညွန့်ဖျား။
လှပ်လှပ်နွဲ့ရှာ၊ မဉ္ဇူကြာသို့
ဗျာပါထပ်ပွား၊ လွမ်းခြင်းများကို
ထားရစေတော့၊ လျော့ကြီးလျော့မှ
ရွှေလျော့အသွင်၊ ရာတင်ဆယ်ပြန်၊
မယုတ်လွန်သို့ စေကျွန်မလာ၊
နှုတ်ဆင့်မှာ၍
ကြာတော့သည်လည်း မောင့်စကား။
( ရဝေ ရှင်ထွေး )တောင်ငူခေတ်
ခေတ်မှမလိုတာပဲ......။
ကဗျာ ၂ ပုဒ်စလုံးက ရှင်းပြမှ ရှုတ်နေဦးမယ်။ ရဝေရှင်ထွေးကလည်း ဒီနေ့ ၂၁ရာစု ရောက်သည်ထိဝမ်းနည်းမပြေတာက ကြာတော့သည်လည်း မောင့်စကား ဆိုတာနဲ့တင်လုံလောက်ပြီး ခေတ်အဆက်ကို ဖြတ်သန်းကာ သူ့အလွမ်းတွေကို သယ်ဆောင်ပေဦးတော့မယ်။
ဩဂုတ်လရောက်တာနဲ့ လိပ်ပြာတွေဟာ ဩဂုတ်နဲ့ ဝါနေကြ တဲ့ (၈) ရာစုက လီတိုက်ပိုရဲ့ မြစ်ကုန်သည်ရဲ့ ဇနီးနဲ့ အလွမ်းသည်းအောင်ရွာနေတဲ့မိုးက လျှပ်စစ်ပါစွက်ပြီး ဖြာတော့သည်လည်း တိမ်ညွန့်ဖျားကိုကြည့်ပြီး ကြာတော့သည်လည်း မောင့်စကားလို့ ရေရွတ်နေရှာတဲ့တောင်ငူ ခေတ်က ရဝေရှင်ထွေး လေးကို အလွမ်းမှန် အလွမ်းသန်တွေပါလားလို့ အလိုလိုမှ အလိုလိုကို သတိရလို့ လာတော့တာပါပဲ။
#စာအုပ်ထဲမှာကူးရေးထားမိတဲ့ကဗျာတွေ
( ဒီဇိုင်း မျိုးဆွေသန်း )