ပထမလှိုင်း Home Stay တုန်းက အများဆုံးလုပ်ဖြစ်တာက သီချင်းနားထောင်တာ....။ Joox ထဲဝင်မွှေပြီး တက်သစ်စ Rock နဲ့ Hip hop အဆိုတော်တွေရဲ့ သီချင်းတွေကို တော်တော်များများနားထောင်ဖြစ်ခဲ့တယ်....။ ခု ဒုတိယလှိုင်းမှာအများဆုံးလုပ်ဖြစ်တာက.... You Tube ကြည့်တယ်....။ You Tube က ထိုင်းဇာတ်လမ်းတွဲတွေ အများကြီးကြည့်ဖြစ်တယ်....။ ပြီးတော့ ကျွန်မက ဖဘမဖွင့်ထားတော့ soulmateက ကျွန်မပျင်းမှာစိုးလို့ သူ့အကောင့်ပေးသုံးထားတာနဲ့ သူ့ထဲက ဖဘ video လေးတွေကို အများကြီးဝင်ကြည့်ဖြစ်တယ်....။ ဖဘကို ခုမှပြန်ဝင်ကြည့်ဖြစ်တော့ ကျွန်မဟာ ခုခေတ်စကားအရ တာဇံဖြစ်ချင်ဖြစ်နေဉီးမှာမို့ သိပြီးသားအကြောင်းအရာများကို လာပြောမိရင်လည်း ခွင့်လွှတ်ပေးကြပါလို့....။
Hit အဖြစ်ဆုံးက ဖြူဖြူထွေး တစ်နေ့ကို ကြော်ငြာအနည်းဆုံးတစ်ခုနှုန်းနဲ့ ကိုဗစ်ကာလမှာ ဝင်ငွေအရှာနိုင်ဆုံး အသက်ငယ်ငယ်နဲ့ ကြိုးစားအားထုတ်မှု လုံ့လဝီရိယရှိမှု လူကြီးသူမအပေါ်ဂါရဝထားနိုင်မှု လူလူချင်းစာနာသနားတတ်ပြီး ကူညီထောက်ပံ့ပေးတတ်တဲ့ စိတ်ဓါတ်တွေက သိပ်လေးစားဖို့ကောင်းတယ်....။ ပြီးတော့ ကျွန်မ ဒုတိယအများဆုံးကြည့်ဖြစ်တာက မာမီကွတ်လို့ခေါ်တဲ့ ရှင်ငြိမ်းမယ်ရဲ့ ကလေးတွေရဲ့ တစ်နေ့တာအချိန်လေးတွေကို live လွှင့်ထားတဲ့ ဗီဒီယိုကလစ်လေးတွေပါ....။ ကျွန်မက ပင်ကိုယ် ကလေးတွေကိုချစ်တတ်တော့... မာမီကွတ်ကျွေးမွေးစောင့်ရှောက်ထားတဲ့ ကလေးတွေကို တစ်နေ့တစ်နေ့ကြည့်မဝဘူး....။ MUMMY COOK FOUNDATION က စွန့်ပစ်ခံကိုယ်ဝန်ဆောင်တွေနဲ့ ကလေးတွေကို ကယ်တင်စောင့်ရှောက်ထားတဲ့နေရာလေးပါ...။ မရှင်ငြိမ်းမယ်က သူကိုယ်တိုင်အပိုင်မွေးထားတဲ့ကလေးအယောက်နှစ်ဆယ်ကျော်ရှိပါတယ်....ဒီနေ့ဒီချိန်ထိ ကိုယ်ဝန်သည်ပေါင်း ငါးရာကျော်ကို ကယ်တင်ခဲ့ဖူးသူတစ်ယောက်ပါ....။ ကိုယ်ဝန်သည်တွေကတော့ သူ့ဆီကလေးလာမွေးတဲ့အချိန်လေးပဲနေကြတာပါ....။ သူက မိဘမဲ့ကလေးဂေဟာမဟုတ်ပါဘူး....။ ရှင်ငြိမ်းမယ်က တကယ့် သံမဏိအမျိုးသမီးတစ်ယောက်ပါ....။ အဲက ကလေးလေးတွေကို တစ်နေ့ကျ လိုအပ်တာလေးတွေ သွားလှူဖို့ စိတ်ဆုံးဖြစ်ထားတယ်....။ နောက်ဖြစ်တာက Thyrayn Kyaw Moe & Christinalim တို့လင်မယားနှစ်ယောက်ရဲ့ ခရီးသွားနဲ့ အိမ်မှာ ဘယ်လိုနေထိုင်စားသောက်ကြတယ်ဆိုတဲ့ RS Vlog တွေကြည့်ဖြစ်တယ်....။ ပြီးတော့ ဆရာမကြီးဒေါ်ခင်နွယ်တင်ရဲ့ ဆေးပညာဗဟုသုတတွေနဲ့ တရားဓမ္မတွေဖတ်ဖြစ်တယ်....။ ဟင်းချက်ပြီး Live လွှင့်တဲ့ ပေ့ချ်တွေကြည့်တယ်....။ မုန့်တွေသိပ်မလုပ်ဖြစ်ဘဲ Movie တွေ ဇာတ်လမ်းတွဲတွေအများကြီးကြည့်ဖြစ်တယ်...။
ပြီးတော့ ဝါတွင်းသုံးလ အဓိဌာန်ပတီးစိပ်ပြီးနောက်ပိုင်း ဝါထွက်တော့ ဘုရားပုံမှန်ရှိခိုးတာ ဂုဏ်တော်ပွားတာ မေတ္တာသုတ်ရွတ်ဖတ်ပူဇော်တာ ခင်ပွန်ကြီးဆယ်ပါးကန်တော့တာနဲ့ တရားထိုင်တာကို နေ့စဉ်လုပ်ဖြစ်သွားတယ်....။ တစ်ပတ်ကို နှစ်ကြိမ်ပဌာန်းအကျယ်ပူဇော်တာလုပ်ဖြစ်တယ်....။ သုံးလသက်သတ်လွတ်စားဖြစ်တော့ ပေါင်ချိန် ဆယ်ပေါင်လောက်ကျသွားတော့ ဘုရားထိုင်ရှိခိုးတာ တရားထိုင်တာ အရင်လိုညောင်းညာတာ ကျင်တာမဖြစ်တော့ဘဲ ပေါ့ပါးလန်းဆန်းပြီး နေလို့ကောင်းသွားတယ်...။ တရားထိုင်တာခုဆို ဝေဒနာကိုမှတ်ရတာ စက္ကန့်ပိုင်းပဲကြာတော့တယ် ပြီးရင် ဘာမှမခံစားရတော့ဘူး အဲလို ခေါင်းစခြေဆုံးအားလုံးရှင်းသွားတော့မှဝင်လေထွက်လေကိုစမှတ်တယ်...။ ဘယ်အလုပ်မဆို မလုပ်ခင် warm up လုပ်ဖို့လိုတယ်....။ တရားမထိုင်ခင် အသက်ရှူသွင်းရှူထုတ်လေ့ကျင့်ခန်းကို လေသန့်တဲ့နေရာမှာ အရင်လုပ်သင့်တယ်....။ ပြီးတော့ အတတ်နိုင်ဆုံး ကိုယ့်မှာရှိတဲ့ မကောင်းတဲ့အကျင့်တွေကို ပယ်ပြီး ကောင်းတာကိုပဲရွေးယူဖို့ ကြိုးစားနေပါတယ်....။ ဒါတောင် စောစောအိပ်စောစောထတဲ့အလုပ်ကိုမလုပ်နိုင်သေးဘူး...။ ညဖက်ဇာတ်လမ်းတွဲတွေကြည့်တာကို ဖြတ်မှရတော့မယ်....။ သေရင်ကိုယ့်နောက်ပါမှာက ကိုယ်ပြုထားတဲ့ ကောင်းမှုကုသိုလ်တွေပဲမဟုတ်လား....။ ဒါက သံသရာအတွက်ပါ.....။ သံသရာကလွတ်မြောက်ဖို့နည်းလမ်းကိုတော့ ခြေလှမ်းစတင်နေပါပြီ ခုကတည်းက ဘာဝနာတွေလုပ်ထားမှ နောင်အဆက်ဆက်ကျရင် ပါရမီပါနေမှာ....။ လုပ်ရမှာကတစ်ခုတည်း ဒါပေမယ့် လူတိုင်းအတွက် ခက်ခဲနေတယ် ဗုဒ္ဓဘုရားလမ်းညွှန်ပြသသွားတာ မကောင်းမှုရှောင် ကောင်းမှုဆောင် စိတ်ကိုဖြူအောင်ထား အဓိကအကျဆုံးကဒါပါပဲ....။
ခုလိုကိုဗစ်ကာလမှာ ကိုယ်လုပ်ချင်တဲ့ စိတ်အလုပ်တွေကို လုပ်ရတာအကောင်းဆုံးအချိန်ပဲ....။ တခြားဘာမှသိပ်လုပ်စရာမရှိ အလုပ်သွားစရာမလိုတဲ့သူတွေအတွက် တကယ့်အချိန်ကောင်းပါ....။ စိတ်ဂယောက်ဂယက်ဖြစ်နေတာတွေ အလကားနေရင်း သတင်းတွေကြည့်ပြီး စိတ်ဖိစီးမှုများနေသူတွေအတွက် စိတ်တည်ငြိမ်ဖို့ စိတ်လေ့ကျင့်ခန်းတွေ အသက်ရှုလေ့ကျင့်ခန်းတွေ ယောဂတွေ လုပ်သင့်တယ်လို့ထင်တယ်...။ အထူးသဖြင့် ဒီကပ်ကာလကြီးမှာ လင်မယားတွေ ကွဲနှုန်းမြှင့်တက်နေတယ်လို့လည်းကြားတယ်....။ ဘယ်မှလည်းသွားမရ ထွက်မရတော့ တစ်နေ့နေ့ မိုးလင်းလာလဲ ဒီမျက်နှာတွေ ဒီလူတွေကိုမြင်ပါများလာတော့ အရင်က သားသမီးတွေက ဒီချိန်ကျောင်းသွားနေတာ မျက်စေ့ရှေ့မရှိတော့ သိပ်မပြောရဘူး....ခုတော့ အချိန်ပြည့် မျောက်လောင်းလေးတွေလို့မြင်လာတယ်....။ ပြောမရဆိုမရလေးတွေဖြစ်လာတယ်...။ အိမ်သူသက်ထား လင်ယောကျာ်းတွေရဲ့ အကျင့်စရိုက်တွေလည်း အသေးစိပ် ကွင်းကွင်းကွက်ကွက်ပေါ်လာကြတယ်....။ အဲဒါပြောချင်တာ လူတွေဟာ တစ်ယောက်ကောင်းကွက်တစ်ယောက်ရှာမယ့်အစား အပြစ်တွေကိုပဲလိုက်မြင်လို့ ခုလိုအခြေနေတွေရောက်ကုန်ကြတာ....။ တစ်ယောက်ကိုတစ်ယောက် မေတ္တာပွားများ ချစ်ခင်ကြပါ ဘဝကနေရမှာ အချိန်တိုတိုလေးကို ဘာလို့ အမုန်းပွားနေကြမလဲ....။ ဗြဟ္မဝိဟာရတရားကိုသာ လက်ကိုင်ထားကြပါ....။ မေတ္တာ ဂရုဏာ မုဒိတာများများ ပွားနိုင်ကြပါ.... မလိုအပ်သည်များကို ဉပေက္ခာပြုလိုက်ပါ...။ လောကမှာ ဘယ်အရာကမှ သူ့အလိုလိုဖြစ်လာတာမဟုတ်ဘူး ...။ အကြောင်းကြောင့်အကျိုးဖြစ်လာတာ ကံ ကံရဲ့ အကျိုးကို ယုံကြည်တယ်ဆိုရင်တော့ သဘောပေါက် မြင်သာလွယ်မှာပါ...။
ခုလောလောဆယ် မြင်တွေ့ကြားသိနေရတဲ့ အသက် ငါးဆယ်ငါးနောက်ပိုင်း ခြောက်ဆယ်ကျော်ဝင်းကျင် အမျိုးသမီး အမျိုးသားတွေဟာ သွေးဆုံးကိုင်ရောဂါကို ကြံ့ကြံ့မခံနိုင်ကြဘဲ စိတ်ရောဂါရတဲ့အဆင့်ထိရောက်သွားကြတာတွေ အများကြီးပဲ....။ ဘယ်လိုပဲပြောပြော အချုပ်ကတော့ ကံ စိတ် ဉတု အဟာရ ဒီလေးမျိုးကပြေးမလွတ်တာမို့ ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး ချင့်ချင့်ချိန်ချိန် နေထိုင်ပြုမူ စားသောက်နိုင်ကြပါစေ....။ ကိုယ့်ကိုယ်ကို အရင်ချစ်မှ တခြားလူကိုလဲ ချစ်လို့ရမှာမဟုတ်လား....။
မိုးငွေ့
No comments:
Post a Comment